Wednesday, December 9, 2009

မူးယစ်ဆေးဝါးထုတ်လုပ်နေသော '' ဝ '' အဖွဲ့အနေဖြင့် အနာဂါတ်ဘယ်လိုခရီးဆက်ကြမလဲ

Summary
ယိုးဒယားနိုင်ငံသည် ကမ္ဘာပေါ်၌ မူးယစ်ဆေးဝါးအများဆုံးထွက်သော ရွှေတြိဂံနယ်မြေနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အဆိုပါ ဒေသမှနေ၍ ဘိန်းမဲ၊ ဘိန်းဖြူ၊ စိတ်ကြွဆေးအပါအဝင် မူးယစ်ဆေးဝါး အမျိုးပေါင်းများစွာသည် ယိုးဒယားနိုင်ငံအတွင်းသို့ နေ့စဉ်အမျှ ဝင်ရောက်လျက်ရှိပါသည်။ ယိုးဒယားနိုင်ငံ၌ စိတ်ကြွဆေးပြားသုံးစွဲမှု များပြားလာနေသဖြင့် ၄င်းပြဿနာမှာ ယိုးဒယားနိုင်ငံအတွက် ကြီးမားသောပြဿနာဖြစ်ပါသည်။ ယခင်က မူးယစ်ဆေးဝါးကို ထုတ်လုပ်နေသောအဖွဲ့မှာ ''ဝ'' အဖွဲ့ဖြစ်သလို အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် အခြေချထားပြီး ယိုးဒယားနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေပါသည်။ အမေရိကန်အပါအဝင် အနောက်အုပ်စုတို့မှ မူးယစ်ဆေးဝါးထုတ်လုပ်နေသောအဖွဲ့ကို နှိမ်နင်းပေးရန် မြန်မာအစိုးရအပေါ် ဖိအားပေးနေမှုကြောင့် မြန်မာအစိုးရအနေဖြင့် အကြပ်အတည်းနှင့် ကြုံတွေ့နေရပါသည်။

ရှမ်းပြည်နယ်၌ ရှမ်း၊ ''ဝ''၊ ကိုးကန့်ဟူသော အင်အားစုများရှိသည့်အနက် ''ဝ'' အဖွဲ့နှင့်ကိုးကန့် အဖွဲ့တို့သည် မူးယစ်ဆေးဝါးအ မျိုးမျိုးကို ထုတ်လုပ်နေသောအဖွဲ့ဖြစ်ပါသည်။ ''ဝ'' လူမျိုးများသည် ရှမ်းပြည်နယ် မြောက်ပိုင်း တောင်ပေါ်ဒေသများ၌ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက လာရောက်နေထိုင်သော လူမျိုးစု တစ်စုဖြစ်ပါသည်။ ကိုးကန့်လူမျိုးများမှာ တရုတ်မျိုးနွယ်စုတစ်မျိုးဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက တရုတ်-မြန်မာနယ်စပ်ဒေသ၌ အခြေချလာခဲ့သော လူမျိုးစုတစ်ချို့ဖြစ်ပါသည်။ ''ဝ'' အဖွဲ့ကို ပေါက်ယူချမ်းမှ ဦးဆောင်ပြီး ကိုးကန့်အဖွဲ့ကို ဦးဖုံကြာရှင်မှ ဦးဆောင်ကြောင်း သိရှိရပါသည်။ ၄င်းတို့နှစ်ဖွဲ့မှာ လွန်ခဲ့သော ၁၉၈၉ ခုနှစ်ကတည်းက မြန်မာ့တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူ၍ ¤င်းတို့ဒေသတွင် အခြေချနေထိုင်ပြီး လက်နက်ဆက်ကိုင်ခွင့်ပေးထားကာ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ပေးထားခဲ့ပါသည်။ ယခုအခါ အဆိုပါဒေသများကို မြန်မာအစိုးရမှ လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန်ဟု အကြောင်းပြပြီး လက်နက်ကိုင်အဖွဲ့အစည်းအားလုံး အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရန်အတွက် အမိန့်ထုတ်ခဲ့ပါသည်။ အဆိုပါအဖွဲ့နှစ်ဖွဲ့မှာ အစိုးရ၏ နယ်ခြားစောင့်တပ်မူဝါဒကို လုံးဝလက်မခံလိုသော အဖွဲ့အစည်းများ ဖြစ်နေပါသည်။ လွန်ခဲ့သော သြဂုတ်လကုန်ပိုင်းမှစပြီး မြန်မာအစိုးရမှ အင်အား ၃ဝဝဝ ခန့်ရှိသော ကိုးကန့်အဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်စလုံး ထိခိုက်မှုများပြားလှပြီး ပြည်သူတို့၏ အိုးအိမ်ပစ္စည်း အမြောက်အများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။ နောက်ဆုံး၌ မြန်မာ့တပ်မတော်မှ ကိုးကန့်၏ မြို့တော် လောက်ကိုင်မြို့ကို ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့သဖြင့် ဒေသခံအမြောက်အများ တရုတ်နိုင်ငံဘက်သို့ ဒုက္ခသည်များအဖြစ် ထွက်ပြေးသိမ်းရှောင်ခဲ့ကြရာ တရုတ်နိုင်ငံဘက်မှ လူမှုရေးအကူအညီများပေးခဲ့ပြီး အခြေအနေတည်ငြိမ်သည်နှင့် တရုတ်နိုင်ငံမှ ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ပေးကာ တရုတ်အစိုးရမှ ဒုက္ခသည်များ လုံခြုံမှုရှိအောင် လုပ်ပေးရန်အတွက် မြန်မာအစိုးရကို ဖိအားပေးထားကြောင်း သိရှိရပါသည်။ ကိုးကန့်ခေါင်းဆောင် ဖုံကြာရှင်မှာ တရုတ်နိုင်ငံ၌ ခိုလှုံနေသည်ဟူသောသတင်းနှင့် ''ဝ''အဖွဲ့ထံ၌ ဝင်ရောက်ခိုလှုံ နေသည်ဟူသော သတင်းနှစ်မျိုးထွက်နေပါသည်။

မြန်မာတပ်မတော်အစိုးရမှ ကိုးကန့်အဖွဲ့ကို ဝင်ရောက်သိမ်းပိုက်ပြီးနောက် ''ဝ''တပ်ဖွဲ့မှလည်း စက်တင်ဘာလမှစတင်၍ ၄င်းတို့၏နယ်မြေလုံခြုံရေးအတွက် အကာအကွယ်ပေးရန် တပ်အင်အား ပြင်ဆင်ခဲ့ပါသည်။ မြန်မာအစိုးရမှ ''ဝ'' တပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့ပါသည်။ ''ဝ''ခေါင်းဆောင်များအနေဖြင့် မြန်မာခေါင်းဆောင်များ၏ ကြေငြာချက်ကို မယုံကြည်ကြပါ။ မြန်မာတပ်မတော်မှ ''ဝ''အဖွဲ့၏ အင်အား ၂၀၀၀၀ သည်နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်အတွက် အဆက်မပြတ် တောင်းဆိုမှုများ ပြုလုပ်နေပါသည်။ လက်နက်အင်အားအပြည့်အဝရှိသော ''ဝ'' တပ်အင်အား ၂၀၀၀၀ အနေဖြင့် မြန်မာအစိုးရ၏တောင်းဆိုမှုအပေါ် လက်ခံသောအုပ်စုလက်မခံသောအုပ်စုဟူ၍ နှစ်ဖွဲ့ ကွဲနေပါသည်။

ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်၌ နေလာခဲ့သော ''ဝ''ခေါင်းဆောင်များအနေဖြင့် မြန်မာ့ တပ်မတော်၏ တောင်းဆိုမှုကို လက်မခံလိုကြပါ။ နောက်ထပ်အုပ်စုတစ်စုအနေဖြင့် ဒေသအတွင်း စစ်ပွဲမဖြစ်လိုသော အုပ်စုတစ်စုရှိပြီး မြန်မာအစိုးရမှ ကိုးကန့်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်သော်လည်း တရုတ်အစိုးရသည် မြန်မာအစိုးရဘက်မှ ရပ်တည်ပေးခဲ့မှုကိုကြည့်ပြီး အကယ်၍''ဝ''နှင့်ဖြစ် လျင် ထိုကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေသော အုပ်စုလဲရှိပါသည်။ မြန်မာအစိုးရကို လက်မခံလိုသောအုပ်စုမှာ ငွေကြေးချမ်းသာသော ခေါင်းဆောင်ပိုင်းအုပ်စုဖြစ်ပြီး ''ဝ''အောက်ခြေအဖွဲ့အတွင်း အမြင်ကွဲပြားမှု ရှိနေကြသော်လည်း ''ဝ'' တပ်ဖွဲ့မှာ အထက်ခေါင်းဆောင်များ ၏ ပေးသောအမိန့်ကိုသာ နားထောင်ကြမည် ဖြစ်ပါသည်။ ''ဝ''ခေါင်းဆောင်များမှာ တရုတ်လူမျိုးများဖြစ်ကြပြီး အတွေးအခေါ်မှာလည်း တရုတ် အတွေးအခေါ်များ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ပြဿနာအစစ်အမှန်ကို ၄င်းတို့ နားမလည်နိုင်ကြ ပါ။ ''ဝ''ခေါင်းဆောင်များအနေဖြင့် မြန်မာတပ်မတော်အစိုးရကို မယုံကြည်ခြင်းမှာ မြန်မာအစိုးရမှ ''ဝ''ခေါင်းဆောင်တွေဟာ မူးယစ်ဆေးဝါးကုန်သည်များဖြစ်ကြသည်ဟု ခံယူထားသောအချက်ပင် ဖြစ်ပါသည်။ ၄င်းတို့အနေဖြင့် မြန်မာတပ်မတော်အစိုးရလက်အောက် ရောက်သွားပါက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီး အရေးယူခြင်း ခံရမည့်အရေးကို ကြိုတွေးပြီး စိုးရိမ်နေကြသူများလည်းရှိနေကြပါသည်။ ယခုအခါ ''ဝ'' အဖွဲ့မှာ မြန်မာအစိုးရမှ မလုပ်ရန်တားဆီးနေသည့်ကြားမှ မူးယစ်ဆေးဝါးမှောင်ခိုနှင့် လက်နက်မှောင်ခို လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။

''ဝ''တပ်ဖွဲ့အတွင်း၌ ကိုးကန့်မြို့တော်ကို ဝင်ရောက်သိမ်းပိုက်မှုမလုပ်ခင်ကတည်းက တစ်ဖက်နှင့် တစ်ဖက်အဖွဲ့အတွင်း အားပြိုင်မှုများရှိနေပါသည်။ ယခုအခါ ''ဝ''တပ်ဖွဲ့၌ အင်အား၂၀၀၀၀ ကျော်ရှိနေပြီး လက်နက်ကောင်းများ ကိုင်ဆောင်ထားကြသော် လည်း ''ဝ'' တပ်ဖွဲ့အတွင်း ရေရှည်တိုက်ပွဲဝင်ရန်အတွက် မဖြစ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အင်အားရှိသော်လည်း အသေအချာ လေ့ကျင့်ထားခြင်းမရှိပါ။ စည်းစနစ်ကျမှု၊ အမိန့်နာခံတတ်မှု မရှိလှပါ။ စစ်ပွဲဖြစ်လျင်လည်း ရေရှည်မှာ အရှုံးနှင့်ရင်ဆိုင်ရမည်သာ ဖြစ်ပါသည်။ ''ဝ'' ခေါင်းဆောင် ဦးပေါက်ယူချမ်းသည် စစ်ပွဲကို မလိုလားဘဲ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုသော ခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်လာခဲ့ရာမှ ယခုအခါ စိတ်ပြောင်းသွားပြီး မြန်မာ့ တပ်မတော်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် လက်မခံနိုင်သူ အဖြစ် သို့ ပြောင်းလဲသွားခဲ့ပါသည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်မှုမဖြစ်အောင် အချိန်ဆွဲပြီး ကစားနေပုံရပြီး မည်သို့ပင်ဖြစ်စေ မြန်မာ့တပ်မတော်မှ ''ဝ'' အဖွဲ့ကို အစစအရာရာ အကာအကွယ်ပေးခဲ့သော ကျေးဇူးအမြောက်အများ ရှိခဲ့ပါသည်။ မြန်မာအစိုးရ၏ တောင်းဆိုမှုအတိုင်း အလျော့ပေးလိုသော အုပ်စုများလည်း ရှိနေပါသည်။

ယိုးဒယားစစ်ထောက်လှမ်းရေးမှရရှိသောသတင်းအရ ''ဝ''အဖွဲ့အတွင်း၌ ဝေရှောက်ကန်းသည် ယိုးဒယား-မြန်မာနယ်စပ်တွင် အခြေချထားပြီး ၄င်းအနေဖြင့် အဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်း၏အမိန့်ကို နာခံမှုမရှိတော့ပါဟု ပြောဆိုထားပါသည်။ ဝေရှောက်ကန်းသည် မူးယစ်ဆေးဝါးဘုရင်တစ်ပါးဖြစ်ပြီး အမေရိကန်နိုင်ငံမှ အထူးလိုချင်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါသည်။ မြန်မာ့တပ်မတော်နှင့် ''ဝ'' အကြား စစ်ပွဲဖြစ်ပွားသောအခါ အဆိုပါအထူးမူးယစ်ဆေးဝါးဘုရင်များ အဖမ်းခံကြရတော့မည် ဖြစ်ပါသည်။ ၄င်းနောက် အမေရိကန်နိုင်ငံကို ပို့ကြတော့မည်ဖြစ်၍ ထိုအဖြစ်မျိုးအား တရုတ်နိုင်ငံမှ လိုလားပုံမရပါ။ တရုတ်မှ တစ်ဖက်နှင့် တစ်ဖက်ကောင်းသည့် အနေအထားတစ်ခု၌ သဘောတူချက်တစ်ခုရရန်အတွက် ညှိနှိုင်းပေးနေကြောင်း တွေ့ရှိရပါသည်။ အကယ်၍''ဝ'' နှင့် မြန်မာ့တပ်မတော်တိုက်ပွဲဖြစ်ခဲ့မည်ဆိုပါက အကျိုးအမြတ်အများဆုံး ရရှိမည့်နိုင်ငံမှာ ယိုးဒယားနိုင်ငံပင် ဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ်မှသာလျင် ယိုးဒယားနိုင်ငံ၌ မူးယစ်ဆေးဝါး ပြဿနာ ကုန်ခမ်းသွားတော့မည် ဖြစ်ပါသည်။ ''ဝ'' နှင့် မြန်မာ့တပ်မတော် စစ်ပွဲဖြစ်လျင် မူးယစ်ဆေးဝါး ထုတ်လုပ်နေမှု ရပ်တန့်သွားပြီး နိုင်ငံတကာတပ်ဖွဲ့ဝင်များ ဝင်လာနိုင်သလို ၄င်းတပ်ဖွဲ့ဝင်များမှလည်း မြန်မာအစိုးရဘက်မှ ရပ်တည်ပေးမည်မှာ အသေအချာဖြစ်ပါသည်။ မြန်မာအစိုးရကို အကူအညီပေးမှာသာ နိုင်ငံတကာမှ လိုလားသော မူးယစ်ဆေးဝါးမှောင်ခိုမှုများ ဖမ်းဆီးနိုင်လိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ''ဝ'' ခေါင်းဆောင် ပေါက်ယူချမ်းအနေဖြင့် စဉ်းစားရန် နှစ်မျိုးမှာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲဖြစ်လျင်တစ်ဖွဲ့သည် တရုတ်နိုင်ငံ ထဲသို့ တိမ်းရှောင်ရန်နှင့် ကျန်သောတစ်ဖွဲ့သည် ယိုးဒယားနိုင်ငံအတွင်းသို့ တိမ်းရှောင်ရန်တို့ ဖြစ်ပါသည်။ မိမိတို့ ယိုးဒယားနိုင်ငံအနေဖြင့် ''ဝ''အဖွဲ့ကို လုံးဝလက်မခံနိုင်ပါ။ ယိုးဒယားတပ်မတော်မှ နယ်စပ်မဖြတ်ကျော် နိုင်အောင် ကြိုကာထားမည်ဖြစ်ပါသည်။ ဘယ်လိုပင်ဖြစ်စေ ယိုးဒယားနိုင်ငံအနေဖြင့် ''ဝ'' အဖွဲ့ကို ရန်သူလို သဘောထားရမည်ဖြစ်ပါသည်။ ပေါက်ယူချမ်းအနေဖြင့် ခေါင်းကိုက်စရာတွေနှင့်ကြုံတွေ့နေရပြီ ဖြစ်ပါသည်။ မြန်မာအစိုးရနှင့်တိုက်လျင် သူတို့အနေဖြင့် ဘယ်လိုပဲတွက်တွက် အကြပ်အတည်းနှင့် ရင်ဆိုင်နေရသော အခြေအနေ၌ ရှိနေပါသည်။ အဆိုပါအခြေအနေများကြောင့် ''ဝ''၏ အိမ်နီးချင်းအပါအဝင် အောက်လက် ငယ်သားများမှလည်း မြန်မာ့တပ်မတော်နှင့် စစ်ဖြစ်ပွားမှုကို မလိုလားကြသောကြောင့် ယခုလို အချိန်ဆွဲနေရခြင်း ဖြစ်နိုင်ပါသည်။ ပေါက်ယူချမ်းသည် ခေါင်းမာသည့်ပုဂ္ဂိုလ်ဖြစ်ပြီး မြန်မာအစိုးရမှ ဖိအားပေးတာများလာပါက ၄င်းအနေဖြင့် လုပ်နိုင်သည့်အချက်မှာ တရုတ်အစိုးရထံသွားပြီး တပည့်ခံမလား၊ သို့သော် အဖွဲ့ဝင်အများစုမှာ တရုတ်နိုင်ငံသို့ မပြန်ချင်ကြတော့ပါ။ အဖွဲ့ဝင်များက ငြိမ်းချမ်းစွာနေထိုင်လိုသည်ဟု ပေါက်ယူချမ်းကို တောင်းဆိုထားကြောင်း သိရှိရပါသည်။ အဖွဲ့ဝင်အများစုက မြန်မာအစိုးရ၏ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံရန် တိုက်တွန်းနေကြပြီး မြန်မာအစိုးရ၏ ပေးသောအချိန်ကာလမှာလည်း သိပ်မကျန်တော့ဘူးဟု သိရှိရပါသည်။

''ဝ'' ခေါင်းဆောင် ပေါက်ယူချမ်းအနေဖြင့် ရွေးချယ်ရန်နည်းလမ်း လေးခုရှိပါသည်-

(က) မြန်မာအစိုးရ၏ တောင်းဆိုမှုကို လိုက်လျောပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းဖို့ လက်ခံမှာလား။

(ခ) တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အင်အားစုများနှင့် ပူးပေါင်းပြီး မြန်မာအစိုးရကို ဆက်လက်တိုက်ပွဲဝင်သွားမှာလား။

(ဂ) ဘိန်းဘုရင် ခွန်ဆာလိုပဲ လက်နက်ချပြီး ရန်ကုန်မြို့မှာ အေးအေးဆေးဆေး တစ်သက်လုံး နေတော့မှာလား။

(ဃ) ကိုးကန့်ခေါင်းဆောင်လိုပဲ မြန်မာနိုင်ငံကို စွန့်ခွာပြီး တရုတ်နိုင်ငံထဲ ခိုလှုံမှုရရှိမည်လား ဆိုတာ မေးစရာရှိပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် ''ဝ'' ပြည်သူတစ်ရပ်လုံးနှင့် ''ဝ''တပ်ဖွဲ့၏ အနာဂတ်ကံကြမ္မာဟာ ''ဝ'' ခေါင်းဆောင် ပေါက်ယူချမ်း၏ ဆုံးဖြတ်မှုအပေါ်၌ လုံးဝထောက်မှီနေကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ထုတ် “အမိမြေ” သတင်းစာပါ ဆောင်းပါးအား ဘာသာပြန်ဆိုပါသည်။

ဝေရှောက်ရီ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်