Tuesday, December 15, 2009

အာဇာနည် သူရဲကောင်း ကိုတင်မောင်ဦး


http://arakanreview.22web.net/?p=2173 ကပါ
Ko Tin Maung Oo

စစ်အာဏာရှင် ထိပ်သီး ဗိုလ်နေ၀င်း၏ တိုက်ရိုက်အမိန့်ဖြင့် ကြိုးပေး အသတ်ခံခဲ့ရသည့် သူရဲကောင်း တဦးကိုပြပါဆိုလျှင် ကိုတင်မောင်ဦး ကိုလက်ညိုးထိုးပြရပါမည်။

မဆလခေတ် နိုင်ငံတော်ကောင်စီ အစည်းအဝေးတွင် ရခိုင်ပြည်နယ်မှ နိုင်ငံတော် ကောင်စီဝင် ဦးလှထွန်းဖြူမှ - သမိုင်းတွင်ကြိုးပေး ခံရသည့် ကျောင်းသားမရှိသေး၍ တင်မောင်ဦးအား မသတ်ရန် ထပြောသောအခါ၊ ဗိုလ်နေ၀င်းက ထိုင်ရာမှဝုန်းဒိုင်းထကာ “အဖိုးကြီး ပါးစပ် ပိတ်ထားစမ်း၊ အဲဒီအကောင်ကျနော့်ကို သတ်ဖို့လာတာ” ဟု လက်ညိုးငေါက်ငေါက်ထိုးကာ ရန်တွေ့ခဲ့ကြောင်းကိုသိရပါသည်။ ဦးလှထွန်းဖြူမှာလည်း ထိုနေ့မှစ၍ နိုင်ငံတော်ကောင်စီသို့ မသွားတော့ကြောင်းသိရပါသည်။ ဗိုလ်နေ၀င်း သေဖို့ ဒီလောက်တောင် ကြောက်ခဲ့ရသည့် သူကိုမှ ကျနော်တို့လူငယ်များက သူရဲကောင်းအဖြစ် အသိအမှတ်မပြုလျှင် ဘယ်သူ့ကို ပြုရပါ မည်နည်း။ အာဇာနည်မျိုး သေရိုးမရှိပါ။

ထောင်ထဲနေစဉ် ကျနော့်အသဲနှလုံးကို မျှားသုံးစင်းအပစ်ခံရ၏။ ကိုတင်မောင်ဦးကို ကြိုး ပေးသတ်လိုက်သည့်နေ့။ ဘ၀မှတ်တမ်း ဖြစ်သည်။ နောက်တစင်း မိဘထက်ပင်ချစ်သည့် အဖွား ဒေါ်မစော ဆုံးသည့်နေ့။ နောက်ဆုံးတစင်း အစ်ကိုကြီး ကိုသန်းရွှေ (သြဂုတ်သွေး) အင်းစိန်ထောင်တွင်းမှာပင် ရန်သူသတ်လို့သေသွားကြောင်း သိလိုက်ရသည့်နံနက်ခင်း။ ဆောင်းတွင်း။ မျက်ရည်ပူတွေ စီးဆင်းနေ၏။ အပြင်ကမျက်ရည်နှင့် ထောင်ထဲကမျက်ရည် သိပ်သည်းဆခြင်း ဘယ်တူပါ့မလဲ ဟု ကိုတင်မောင်ဦးနှင့်ပတ်သက်၍ ကျနော့်ခံစားချက်ကို အရေးတော်ပုံ (၄) စောင်တွဲတွင် မှတ်တမ်းပြုခဲ့ပါသည်။ ထို့အတူ ကောင်းညို၏ ရဲရင့်ကြယ် တင်မောင်ဦး ဟု မှတ်တမ်းပြုခဲ့သည်ကိုတွေ့ရပါသည်။ အုန်းဖြန်ဒုက္ခသည် စခန်း တွင်လည်း ဆလိုင်းတင်မောင်ဦး အတွက် (၃၂) နှစ်မြောက် အောက်မေ့ဖွယ် အခန်းအနားကို မနှစ်က ကျင်းပသွားခဲ့ကြောင်းသိရပါသည်။ အမြင့်ပျံ ခွပ်ဒေါင်း (သို့မဟုတ်) ဆလိုင်းတင်မောင်ဦး ခေါင်းစဉ်ဖြင့် ဆလိုင်းကစ်ပ် (ချင်းပြည်) က (၁၉၈၂-၈၃) ခုနှစ်ထုတ် တက္ကသိုလ်များ ရန်ကုန် (ချင်းမဂ္ဂဇင်း) တွင်ဖော်ပြထားသည်ကို ဖတ်ရပါသည်။ သူရဲကောင်းစိတ်ဓါတ်တွင် အရောင် မပါပါ။ ရန်သူကို အနိုင်တိုက်ပြီး ပြည်သူကို အလုပ်အကျွေးပြုလိုသည့် သံဓိဌာန်ဖြင့် အသက်စွန့်လွတ်သွားသူများသာ ဖြစ်ကြပါသည်။

“ရဲဘော်တို့ လူသူမသိအောင် ငါ့ကို သတ်ဖို့ သူတို့လုပ်နေကြတယ်။ မင်းတို့ရဲ့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်သောအခါမှ ဒူးမထောက်ဘူး”
လို့ပြောကြား သွားသည့် သူရဲကောင်း၏ အနိုင်ယူသွားသည့် သံဓိဌာန်ကို နားထဲစွဲနေမိသည်။ အချိန်ကား (၁၉၇၆) ခုနှစ်။ ဂျွန်လ (၂၆) ရက်နေ့ နံနက် (၄)နာရီ။ ကြိုးတိုက်ထဲက အထွက် ကြိုးစင်ကိုအသွား သူနေခဲ့ သည့် ကြိုးတိုက် အတွင်းနံရံပေါ်မှာက “ညီမလေး မိုင်ပိုပို အတွက် အစ်ကိုကြီး ဂုဏ်ယူပါတယ်” လို့ရေးသွားခဲ့သေးသည်။

ကြိုးတိုက်အတွင်း ကျန်ရစ်နေခဲ့သည့် ကြိုးသမားများထဲမှ ရခိုင်အစ်ကိုကြီး ကိုတင်အောင်က ကျနော်တို့ကိုပြောပြပါသည်။ ထိုစဉ်က ကျနော်တို့ရဲဘော်တွေမှာ တတိုက် တတန်းလျားထဲနေခဲ့ကြဖူးပါသည်။ အာဇာနည်၏ နံနက်ခင်းရှုခင်း၊ ရှုကွက်ကို ကျန်ရစ်သူ ရဲဘော်များ အဆောင်တွေထက်မှလည်း မြင်သိခဲ့ကြပါသည်။ ဘယ်သောအခါမှ မေ့ပျောက်နိုင်ပါအံ့နည်း။ အာဇာနည်မျိုး သေရိုးမရှိ။

မောင်လူပျို (မိသားစုဝိုင်း)
၁၅ - ၁၂ - ၂၀၀၉

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်