Friday, December 25, 2009

ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း

ဘွဲ့ဖြူ
၂၅ ဒီဇင်ဘာ ၂၀၀၉

ဗိုလ်နေ၀င်း ဦးဆောင်တဲ့ မဆလ အမည်ခံ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ လုံးဝဆိတ်သုဉ်းပျောက်ကွယ်သွားခဲ့တယ်။ လက်နက်ကိုင်သူပုန်အဖွဲ့တွေ ထပ်တိုးလာခဲ့တယ်။ နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားခဲ့တယ်။

ဗိုလ်စောမောင်နဲ့ ဗိုလ်သန်းရွှေတို့ ဦးဆောင်တဲ့ န၀တ၊ နအဖ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေ ရစရာမရှိအောင် ချိုးဖောက်ခံရတယ်။ ဒီမိုကရေစီတောင်းဆိုတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ လမ်းမပေါ်တွေမှာ၊ အကျဉ်းထောင်တွေထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံကြရတယ်။ သမိုင်းမှာ မကြုံဖူး မကြားဖူးတဲ့ နှစ်ရှည်ထောင်ဒဏ်ကြီးတွေ ချမှတ်ခံကြရပြီး အများစုဟာ အဲဒီပြစ်ဒဏ်တွေအတိုင်း အတိအကျ ကျခံကြရတယ်။ တချို့ဆိုရင် ပြစ်ဒဏ်ထက်တောင် ကျော်လွန်ပြီး ထောင်ထဲမှာ နေခဲ့ကြရတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေဟာလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် နည်းပေါင်းစုံသုံးပြီး ဒုက္ခပေးတာ ခံခဲ့ကြရတယ်။ အရွယ်ကောင်း မြန်မာပြည်သူအများအပြား ကမ္ဘာလှည့်ပြီး ကျွန်ခံခဲ့ကြရတယ်။ နိုင်ငံဟာလည်း အလုံးစုံပြိုကွဲပျက်သုဉ်းရှုံးနိမ့်တဲ့နိုင်ငံ (Failed State) တခု ဖြစ်သွားခဲ့တယ်။

မြန်မာပြည်လွတ်လပ်ရေးရပြီးနောက် နှစ် (၆၀) ခရီးကို ပြန်ပြောင်းသုံးသပ်ကြည့်မယ်ဆိုရင် အဲဒီအတိုင်း တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် တချိန်က အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံး၊ နေချင့်စဖွယ်အကောင်းဆုံး နိုင်ငံတခု အခုလိုဖြစ်သွားခဲ့ရ တဲ့ ကိစ္စမှာ အဓိကတရားခံဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မထောက်မညှာတမ်း မြင်ကြရ ပြောကြရမှာပဲ ဖြစ်တယ်။

မြန်မာစစ်အာဏာရှင်စနစ်ဟာ အလားအလာအကောင်းဆုံးနိုင်ငံ (the most promising state) ကို ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံ (LDC) ဖြစ်သွားအောင် လုပ်ပစ်ခဲ့တယ်။ အဲဒီကမှတခါ ပြိုကွဲပျက်သုဉ်းနေတဲ့ နိုင်ငံ (Failed State) ဖြစ်သွားအောင် ထပ်လုပ် နေတယ်။ ဒါနဲ့တောင် အားမရသေးဘူး။ နိုင်ငံကို ‘အသူရာချောက်’ (Black Hole) ထဲရောက်သွားအောင် ဉာဏ်ပညာ အမြော်အမြင်နည်းပါးစွာ ကြိုးပမ်းနေတယ်။

ဒါကြောင့် တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ဒီကနေ့ ထမ်းဆောင်ကြရမယ့် တာဝန်က အဲဒီစစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုဖျက်ရှင်း လင်းပစ်ရေးပဲဖြစ်တယ်။ အဲဒါကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ အဲဒီတာဝန်အစား အခြားတာဝန်တခုခုကို ပိုပြီးအရေးကြီးသယောင် မီးမောင်းထိုးပြနေမယ်ဆိုရင် ဒါဟာ ပြည်သူတွေ ပစ်မှတ်ပျောက်သွားအောင် တွေဝေယိမ်းယိုင်ပြီး ဆုံးဖြတ်ချက် မခိုင်မာမပြတ်သား ဖြစ်သွားအောင် ကြိုးပမ်းတာပဲ ဖြစ်တယ်။

သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း မမှိတ်မသုန် ဆက်လက်ချီတက်သွားမယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ‘ပြည်သူတွေ တခဲနက် အတည်ပြုထား’ တဲ့ ၂၀၀၈ အခြေခံဥပဒေအတိုင်း မဖြစ်မနေကျင်းပသွားမယ်လို့ နအဖ က တနေ့တခြား ပိုပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်ပြောဆို လာနေစဉ်မှာ နိုင်ငံရဲ့ ပုဂ္ဂလိကစာနယ်ဇင်း စာမျက်နှာတချို့ပေါ်မှာ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတွေရဲ့ မြန်မာလူထုနဲ့ လူထု ခေါင်းဆောင် တွေကို ‘အော်ငေါက်တဲ့’ ‘ချော့မြှူတဲ့’ အရေးအသားတွေကလည်း တနေ့တခြား ပိုပိုပြီး များလာနေတယ်။

သူတို့က မြန်မာစစ်တပ် နိုင်ငံရေးထဲ ၀င်လာတာ၊ ဒီကနေ့အထိ ဆက်ရှိနေတာ၊ နောင်ကိုလည်း ဆက်ရှိနေမှာကို သမိုင်းပေး လိုအပ်ချက် (Historical Necessity) တခုအဖြစ် ပုံဖော်ပြီး အဲဒီအနေအထားဟာ မှန်ကန်တရားမျှတမှု (justifiable) ရှိကြောင်း ရှေ့နေလိုက်ခြင်းဖြင့် မြန်မာပြည် အခုလိုဖြစ်သွားရခြင်းရဲ့ တရားခံအစစ်ကို ဖျောက်ဖျက်ဖုံးကွယ်ဖို့ ကြိုးပမ်းနေကြတယ်။ အနည်းဆုံး တရားခံတွေရဲ့ ပြစ်ဒဏ်လျော့ပါးသွားအောင် ကြိုးပမ်းနေကြတယ်။

အိုးဝေဦးညိုမြရဲ့ ကမ္ဘာကျော်သွားခဲ့တဲ့ အသုံးအနှုန်းကို ခဏငှားပြီး “ငရဲခွေးကြီးလွတ်နေပြီ” (Hell Hound At Large) လို့ပဲ အခုအချိန်မှာ ပြောရတော့မယ်။ အဲဒီ ‘လိုင်စင်ရ’ နိုင်ငံရေးစာရေးဆရာတို့ရဲ့ အကြီးအမှူး ကွန်မြူနစ်လူထွက်ကြီးဟာ ၉၀ ရွေးကောက်ပွဲပြီးစမှာ တပ်မ တော် နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာဖို့ကို လက်မခံခဲ့သူဖြစ်ပေမယ့် ၁/၉၀ ကို ကျနော်တို့ လက်မခံဘူးလို့ ရှင်းရှင်း လင်းလင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သူဖြစ်ပေမယ့်၊ “တပ်မတော်ဟာ အမျိုးသားရေး အင်အားစုတခုဖြစ်တယ်” ဆိုတဲ့ စကားနဲ့ လွန်ခဲ့တဲ့ အနှစ်ငါးဆယ်လောက်က စစ်တပ်ကို ပထမဆုံး ‘စန်းတင်’ ပေးခဲ့သူဖြစ်ခဲ့တာ ကတော့ ကံကြမ္မာရဲ့ သရော် လှောင်ပြောင်ချက် (Irony) တခုဖြစ်ဟန်ရှိတယ်။

‘လက်နက်နဲ့ ဒီမိုကရေစီလဲရေး’ ဆိုတဲ့ လှပဆန်းသစ်တဲ့ စကားလုံးတခုကို တီထွင်ဖန်တီးပြီး နိုင်ငံရေးအခြေခံ သဘောတရား တခုကို ပုံပျက်သွားအောင်လုပ်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အဲဒီပုဂ္ဂိုလ်ကြီးဟာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီပြန်လည် ထူထောင်ရေး အလံကိုခြုံပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက် ဖြစ်လာခဲ့ပြီးတဲ့နောက် အနှစ် (၂၀) နီးပါးအကြာမှာ အဲဒီအလံတော်ကိုပဲ ညစ်ညမ်းနံစော်နေသယောင် ပြောဆိုပြုမူနေပုံတွေကို တွေ့ရကြားရပြန်တာကတော့ ကံကြမ္မာရဲ့ နှစ်ထပ်ကွမ်း သရော်လှောင်ပြောင်မှုလို့ပဲ ဆိုရတော့မယ်ထင်တယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာ တပ်မတော်အများစုကြီးဟာ သူတို့သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ အမျိုးသားနိုင်ငံရေး အင်အားစုတွေချည်း ဖြစ်ကြ တယ်။ ဒါဟာ ဘာမှထူးထူးခြားခြား စန်းတင်ပြီး ပြောနေစရာ ကိစ္စတခုမဟုတ်ဘူး။ အမေရိကန်တပ်မတော်ဟာ လွတ်လပ်ရေးတိုက်ပွဲ၊ နိုင်ငံမပြိုကွဲရေးတိုက်ပွဲ၊ ဖက်ဆစ်နာဇီဝါဒ ဆန့်ကျင်ရေးတိုက်ပွဲတွေထဲမှာ မွေးဖွားလာတဲ့ တပ်မတော် ဖြစ်တယ်။ ဗြိတိသျှတပ်မတော်၊ ဆိုဗီယက်တပ်မတော်တို့ဟာလည်း ဖက်ဆစ်နာဇီတွေကို အသေအကျေ ဆန့်ကျင်တိုက်ခိုက် လာတဲ့ တပ်မတော်တွေဖြစ်ကြတယ်။ အလားတူ အခြား အခြားသော တပ်မတော်တွေဟာလည်း မိမိတို့ရဲ့ အမျိုးသားရေး အကျပ်အတည်းများအတွင်း မွေးဖွားပေါ်ပေါက် လာတဲ့ တပ်မတော်တွေချည်း ဖြစ်ကြတယ်။ ဒါပေမယ့် မြန်မာပြည်က စစ်ခေါင်းဆောင်တွေမှအပ အခြားဘယ်တပ်မတော် ခေါင်း ဆောင်တွေ ကမှ “ကမ္ဘာကြီးကို ကျုပ်တို့ကယ်တင်ခဲ့တယ်” “တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ကျုပ်ကယ်တင်ခဲ့တယ်” “ဒီတိုင်းပြည်ကို ကျုပ်ကယ်တင်ခဲ့တယ်” လို့ မပြောခဲ့ကြဖူးဘူး။

အဲဒီလို ပြောပုံဆိုပုံတွေကို မြန်မာပြည်သူလူထုကြီးတရပ်လုံး ပါဝင်ဆင်နွှဲခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးကို တဖွဲ့တည်း မောင်ပိုင်စီး ပြီး ‘တပ်မတော်နေ့’ လုပ်ထားတဲ့လုပ်ရပ်။ ‘တပ်မတော်သာအမိ၊ တပ်မတော်သာအဖ’ ဆိုတဲ့ ကြွေးကြော်သံ၊ တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်စသဖြင့် အရေးပါတဲ့ ပညာရေးအဆောက်အုံတွေကို အရပ်ဘက်ကနေ သီးခြားခွဲပြီးထူထောင်ထားတဲ့ လုပ်ရပ်တွေနဲ့ ပေါင်းစပ်ကြည့်လိုက်တဲ့အခါ ထွက်လာတဲ့ အဖြေက တခုတည်းပဲရှိတယ်။ အဲဒါကတော့ မြန်မာပြည်မှာ စစ်တပ်ဟာ အခြားသော အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးရဲ့ အပေါ်မှာရှိတဲ့ (တနည်း) ဥပဒေအထက်မှာရှိတဲ့ တခုတည်းသော အဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အယူအဆကို ပြောင်ပြောင်တင်းတင်း ထူထောင်နေတာပဲဖြစ်တယ်။ အဲသလောက်ရှင်းနေတာကိုတောင် ဝေ့လည်ကြောင်ပတ် တွေးလေ့ပြောလေ့ရှိသူတွေက ရှင်းနေတာကို ရှုပ်အောင် တွေးနေပြောနေကြတဲ့အတွက် စစ်အာဏာရှင်တွေက အဲဒီအယူအဆကို အခြေခံဥပဒေထဲထည့်ဆွဲပြီး အထွတ်တင်ထားတာ ဖြစ်တယ်။

အဲဒီအယူအဆဟာ ဗမာ့ရေမြေသဘာဝနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာ့ရှေးထုံးအစဉ်အလာတွေနဲ့လည်း ကိုက်ညီမှုမရှိ၊ ဗမာပြည်သူတွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်၊ အလေ့အထတွေနဲ့လည်း ကိုက်ညီမှုမရှိတဲ့အပြင် သတင်းဆက်သွယ်ရေး နည်းပညာတွေ အံ့မခန်းတိုးတက်နေတဲ့ နှစ်ဆယ့်တစ်ရာစုခေတ် ဒီကနေ့ နိုင်ငံတကာဆက်ဆံရေးသဘောတရားတွေ၊ အခင်းအကျင်းတွေနဲ့လည်း ဘယ်လိုမှ ကိုက်ညီမှုမရှိတဲ့ အဆုံးစွန်ခေတ်ကုန်နေပြီဖြစ်တဲ့ (Extremely Obsolete) အယူအဆ တရပ်ဖြစ်တယ်ဆို ဦးနှောက်ပုံမှန်ရှိသူတိုင်း သိကြတယ်။

ဒါကြောင့် ဒီကနေ့ ဗမာပြည်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ဦးနှောက်ပုံမှန်ရှိသူတိုင်း လုပ်ဆောင်ကြရမယ့် တခုတည်းသော အလုပ်က ဒီကနေ့ စစ်ခေါင်းဆောင်တွေကို “ခင်ဗျားတို့ရဲ့ အဲဒီအယူအဆဟာ လုံးလုံးလျားလျား မှားယွင်းနေတယ်။ ဒီအယူအဆကို ထူထောင်ခဲ့တဲ့ ခင်ဗျားတို့ရဲ့ ရှေ့မျိုးဆက်စစ်ခေါင်းဆောင်တွေဟာလည်း အမှားကြီးမှားခဲ့ကြတာဖြစ်တယ်။ ဒါကြောင့် အဲဒီအယူအဆကို စွန့်လွှတ်ပြီး ပြည်သူတွေဘက်ကို ပြောင်းလာပါ” လို့ ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ပြောကြရမှာဖြစ်တယ်။ ထပ်ကာထပ်ကာ ထပ်တလဲလဲ ပြောကြရမှာဖြစ်တယ်။ “လက်နက်နဲ့ ဒီမိုကရေစီလဲပါ” ဆိုတဲ့ စကားကို အခုမှပြောကြရမှာဖြစ်တယ်။ စစ်ခေါင်းဆောင်တွေ ဒီကနေ့ဆုပ်ကိုင်ထားတဲ့ အယူအဆဟာ တိုင်းပြည်အတွက်လည်း အကျိုးမရှိ၊ စစ်တပ်အတွက်လည်း အကျိုးမရှိတဲ့အပြင် ရှေ့အနာဂတ် ခပ်လှမ်းလှမ်းကို မျှော်ကြည့်ရင် အဲဒီအယူအဆကို ဆုပ်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက်လည်း အကျိုးမရှိဘူးဆိုတဲ့ စကားကို တိတိကျကျ ရှင်းရှင်းလင်းလင်း ပြောကြရမှာဖြစ်တယ်။ လိုအပ်ရင် အဖမ်းဆီးခံ၊ အညှဉ်းဆဲခံ၊ အသတ်ဖြတ်ခံပြီး ပြောကြရမှာပဲဖြစ်တယ်။

ဂျာမဏီနာဇီထိပ်တန်းခေါင်းဆောင်တွေ၊ ဂျပန်ဖက်ဆစ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်တို့ရဲ့ ဘ၀များဟာ ကြိုးစင်ပေါ်မှာ အဆုံးသတ်သွားခဲ့ကြရတယ်။ အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၊ ရိုးမေးနီးယား ကွန်မြူနစ် ခေါင်းဆောင် ချောင်ဆက်စကူးတို့ရဲ့ ဘ၀များဟာ လမ်းပေါ်မှာ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်သွားခဲ့ကြရတယ်။ စလိုဘိုဒန် မီလိုစီဗစ် (ယူဂိုဆလားဗီးယား)၊ ရာဒိုဗန်ကရာဇစ် (ဘော့စနီးယား)၊ ချားစ်တေလာ (လိုက်ဘေးရီးယား)၊ ဒုခ်ျ (ကမ္ဘောဒီးယား) စတဲ့ အာဏာရှင်တွေဟာလည်း နိုင်ငံတကာစစ်ရာဇ၀တ်ခုံရုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရ၊ ရင်ဆိုင်နေကြရဆဲဖြစ်တယ်။ ချီလီမှာ၊ အာဂျင်တီးနားမှာ၊ ရ၀မ်ဒါမှာ၊ ကွန်ဂိုမှာ မိမိတို့ အာဏာရနေခိုက် လူမဆန်တဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြတဲ့ အာဏာရှင်နဲ့ မင်းမဲ့ဝါဒီတွေဟာလည်း သူတို့ အဲဒီရာဇ၀တ်မှုကြီးတွေကို ကျူးလွန်ခဲ့ကြပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာလာခဲ့ပေမယ့် တရားဥပဒေရဲ့ တကောက်ကောက် နောက်ကလိုက်ခြင်းကို ခံနေကြရဆဲဖြစ်တယ်။ နာဇီအကျဉ်းစခန်းစောင့်တဦးဆိုရင် အသက် (၈၈) နှစ်ရှိနေပြီး ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေရတဲ့ ဘ၀ကို ရောက်နေတာတောင်မှ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကြောင့် ရုံးတင်တရားစွဲဆို စစ်ဆေးတာကို ခံနေရတယ်။

အဲသလိုပဲ တချိန်က မြန်မာပြည်မှာ အင်မတန်ကို ဘုန်းမီးနေလတောက်ပခဲ့ဖူးတဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းဟာလည်း သူ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို စိတ်မချမ်းမြေ့စွာ ကုန်လွန်ခဲ့ရပြီး သေတော့လည်း လိုက်ပါပို့ဆောင်သူတယောက်မှမရှိဘဲ အလောင်းကို ဂူသွင်းမြှုပ်နှံစရာ နေရာတောင်မရှိတဲ့အထိ ဖြစ်ခဲ့ရတယ်။ သူ့ရဲ့ သားသမီးမြေးမြစ်တွေဟာလည်း ဖခင်ဖြစ်သူ၊ ဘိုးအေဖြစ်သူရဲ့ ဆိုးမွေကို ဆက်လက်ခံယူနေကြရဆဲဖြစ်တယ်။

အခု အထက်မှာ ဖော်ပြခဲ့သူအားလုံးဟာ အာဏာရှင်ဝါဒ၊ မင်းမဲ့ဝါဒကို မကိုင်စွဲခင်က သက်ဆိုင်ရာ နိုင်ငံအသီးသီးရဲ့ သမိုင်း စာမျက်နှာပေါ်မှာ အတော်အတန် တောက်ပတဲ့ ပုံရိပ်တွေနဲ့ နေရာယူနိုင်သူတွေ ဖြစ်ခဲ့ကြတယ်။ ဗိုလ်နေ၀င်းကိုပဲကြည့်ပါ။ စာတိုက်စာရေးလေး သခင်ရှုမောင်ဘ၀နဲ့ ကိုလိုနီဆန့်ကျင်ရေးခေတ်ကသူ့ရဲ့ ပုံရိပ်တွေ၊ ဗိုလ်နေ၀င်းဘ၀နဲ့ ဖက်ဆစ်ဂျပန် တော်လှန်ရေးခေတ်က သူ့ရဲ့ပုံရိပ်တွေဟာ အတော်ကလေး တောက်ပြောင်တင့်တယ်ခဲ့တာကို တွေ့ကြရမှာဖြစ်တယ်။

ဒါပေမယ့် အဲဒီသူတွေဟာ သူတို့ရဲ့ဝိညာဉ်ထဲကို ပူးကပ်ဝင်ရောက်လာခဲ့ကြတဲ့ အာဏာရှင်ဝါဒနတ်ဆိုး၊ မင်းမဲ့ဝါဒနတ်ဆိုးတွေကို မခုခံမတွန်းလှန်နိုင်ခဲ့ကြတဲ့အတွက် သူတို့မှာရှိထားပြီးသား နိုင်ငံရေးအရင်းအနှီး (Political Capital) အားလုံးကို ဆုံးရှုံး လက်လွတ်ခဲ့ကြရပြီး သမိုင်းရဲ့ဗီလိန်တွေ ဖြစ်ခဲ့ကြရတယ်။ တချို့ဆိုရင် အသေဆိုးနဲ့တောင် သေခဲ့ကြရတယ်။

အဲဒီတော့ ဒီကနေ့မြန်မာနိုင်ငံရဲ့ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်တိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမယ့် အနိမ့်ဆုံးတာဝန်က အဲဒီလို အာဏာရှင်တွေ၊ မင်းမဲ့ဝါဒီတွေရဲ့ သမိုင်းကြောင်းမကောင်းပုံ၊ ဇာတ်သိမ်းမလှပုံတွေကို မြန်မာပြည်က စစ်အာဏာရှင်တွေ သဘောပေါက်နားလည်အောင် အခါသင့်အခွင့်ကြုံတိုင်း ထပ်တလဲလဲ ထပ်ကာထပ်ကာ ပြောပြကြဖို့ပဲဖြစ်တယ်။ သူတို့ရဲ့ အယူအဆအတွေးအခေါ်နဲ့ လုပ်ရပ်တွေ အရောင်ထွက်ပြောင်လက်လာအောင် (ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ) တိုက်ချွတ်ဆေးသားတင်ပေးဖို့ မဟုတ်ဘူး။ (သွားဖြဲကလေးတွေနဲ့ လက်နောက်ပစ် လက်အုပ်ချီပြီး မြှောက်ပင့်ပေးတဲ့ အမူအရာတွေက ဘယ်လောက်တောင် အပြစ်ကြီးသလဲဆိုတာကိုတော့ ပြောစရာတောင်လိုမယ်မထင်ဘူး။)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲက အမှာစကားတခုကို အမှတ်ရမိတယ်။ အဲဒါကတော့ “မှန်ကန်တရားမျှတတဲ့ စကားကို အလုပ်ကို မပြောရဲ မလုပ်ရဲရင်နေပါ။ ခွင့်လွှတ်လို့ရပါတယ်။ ဒါပေမယ့် မမှန်ကန် တရား မမျှတတဲ့ စကားကို၊ အလုပ်ကို၊ မပြောဘဲ မလုပ်ဘဲ နေရဲတဲ့သတ္တိလေးလည်း ရှိကြပါ။ အဲဒီသတ္တိလောက်မှ မရှိရင်တော့ ဒီမိုကရေစီရဖို့ မလွယ်သေးဘူး” ဆိုတဲ့ အမှာစကားဖြစ်တယ်။

တကယ်တော့ ဒီဆောင်းပါးရှေ့ပိုင်းတနေရာမှာ ဖော်ပြခဲ့တဲ့ ‘ကွန်မြူနစ်လူထွက်ကြီး’ နဲ့ သူ့ကို တပ်ဦးတင်ထားကြတဲ့ လိုင်စင်ရ နိုင်ငံရေးစာရေးဆရာဆိုသူတွေဟာ ဗမာပြည်ရဲ့ အရင်းခံပြဿနာ၊ ဗမာပြည်ရဲ့ အဓိကပဋိပက္ခ၊ ဗမာပြည် အခုလို အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့နေရခြင်းရဲ့ အဓိကလက်သည်တရားခံကို မသိကြတာတော့ ဟုတ်ဟန်မတူဘူး။ အမျိုးမျိုးအဖုံဖုံသော ရည်ရွယ်ချက်တွေအတွက် သူတို့ကျင့်သုံးနေကြတဲ့ နည်းလမ်းက မြန်မာပရိသတ် မြန်မာလူထုနဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ “ယိုးဒယား ရာမဇာတ်တော်ထဲက သမင်လိုက်ခန်း” လို ဖြစ်နေတာပဲရှိတယ်။

ယိုးဒယား ရာမဇာတ်တော် သမင်လိုက်ခန်း အကသရုပ်ဖော်ကို ကြည့်ဖူးသူတွေ သဘောပေါက်ကြလိမ့်မယ်။ လေးတော်ကိုင် ထားတဲ့ ရာမက လှလှပပ ကြွကြွရွရွနဲ့ ဇာတ်စင်ညာဘက်ထောင့်ကို ရောက်သွားတဲ့အခါ သမင်က ဇာတ်စင်ဘယ်ဘက်ထောင့်ကို အသာအယာ ကူးသွားတယ်။ ရာမ ဘယ်ဘက်ရောက်သွားတဲ့အခါ သမင်က ညာဘက်ရောက်သွားပြန်တယ်။ အကသရုပ်ဖော် ဇာတ်လမ်းဆိုတော့ ကြည့်လို့တော့ အင်မတန်ကောင်းတယ်။ ဒါပေမယ့် အနုပညာကို ဖယ်ကြည့်လိုက်ရင် ရာမက သမင်ကို မမိအောင် လိုက်ဖမ်းသလိုဖြစ်နေတယ်။

ကွန်မြူနစ်လူထွက်ကြီးနဲ့ သူ့လူတွေရဲ့ အရေးအသားတွေကလည်း အဲသလိုဖြစ်နေတယ်။ မြန်မာ့အကျပ်အတည်းမှာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ဖျော့မှိန်ပြီး အခြားကဏ္ဍတွေကို ရှာကြံလက်ညှိုးထိုးပြနေကြတယ်။ ဆင်ကောင်ကြီးတွေ့နေတာတောင် ခြေရာဟောင်းနဲ့ တိုက်ကြည့်ပြီးမှ ဆင်ဟုတ်မဟုတ် လက်ခံနိုင်မယ်ဆိုတာမျိုးတွေ ပြောနေကြတယ်။ ‘လူထွက်ကြီး’ ဆိုရင် တက်ခနီကာလာ ခေတ်သစ်နိုင်ငံရေးဝေါဟာရ အသစ်အဆန်းတွေကို ရေလဲသုံးပြီး သူသစ္စာခံခဲ့ဖူးတဲ့ NLD ပါတီကိုတောင် ငေါက်ငမ်းကြိမ်းမောင်းတာတွေ လုပ်နေတယ်။ ၇၀ ခုနှစ်တွေက တိုးတက်တဲ့ ကဗျာဆရာ တဦးဖြစ်တဲ့ မောင်လေးအောင်ရဲ့ “ပညာတတ်ကြိမ်လုံးနဲ့ တအုန်းအုန်း ရိုက်နှက်တယ်” ဆိုတဲ့ စာသားကို သတိရစရာဖြစ်တယ်။ ‘လူထွက်ကြီး’ ရဲ့ လူတွေကလည်း ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာကို “ထက်အောက်မွှေနှောက် ထုတ်ချောက်ကျော်ကြား” တဲ့ ပုံမျိုးဖမ်းပြီး မြန်မာပြည်ရဲ့ပင်မရေစီးကို လမ်းလွှဲပေးဖို့ ကြိုးပမ်းနေကြတယ်။

ကွင်းဆက်ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် သော့ချက်ပြဿနာကို တွေ့အောင်ရှာဖို့က ပထမဆုံးလုပ်ရမယ့် အလုပ် ဖြစ်တယ်။ မြန်မာပြည်ရဲ့ သော့ချက်ပြဿနာက ပြည်ထောင်စု မပြိုကွဲရေးလည်းမဟုတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးလည်းမဟုတ်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလည်းမဟုတ်။ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ” ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ကြရမယ်။ ရှင်းရှင်းလင်းလင်း ပြောကြရမယ်။ အဲဒီအချက်ကို မမြင်ရင် အမျိုးသားရေးအမြင် အာရုံချို့တဲ့တာပဲဖြစ်မယ်။ မြင်ပြီးမပြောရင် အမျိုးသားရေးသတ္တိ ချို့တဲ့တာပဲဖြစ်မယ်။ ဒါကို အတိုင်းအတာတခုအထိ ခွင့်လွှတ်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအဆင့်မှာတင်မရပ်ဘဲ ပြည်သူတွေေ၀၀ါးသွားအောင် “ရာမဇာတ်တော်ထဲက သမင်လိုက်” သလို လုပ်နေကြတာကတော့ တရားခံကို အားပေးကူညီသူများအဖြစ် သမိုင်းရဲ့ ရေပုပ်မြောင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချနေကြတာပဲဖြစ်လိမ့်မယ်။ အဲဒီလိုလုပ်တဲ့သူတွေကိုတော့ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူး။ ။
http://www.khitpyaing.org/articles/Dec09/251209.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်