Tuesday, December 29, 2009

ရဲက အန်အယ်ဒီတို့၏ ကိုယ်ရေးရာဇဝင်တောင်း

ဆလိုင်းဟံသာစန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၂၆ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၏ ကိုယ်ရေး ရာဇဝင်များကို သတင်း ရဲတပ်ဖွဲ့က ကောက်ခံလျှက် ရှိသည်ဟု ပါတီဝင်များက ပြောသည်။

အထက်မှ ညွှန်ကြားချက် အရဟု ဆိုကာ ရန်ကုန်မြို့၊ မန္တလေးမြို့မှ မြို့နယ်အချို့ အပါအဝင် ပဲခူး၊ အင်းတိုင်၊ စဥ့်ကူးနှင့် မိုးညှင်းမြို့များမှ အတိုက်အခံ ပါတီ အန်အယ်လ်ဒီ အဖွဲ့ဝင်များအကြောင်း ကောက်ခံနေခြင်း ဖြစ်သည်။

“အခုလဆန်းပိုင်း လောက်ကတည်းက စကောက်တာ။ အခုထိလည်း ကောက်နေဆဲပဲ။ အက်စ်ဘီက လာကောက်တာ။ ဘာအတွက် ကောက်တယ်ဆိုတာ မေးလို့ မရဘူး။ အထက်က လူကြီးတွေက ကောက်ခိုင်းလို့ပဲ ပြောသွားတယ်။ ကျနော်သိတဲ့လူ တော်တော်များများ လည်း ပေးလိုက်ရပြီ”ဟု ပဲခူးမြို့မှ ဒီချုပ် အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

ကောက်ခံရာတွင် ရယကများ၊ ရဲတပ်ဖွဲ့ဝင်များက ပါတီဝင်များ၏ အမည်၊ မွေးသက္ကရာဇ်၊ အဖွဲ့ချုပ်တွင် ထမ်းဆောင်သည့် တာဝန်စသည့် ကိုယ်ရေး အချက်အလက် ဖြည့်စွက်ရသည့်ပုံစံ ၇ ခုကို ဖြည့်ခိုင်းပြီး ယူဆောင်သွားခြင်း ဖြစ်သည်။

မန္တလေးတိုင်း အနောက်မြောက်နယ်မြေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဦးတင်အောင်အောင်က“ဒီနေ့ပဲ ချမ်းအေးသာ စံမြို့ နယ်က အဖွဲ့ဝင်တွေကို ကိုယ်ရေး ရာဇဝင်လာတောင်းလို့ သူတို့က ကျနော်တို့ အဖွဲ့ချုပ် စည်းကမ်းအရ တိုင်းကို အသိပေးပြီးမှ ပေးနိုင် မယ်လို့ ပြောလိုက်လို့ သူတို့(ရယက)တွေ ပြန်သွားကြတယ်”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ဗဟိုအဖွဲ့ချုပ်သို့လည်း တိုင်းဥက္ကဋ္ဌများမှ တယ်လီဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားလာကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“တိုင်းဥက္ကဋ္ဌတွေက တယ်လီဖုန်းနဲ့ ပြောပြတာက ရန်ကုန်မှာ ၂ မြို့နယ်၊ အင်းတိုင်မှာ ၂ မြို့နယ်ပေါ့။ ဒီလောက်ပဲ အန်ကယ်တို့ သိရပါ သေးတယ်။ တကယ်ပဲ အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေး ရာဇဝင်တွေ၊ အဖွဲ့ဝင်တွေချည်းပဲ စာရင်းတွေ လိုက်ကောက်တယ် ဆိုရင်တော့ ပါတီတ ခုရဲ့ ကိစ္စကို ဝင်ရောက် စွက်ဖက်တာဖြစ်လို့ တနည်းနည်းနဲ့တော့ ဒါကို ညှိနှိုင်း ဖြေရှင်းရမှာပါပဲ “ဟု သူက ပြောသည်။

အာဏာပိုင်များမှ အဖွဲ့ဝင်များ၏ ကိုယ်ရေး ရာဇဝင်များ ကောက်ခံလာပါက နီးစပ်ရာ မြို့နယ် (သို့မဟုတ်) တိုင်းစည်း အဖွဲ့များသို့ သတင်းပို့ပြီးမှ ပေးအပ်ရန် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့များသို့ ဗဟိုအဖွဲ့ချုပ်မှ ညွှန်ကြားထားကြောင်း ဦးခင်မောင်ဆွေက ဆိုသည်။

“ကျနော်တို့အနေနဲ့က ရပ်ကွက်ထဲမှာ သန်းခေါင်စာရင်း၊ မီးစာရင်း ကောက်ရင်း ပါတီဝင်တွေ့လို့ မေးမြန်း စုံစမ်းတာလား၊ ဒါမှမဟုတ် ပါတီဝင်တွေကိုချည်း သီးသန့် ကောက်နေတာလား ဆိုတာကို ကွဲကွဲပြားပြားသိဖို့ လိုအပ်နေပါသေးတယ်။ အဲဒါကိုသိဖို့ ကျနော်တို့ မေးမြန်း စုံစမ်းနေဆဲပဲ ရှိပါသေးတယ်။ အခုလက်ရှိတော့ ဗဟိုအနေနဲ့ ဒီကိစ္စကို လုပ်ဆောင်နေတာ မရှိပါဘူး”ဟု သူက ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်းရှိ မဲဆန္ဒနယ်များအနက် ၈၂ ရာခိုင်နှုန်းကျော်တွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်အစိုးရက အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/4469-2009-12-28-14-16-48.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်