Thursday, December 24, 2009

သုခဆေးခန်းက တိုက်ရိုက်သွေးလှူမည်

မဇ္ဈိမ (ချင်းမိုင်) ။ ။ အရေးပေါ် သွေးလိုအပ်မည့် လူနာများ သွေးအမှန်တကယ် ရရှိစေရန် ရည်ရွယ်၍ လူနာရှင်များထံ တိုက်ရိုက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ကုသိုလ်ဖြစ် ဆေးခန်း ဖွင့်လှစ်ထားသော သရုပ်ဆောင် ဦးကျော်သူကပြောသည်။

ယခင်က အခါကြီး ရက်ကြီးများတွင်မှ စုပေါင်း၍ ဆေးရုံများတွင် သွေးလှူမှုများပြုလုပ်ခဲ့သော်လည်း အမှန် တကယ် လိုအပ်နေသည့် လူနာရှင်များထံသို့ သွေးမရောက်သောကြောင့် တိုက်ရိုက် လှူခြင်းစနစ်ကို ပြောင်းလဲ ကျင့်သုံးလာရခြင်းဖြစ်ကြောင်း သူက ပြောသည်။

“လှူတဲ့ဟာ မရတာက ကျနော်တို့ မျက်စိနဲ့လည်း မြင်ရတယ်။ နားနဲ့လည်းကြားရတယ်။ သွေးလိုအပ်လို့ စိတ်ပျက်ပြီးတော့ ပြန်သွားရတာတွေ။ တချို့ဆိုမျက်ရည်ပေါက်ကြီးငယ် ကျရတယ်။ အဲလိုတွေဖြစ်တော့ ကျနော်တို့ကတိုက်ရိုတ်လှူဖို့ အစီအစဉ် လုပ်လိုက်တာ” ဟု နာမည်ကျော် အနုပညာရှင် ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

သုခကုသိုလ်ဖြစ် ဆေးခန်း စဖွင့်ချိန် ၂၀၀၃ ခုနှစ်မှစ၍ အသင်းသားများကသာ စုပေါင်း သွေးလှူဒါန်းလာခဲ့ သော်လည်း ယခုအခါ အို၊ ဘီ၊ အေ၊ အေဘီ စသည့် သွေးအမျိုးအစားများကို အဆင်သင့် လှူဒါန်းရန် သံဃာတော် အပါး ၁၀၀ ခန့်နှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်တို့က စာရင်း ပေးသွင်းထားကြောင်း သိရသည်။

“ဘုန်းကြီးကျောင်း တချို့ဆိုရင် ကျောင်းလိုက်ကို စာရင်း လာပေးထားတယ်။ မြို့နယ် ပေါင်းစုံကနေ စာရင်း လာပေးထားတယ်။ လူနာနဲ့ နီးစပ်ရာ တဝိုက်ကအလှုရှင်ကို အကြောင်းကြားပေးတာပေါ့။ သူ့စရိတ်နဲ့သူ သွားလှူပေးတာပါ” ဟု ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ထိုင်း ဘုရင့်သမီးတော် ချက်ကရီ သီရိဒုံနှင့် ထိုင်း ကြက်ခြေနီ အသင်းတို့က အမေရိကန် ဒေါ်လာ ၇ သိန်း ၈ သောင်း အကူအညီဖြင့် ၂၀၁၀ ခု နှစ်ဆန်းပိုင်း၌မြန်မာနိုင်ငံတွင် သွေးလှူဘဏ်အသစ် တခုတည်ထောင်ရန် မကြာသေးမီကသဘောတူခဲ့သည်။
ယင်းဘဏ်၌ သွေး ယူနစ် ၁၅၀၀ ကျော် သိုလှောင်နိုင်မည် ဖြစ်သည်။ အရွယ်ရောက်ပြီးသူ တဦး၏ ခန္ဒာကိုယ်တွင် အကြမ်းဖျဉ်း သွေး ၁၂ ယူနစ် ရှိကြောင်း သိရသည်။

ရန်ကုန်ဆေးရုံကြီးမှ ၂၀၀၄-၀၈ ခုအတွင်း လူနာ ၆၂၇၀၀ ကျော်ကို သွေးလှူဒါန်းနိုင်ခဲ့သော်လည်း ထိုစဉ်က လူနာ ၄၀၀၀၀ ကျော်မှာမူ သွေးလိုအပ်နေသေးကြောင်း သိရသည်။

ဆေးရုံများနှင့် ပုဂ္ဂလိက အနေအထား သွေး ရောင်းဝယ်မှုများလည်း ရှိနေပြီးတချို့နေရာများတွင် သွေး တပုလင်းလျင် ကျပ် ၂၀၀၀၀ ဝန်းကျင်ဈေးပေါက်နေကြောင်းလည်း စုံစမ်းသိရသည်။

သုခကုသိုလ်ဖြစ် ဆေးခန်းသို့ သွေးလှူရန် ဆက်သွယ်ထားသော မြောက်ဥက္ကလာပမှသံဃာတော်တပါး က “တချို့ ဒါယကာ ဒါယကာမတွေက ဆင်းရဲကြတယ်လေ။ သူတို့ကျတော့သွေးမဝယ်နိုင်ဘူးပေါ့နော်။ သွေးဟာလူ အသက်ကို ကယ်တယ် ဆိုတော့လည်း
လူတွေရဲ့အသက်ကို ကယ်ချင်တဲ့စိတ်နဲ့ပဲ ဦးဇင်းတို့ အနေနဲ့လှူဖြစ်ကြတာပေါ့” ဟု မဇ္ဈိမကို မိန့်ကြားသည်။

သွေးလှူဒါန်းမည့် သူအား သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများက သွေးမဖောက်ထုတ်မီ ကျန်းမာရေး စစ်ဆေးခြင်း၊ ခန္ဓာကိုယ် အလေး ချိန်ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် သွေးစစ်ခြင်းများကို ပြုလုပ်သင့်ပြီးကျန်းမာရေး ချို့တဲ့၍ သွေးပေါင် မပြည့်သူများကို သွေးလှူဒါန်းခွင့် မပြုသင့်ကြောင်း ဆေးပညာရှင်များက အကြံပြုကြသည်။

ရန်ကုန်ရှိ စစ်အစိုးရ ဆေးရုံကြီးများသို့ သွေးလှူဒါန်းနေသော အခြားသွေးလှူအသင်းပေါင်း ၅၀ ကျော်ရှိပြီး မင်္ဂလာဗျူဟာ၊ မေတ္တာဗျူဟာ၊ ရင်ခုန်သံ၊စနေမောင်မယ်၊ ရွှေတိဂုံ သန့်ရှင်းရေး အသင်းတို့ ပါဝင်သည်။

ထို့အပြင် ဘာသာရေး အသင်းများ၊ ကုမ္ပဏီအသင်းများ၊ ဟိုတယ်များကလည်း သီးခြားလှူဒါန်းလေ့ရှိကြကြောင်း ရင်ခုန်သံ သွေးလှူရှင် အသင်း အတွင်းရေးမှူးကိုပတ်ထရစ်က မဇ္ဈိမကို ပြောသည်။
မဇ္ဈိမ မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်