Friday, December 25, 2009

နေအိမ်ပြင်ဆင်နေမှု ရပ်ဆိုင်းခံရသည့် အပေါ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား..

ပြီးခဲ့တဲ့ (၂၄)ရက်နေ့ ကြာသာပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံအမှုကိစ္စ အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေဆုံခွင့်ရခဲ့ပါတယ်။ ရှေ့နေများသွားရောက် မတွေ့ဆုံမှီ တရက်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ပြင်ဆင်နေမှုအား အမေရိကန်၌ နေထိုင်နေသူ အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးဟန်တိုးမှ ကန့်ကွက်ခဲ့သဖြင့် မြို့တော်စည်ပင်က ရပ်ဆိုင်းခိုင်းခဲ့ပါတယ်....။


အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်းက အိမ်ရဲ့လက်ရှိ အခြေအနေကို ပြောဆိုရာမှာ " အန်ကယ်တို့ အမြင်မှာကတော့ နေရတာ အဆင်မပြေဘူးလို့ မြင်ပါတယ်..... ဘာလို့လဲဆိုတော့ အိမ်မှာ မျက်နှာကျက်တွေက အစခွာထားတယ်.... တခြမ်းကို ပြင်ဆင်နေတဲ့ အတွက် အိမ်ရဲ့တခြားဘက်အခြမ်းမှာ သွားနေနေရတာပါ.... အိမ်က ပြင်ဆင်နေဆဲကာလ ဖြစ်တဲ့အတွက် အဆင်မပြေတာတွေ အများကြီးပေါ့... ပြတင်းပေါက်က သံပန်းတွေတောင် ခွာပြီးပြင်ဆင်ထားရတာ.... အခုလို အိမ်ပြင်ဆင်ရေးကို ရပ်ဆိုင်းလိုက်ရတော့ အိမ်ရဲ့ ပြတင်းတံခါးတွေတောင် ပြန်မတပ်ရသေးဘူး.. အဲ့ဒါကို အလုပ်သမားလေးတွေက သစ်သားတွေနဲ့ ပြန်ရိုက်ပေးထားရတာပေါ့....." ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်...။

နေအိမ်ပြင်ဆင်ဆဲ ကာလမှာ မည်သူမဆို အခိုက်အတန့်တော့ ဒုက္ခရောက်ကြပါတယ်... အိမ်ပြင်ဆင်ပြီး နေသားတကျဖြစ်မှသာ အစစအရာရာအဆင် ပြေကြတာပါ.... ယခုလိုပြင်ဆင်နေတာကို ရပ်ဆိုင်းလိုက်တာဟာ နေထိုင်နေရသူတွေ အတွက်အင်မတန်မှ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ လုံခြုံမှုလည်း အနည်းနဲ့ အများထိခိုက် စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နေအိမ်ပြင်ဆင်ခွင့်ရဖို့ မြို့တော်စည်ပင်ရဲ့ ခွင့်ပြုချက်ရယူပြီးမှ အာဏာပိုင်များနဲ့ ညှိနှိုင်းပြီး ပြင်ဆင်ခွင့်ရလို့ ပြင်ဆင်ခဲ့တာပါ.... ။

ဆက်လက်ပြီး ရှေ့နေကြီးဦးဥာဏ်ဝင်းမှ " ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စအပေါ်မှာ တစုံတရာ Complain တက်ခြင်း မရှိပါဘူး.... ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ အိမ်ပြင်ဆင်ဆဲ ကာလမှာ အိမ်ပြင်ဆင်မှု ရပ်ဆိုင်းတဲ့ အတွက် အဆင်မပြေတာတွေ ရှိပေမယ့် အမှတ်မထားပါဘူး... အမိန့်ပေးတဲ့ ညွန်ကြားချက်ကို လိုက်နာပါမယ်လို့ ပြောဆိုပါတယ် ..... " ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်... ။

ဒါဟာလူထုခေါင်းဆောင်ရဲ့ အင်မတန်ပျော့ပြောင်းတဲ့ သဘောထားနဲ့ တွေ့ဆုံဆွေးနွေးရေးကို အထိအခိုက်မခံလိုတာ ပေါ်လွင်စေပါတယ်.....။

လွန်ခဲ့သည့် ၂၀၀၁ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးအောင်ဆန်းဦးမှ နေအိမ်ပိုင်ဆိုင်လိုခွင့် နှင့်ပတ်သတ်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ထိုနေအိမ်ပိုင်ဆိုင်လိုမှု တရားရင်ဆိုင်ရန် စစ်အစိုးရနှင့် ဦးအောင်ဆန်းဦး၏ ဇနီးဖြစ်သူ (မေတ္တာဦး ကလောင်နာမည်ဖြင့် ရွှေအမြူတေ မဂ္ဂဇင်းတွင် ခရီးသွား အခန်းဆက်ဆောင်ပါး ရေးသားနေသူ ဒေါ်သိန်းလဲ့နွယ်(ခေါ်)ဒေါ်လဲ့လဲ့နွယ်သိန်း)တို့ ပါဝင်ပတ်သတ်နေကြောင်း သိရှိရပါတယ်...။ ဦးအောင်ဆန်းဦးကို စစ်အစိုးရမှ မြန်မာပြည်အလယ်ပိုင်း ရှေးဟောင်းမြို့တော် ပုဂံတွင် မြေကွက်များပေးခြင်း၊ အိမ်ဆောက်ရာမှ ကူညီပံ့ပိုးခြင်းများ ပြုလုပ်ပေးခဲ့ပါတယ်။ ဒေါ်သိန်းလဲ့နွယ်(ခေါ်) လဲ့လဲ့နွယ်သိန်းဘက်မှ ဆွေမျိုးများဟာ ယခုနေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများမှာ လုပ်ပိုင်ခွင့်များ ရရှိနေပါတယ်။

သတင်း...ဒီမိုဝေယံ။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်