Friday, December 11, 2009

ကြေးဖလားနဲ့ ကြက်ချေးတုံးဗျ..

မြန်မာအမျိုးသား ဘောလုံးအသင်း အိမ်ပြန်သွားရပြီ
Friday, 11 December 2009 19:10 ဘစောတင်
E-mail Print
လာအိုနိုင်ငံတွင် ကျင်းပနေသော ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံး ပြိုင်ပွဲတွင် မြန်မာ အသင်း သည် အုပ်စုအဆင့်မှ မတက်နိုင်ဘဲ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။

မြန်မာအသင်းသည် အိမ်ရှင် လာအို၊ စင်္ကာပူ၊ အင်ဒိုနီးရှား အသင်းတို့နှင့်အတူ အုပ်စု (ခ)တွင် ပါဝင်သည်။

ယမန်နေ့ ညနေပိုင်းက မြန်မာအသင်းသည် အင်ဒိုနီးရှား အသင်းကို (၃-၁)ဂိုး ဖြင့် အနိုင် ရရှိခဲ့သော်လည်း၊ အိမ်ရှင်လာအိုနှင့် စင်္ကာပူ အသင်းတို့  ဂိုးမရှိ သရေကျခဲ့သောကြောင့်၊ တပွဲနိုင် တပွဲသရေ တပွဲရှုံး စုစုပေါင်း ရမှတ် ၄ မှတ်ဖြင့် အုပ်စုအဆင့် ထွက်ခွာရခြင်း ဖြစ်သည်။

“နောက်ဆုံးပွဲနေ့ကက ကစားသွားခဲ့တဲ့ မြန်မာအသင်းဟာ အရင် နှစ်ပွဲနဲ့ ဘာမှ မဆိုင်အောင်ကို ကောင်းပါတယ်၊ ခံစစ်ရော တိုက်စစ်ပါ ကောင်းတယ်၊ အရေးကြီးတဲ့ ကွင်းလယ်ကိုလည်း စီးထားနိုင်တယ်လို့ မြင်တာပဲ၊ ဒါပေမယ့် ကိုယ်က လာအိုနဲ့ စင်္ကာပူပြုသမျှ နုရမယ့် အသင်းဖြစ်နေတော့ အင်ဒိုကို နိုင်ပေမယ့် ဆီ မီးတက်ခွင့်ရဖို့ အမှတ်က မမီတော့ဘူးလေ၊ သူတို့ ၂ သင်းက သရေ ကန်လိုက်တော့ ကျနော်တို့ မြန်မာ အသင်း ဖျာလိပ်ပြီပေါ့ဗျာ” ဟု အားကစား ၀ါသနာရှင် ကိုအောင်မြင့်က ဧရာဝတီသို့ ပြောသည်၊

အုပ်စု(ခ) အဖွင့် ပွဲစဉ်တွင် မြန်မာနှင့် လာအို (၁-၁)ဂိုး ဖြင့် သရေကျခဲ့ပြီး စင်္ကာပူကို(၂-၁)ဂိုးဖြင့် ရှုံးနိမ့်ထားသဖြင့် ရမှတ် ၁ မှတ်သာ ရှိခဲ့သည်။

အင်ဒိုနီးရှားအသင်းသည်လည်း စင်္ကာပူနှင့် (၂-၂)ဂိုး ဖြင့် သရေကျပြီး လာအိုကို ရှုံးသဖြင့် ၁ မှတ်သာ ရထားသည်။

လာအိုနှင့် စင်္ကာပူမှာမူ တပွဲနိုင် တပွဲသရေစီဖြင့် ၄ မှတ်စီ ရထားပြီး အကြို ဗိုလ်လုပွဲသို့ ရောက်ရန် အခွင့်အရေး ကိုယ်စီ ရှိနေသည်။

မြန်မာအသင်းသည် အုပ်စုအဆင့်ကို ကျော်လွှားနိုင်ရေး မျှော်လင့်ချက်ဖြင့် ပွဲအစကပင် အင်တိုက် အားတိုက်ဖြင့် ကစားခဲ့ရာ ပွဲစ၍ ခြောက်မိနစ် အကြာတွင် ရရှိသော ပင်နယ်လ်တီကို မြန်မာတိုက်စစ်မှူး ထွန်းထွန်းဝင်းက ဂိုး အဖြစ် ဖန်တီးနိုင်ခဲ့ပြီး (၁-၀) ဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယဂိုးကို ဒုတိယပိုင်း ၅၃ မိနစ်တွင် ရှေ့တန်း တိုက်စစ်မှူး ပိုင်စိုးက အင်ဒိုနီးရှား ဂိုးဧရိယာ ညာဘက်ခြမ်းမှ လည်းကောင်း၊ ပွဲချိန် (၈၄)မိနစ် အရောက်တွင် ထွန်းထွန်းဝင်း တိုက်ရိုက်ကန်သွင်းသော ပြစ်ဒဏ်ဘောမှ တဆင့် မိုးဝင်းက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အင်ဒိုနီးရှားအသင်းအတွက် တလုံးတည်းသော ချေပဂိုးကို ဒုတိယပိုင်း ၇၈ မိနစ်တွင် ကျောနံပါတ် (၁၈)က သွင်းယူခဲ့သည်။

ထို့ နောက် အုပ်စု (ခ)မှ နောက်ဆုံးပွဲစဉ်ဖြစ်သော အိမ်ရှင် လာအိုနှင့် စင်္ကာပူအသင်းတို့ သရေကျခဲ့ကြပြီး စုစုပေါင်း ရမှတ် ၅ မှတ်စီအသီးသီး ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားကြပြီ ဖြစ်သည်၊

ဘောလုံးကလောင်ရှင် ကိုဇော်ဇော်က “မြန်မာအသင်းက အင်ဒိုနီးရှားကို နိုင်ပြီးတဲ့နောက်မှာ မြန်မာအသင်းရဲ့ ဆီမီးတက်ရေးဟာ စင်္ကာပူအသင်းရဲ့ လက်ထဲမှာ ရှိနေတယ်၊ ဒါပေမယ့် တကယ်ကစားတဲ့ အခါကျတော့ စင်္ကာပူ အသင်းဟာ သွေးပူလေ့ကျင့်ခန်း ဆင်းနေသလိုမျိုး နောက်တန်းမှာပဲ အပေးအယူလုပ်ပြီး ကစားနေကြတယ်၊ ကိုယ့်အသင်းရှုံးလို့  ပြောတာမဟုတ်ဘူး၊ ညှိကန်နေတယ်ဆိုတာ သေချာတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံသားများသည် ဘောလုံးအားကစားကို ခုံမင်နှစ်သက် အားပေးကြသူများ ဖြစ်ကြသည်။

မြန်မာ့ဘောလုံးအဆင့်အတန်း မြင့်တက်လာစေရန် ပြည်တွင်းတွင် ကြေးစားဘောလုံး လောကကို စတင် တည်ထောင် ထားခဲ့ပြီ ဖြစ်သော်လည်း မြန်မာ့ လက်ရွေးစင်ဘောလုံး အသင်း အရည်အသွေးမှာ နိမ့်ကျ နေဆဲဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။
http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2265:2009-12-11-12-11-20&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်