Saturday, December 12, 2009

ကံကို ယုံ ဆူးပုံကို တိုးကြ..ဗေဒင်ယုံ..ဆန်သာကုန်ပေါ့

ဗေဒင် ယတြာ အားကိုးမှု ပိုတိုးလာနေ
Saturday, 12 December 2009 17:35 သဲသဲ .မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင် လူအများစုမှာ ဗေဒင်၊ ယတြာများအပေါ် အားကိုးမှု ပိုမိုများပြားလာနေသည်ဟု ရန်ကုန်မြို့မှ နက္ခတ်ဗေဒင် ဆရာ တဦးဖြစ်သူ ဆရာရဲ(မနောမယ)က ပြောဆိုသည်။

“လူတွေက ကျပ်တာကိုး၊ ကျပ်တော့ အားကိုးရှာပြီးရမယ့်နေရာက ပိုတောင်းကြတော့တာ၊ အဓိက သူတို့မှာ ယုံကြည်မှုဆိုတာထက် အားကိုးမှုဖြစ်လာတာပေါ့”ဟု ဆရာရဲ(မနောမယ) က ဧရာဝတီ ကိုပြောသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့တွင် အဆင်မပြေမှုတခုနှင့် ကြုံလာသည်ဖြစ်စေ၊ ရှိပြီးသားစီးပွားလာဘ်လာဘများ ပို၍ တိုး ပွားချင်သောကြောင့်ဖြစ်စေ၊ အိမ်ထောင်ရေး၊ လူမှုရေး စသည့် အသေးအမွှားမှစ၍ ကြီးကြီးမားမားအထိ ဖြစ်ပျက်သမျှ ကိစ္စမှန်သမျှအား အကြားအမြင်၊ ဗေဒင်၊ ယတြာများကိုသာ အားကိုး၍ မိမိတို့သိလိုသည်များကို မေးမြန်းလာကြခြင်း ဖြစ်သည်။

“ဗေဒင်ဆရာခိုင်းသမျှ ဘယ်ဘုရားမှာ ဘာလှူ၊ ဘာလုပ်ပေါ့၊ အကုန်လုပ်တာပါပဲ။ တကယ်တော့ ဘုရားရဲ့ တရား တော်တွေထဲမှာ ကံကံ၏အကျိုးဆိုတာရှိတယ်။ ဒါကို သိသိကြီးနဲ့ လုပ်နေတာပဲလေ။ ကိုယ်ကဖြစ်ချင်တာကိုး”ဟု ပဲခူးတိုင်း ပြည်မြို့မှ ဗေဒင်မေးမြန်းရခြင်းကို စိတ်ဝင်စားသူ အမျိုးသမီးတဦးက ဧရာဝတီကိုပြောသည်။

တချို့မှာ အိမ်တွင်ရှိသော အဖေ၊ အမေ၊ လင်ယောကျာ်း၊ သားသမီး အကြီးဆုံးမှ အငယ်ဆုံးအထိ ကျန်းမာရေး၊ စီးပွား ရေး၊ ရာထူးနေရာတည်မြဲရေး၊ ပညာရေး၊ အိမ်ထောင်ရေးစသည်တို့အတွက် မနက်မိုးလင်းမှ မိုးချုပ် ဗေဒင်ဆရာ ခိုင်း သမျှ ယတြာချေ၍ အချိန်ကုန်နေသူပင်ရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောပြသည်။

ဗုဒ္ဓဘာသာတွင် ကိုယ်လုပ်မှ ကိုယ်ရမည်ဖြစ်ရာ ဖြစ်ပေါ်လာသည့် ဒုက္ခများ၊ စိတ်သောကများကို ဘုရားနှင့်ဘုန်းကြီး များထံမှ ပြေပျောက်စေသောနည်းလမ်းသာ ရရှိနိုင်မည်ဖြစ်သဖြင့် မိမိတို့အလိုရှိသည်များအတွက် ဗေဒင်ဆရာများ ဘက်သို့ ဦးလှည့်လာခြင်းဖြစ်နိုင်ကြောင်း ဆရာရဲ(မနောမယ)က သုံးသပ်သည်။

ဗေဒင်၊ ယတြာ မေးမြန်းရာတွင် အဓိကထားမေးမြန်းသည့် အကြောင်းအရာအနေဖြင့် ငွေကြေးတတ်နိုင်သော အသိုင်း အ၀ိုင်းနှင့် ငွေအနည်းအကျဉ်းသာတတ်နိုင်သူများက လက်ရှိလုပ်ငန်းတွင် အဆင်မပြေကြသည့်အတွက် မည်သို့သော လုပ်ငန်းမျိုးပြောင်းလုပ်လျှင် အဆင်ပြေနိုင်မည်နည်းဟူသောမေးခွန်းမျိုးများကို အဓိကထား မေးမြန်းလာကြကြောင်း လည်း ၎င်းကပြောသည်။

“သာမန်နဲ့ ဆင်းရဲသားအသိုင်းအ၀ိုင်းကတော့ အကြွေးတွေဘယ်တော့ကျေမလဲနဲ့ နှစ်လုံးပေါက်ဖို့ သုံလုံးပေါက်ဖို့ ဂဏန်း တောင်းမယ် ဒါပါပဲ”ဟု ဆရာရဲကဆက်ပြောသည်။

ရန်ကုန်မြို့မြောက်ဥက္ကလာပမှ အကြားအမြင်ဆရာမ ဒေါ်တင်မာနွယ်ကလည်း ၎င်းဟောခဲ့သော ၁၄ နှစ်တာ သက် တမ်းအတွင်း ယခင်က တနေ့လျှင် လူ၂၀ ခန့်သာ လာရောက်မေးမြန်းခဲ့သော်လည်း ၂၀၀၄ ခုမှ စတင်ကာ တနေ့လျှင် လာရောက်မေးမြန်းသူ ၁၀၀ အထက်တွင် ရှိကြောင်း၊ လာရောက် မေးမြန်းသူအများစုမှာ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူ များပြားကြောင်း ၎င်းကဆိုသည်။

“ဟောရလွန်းလို့ လည်ချောင်းမှာ အနာဖြစ်ပြီးသွေးထွက်လို့ ကျန်းမာရေးဂရုစိုက်နေရတဲ့အတွက် လူကန့်သတ်ထား ရပါတယ်”ဟုလည်း ဒေါ်တင်မာနွယ်က ဧရာဝတီ ကိုပြောသည်။

နာမည်ကြီး အကြားအမြင် ဗေဒင် ဆရာ၊ ဆရာမများအပြင် ဖုန်းဖြင့် အခမဲ့မေးမြန်းနိုင်သော ဗေဒင်များတွင်လည်း မေးမြန်းသူ များပြားလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင်နေသည့် နဒီနက္ခတ်ဗေဒင်ပညာသင်ကျောင်းမှ တာဝန်ရှိသူတဦးကဆိုသည်။

ထို့အပြင် ဗေဒင်လောကမှာ ပြည်တွင်းရှိ အပတ်စဉ်ထုတ် ဂျာနယ်၊ လစဉ်ထုတ် မဂ္ဂဇင်းတို့တွင် ဗေဒင် ဟောစာတမ်း များ ပုံမှန် ပါဝင်နေကျဖြစ်သကဲ့သို့ ဗေဒင်ဆရာများကိုယ်ပိုင် ပုံနှိပ်ထုတ်ဝေ ရောင်းချသော ဗေဒင်ဟောစတမ်းများ အပြင် FM ရေဒီယို လေလှိုင်းမှလည်း တနေ့တာအတွက် ဆောင်ရန် ရှောင်ရန်များကို ကဏ္ဍတခုအနေဖြင့် ထည့်သွင်း ဟောလာသည်အထိ ကျယ်ပြန့်လာသည်။

ဗေဒင်ဆရာများမှာ ၎င်းတို့၏ သြဇာထူထောင်လာနိုင်ကြသည်အထိကျယ်ပြန့်လာကာ တခါတွေ့ဆုံ၍ မေးမြန်းနိုင်ရန် အတွက် လနှင့်ချီ၍ ကြိုတင် စာရင်းပေးထားရသည်များပင်ရှိလာကြောင်း မန္တလေးမြို့မှ စာရေးဆရာတဦးက ပြော သည်။

“အနိမ့်ဆုံးအဆင့်ကနေ အမြင့်ဆုံးအဆင့်အထိက ဗေဒင်၊ ယတြာနဲ့သွားနေကြတာပဲ။ တိုင်းပြည်အုပ်ချုပ်တာတောင် လောကီပညာနဲ့ အုပ်ချုပ်နေတာကိုး”ဟု စာရေးဆရာက ဆိုသည်။

ရန်ကုန်မှ တချို့သောဗေဒင်ဆရာများမှာ ဟောပြောခကို တနာရီလျှင် ကျပ် သောင်းနှင့်ချီ၍ပေးရသည့်အပြင် မောက်မာစွာ ပြောဆိုဆက်ဆံခြင်း၊ လူတန်းစားခွဲခြားဆက်ဆံခြင်း တို့ပြုလုပ်သော်လည်း ၎င်းကိုပင် စိတ်ရှည် လက်ရှည်ဖြင့် လာရောက် စောင့်ဆိုင်းမေးမြန်းကြသည့် သူများမှာ လျော့မသွားကြောင်းသိရသည်။

“ဆရာ တရားထိုင်နေလို့ အိမ်ရှေ့မှာကားဟွန်းမတီးပါနဲ့ ဟိုဟာမလုပ်ပါနဲ့ ဒီဟာမလုပ်ပါနဲ့တို့ ရိုင်းရိုင်းပြပြ ပြောတာ တောင်ခံရတယ်”ဟု ဗေဒင်ဝါသနာပါသူ ပြည်မြို့မှ အမျိုးသမီးကဆိုသည်။

ယင်းကဲ့သို့ ဗေဒင်၊ ယတြာယုံကြည်ကြသည်ဆိုရာတွင် လူတို့၏ ကံ၊ ဉာဏ်၊ ၀ီရိယတွင် ဉာဏ်နှင့် ၀ီရိယ ဘက်က ပိတ် နေသောကြောင့် ကံကိုပဲအားကိုလာကာ အဆိုပါ ဗေဒင်၊ ယတြာများကို ယုံကြည်လာကြခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရောက် ဦးပဉ္ဇင်းတပါးက မိန့်ဆိုသည်။

“ဉာဏ်နဲ့ကြိုးစားမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းကြိုးစားခွင့်မရှိဘူး၊ ၀ီရိယနဲ့ကြိုးစားမယ်ဆိုရင်လည်း ချမ်းသာခွင့် မ ရှိတော့ လူရဲ့ပွင့် နေတဲ့ကံတခုကိုပဲ အားကိုတဲ့အခါမှာ ဗေဒင်ဆရာတွေက ပြောတဲ့အတိုင်းပဲ ထီပေါက်နိုးနိုး၊ ဟိုက ဒီက ရနိုးနိုးနဲ့ဖြစ် နေကြတာပါ”ဟု ယင်း ဦးဉ္ဇင်းက မိန့်သည်။

အကယ်၍ ဉာဏ်နှင့် ၀ီရိယပွင့်ပြီး ကိုယ့်အားကိုယ်ကိုး၍ အလုပ်လုပ်တိုင်းအဆင်ပြေနေမည်ဆိုလျှင် ဗေဒင်တွက်ချိန်ရမည်မဟုတ် ကြောင်း၊ အဓိကမှာ အလုပ်အကိုင် ခက်ခဲသည့်ပြဿနာကြောင့်ဖြစ်သည်ဟု အဆိုပါ ဦးပဉ္ဇင်းက သုံး သပ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်