Thursday, December 10, 2009

အဆိပ်လည်း အစာ..

ကုမ္ပဏီမဲ့ Perfect Juice ကြောင့် စစ်တွေမြို့နယ်မှ အထက်တန်းကျောင်းသူ မမြတ်သူဇာ သေဆုံး

December 10, 2009 By: moe moe kyaw Category: သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဒေသခံတစ်ဦးက “ကုမ္ပဏီမဲ့ Perfect Juice ကြောင့် စစ်တွေမြို့နယ်မှ အထက်တန်းကျောင်းသူ မမြတ်သူဇာ သေဆုံး ” ဟူသော ခေါင်းစဉ်ဖြင့် Arakan Review သို့ ပေးပို့လာသည့် အတွက် စာဖတ်သူများ အားလုံး သိရှိစေရန် ဖော်ပြပေးလိုက်ပါသည်။

သို့
အယ်ဒီတာ(Arakan Review)

ရခိုင်ပြည်နယ်တွင် ရောင်းချအောင်မြင်နေသော perfect juice အချိုရည်မှာ တရုတ်ပြည်မှ တရားမ၀င် အခွန်မဲ့ တင်သွင်းသော ကုန်ကြမ်း များ ဖြင့် ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အိမ်တွင်းစီးပွားရေးအဖြစ် ထုတ်လုပ်ကာ ရခိုင်ပြည်နယ်တစ်ခုတည်း ရောင်းချနေသော ထုတ်ကုန်တစ်မျိုးဖြစ်ပါသည်။

အဆိုပါအချိုရည်ကြောင့် သေဆုံးမှုများရှိခဲ့ပါသည်။ ယခု ဒီဇင်ဘာလ (၆) ရက်နေ့တွင်လည်း သေဆုံးမှုတစ်ခု ဖြစ်ခဲ့ပါသည်။
စစ်တွေမြို့နယ်၊ အထက (၂)အထက်တန်းကျောင်းသူ မမြတ်သူဇာ (ရွှေပြားရပ်ကွက်နေ)သည် ဒီဇင်ဘာလ ၆ရက်နေ့က နေ့လည် ကျောင်းဆင်းချိန်တွင် သင်္ဘောသီးသုတ်နှင့် perfect အချိုရည်ကိုတွဲကာ စားသုံးမိသဖြင့် အဆိပ်ဖြစ်သွားကာ နေရာတွင်ပင် သတိလစ်မေ့မြောသွားသောကြောင့် အထက (၂) ဆရာ/မ များနှင့် ကျောင်းသား/သူများက စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ပို့ပေးခဲ့သော်လည်း ဆေးရုံရောက်ပြီး မကြာခင်မှာပင် သေဆုံးသွားကြောင်း သိရပါသည်။

၎င်းမမြတ်သူဇာဆိုသူမှာ အသက် (၁၇) နှစ်အရွယ်ရှိပြီး၊ အထက (၂) တွင် ဒသမတန်းတက်ရောက်နေသူ တစ်ဦးဖြစ်သည်။
ယခင်ကလည်း ယခုကဲ့သို့ အဖြစ်အပျက်မျိုး ရှိခဲ့ပါသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးတရုတ်တွင် Pefect သောက်၍ လူနှစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ယောက်မှာ ဆေးရုံရောက်ပြီး အချိန်မှီ ကုသမှုကြောင့် ပြန်လည် သက်သာလာခဲ့ပါသည်။

ဖြစ်ပွားပုံမှာ-သူတို့သည် ရွာဆိုင်မှ Perfect များကို သူ့တို့၏ လယ်တဲသို့ ယူလာ၍ သင်္ဘောသီးသုတ်ကို ဦးစွာ စားသောက်ပြီးနောက် Perfect ကိုသောက်ပြီးနောက် အဆိပ်ဖြစ်ကာ သေဆုံးသွားခဲ့ပါသည်။

နောက်တစ်ယောက်သည် လယ်တောထဲသို့ သွားနေသဖြင့် သူပြန်လာချိန်တွင် သူတို့ သူငယ်ချင်းနှစ်ဦးအား အိပ်နေသည်ဟု ထင်ကာ နိုးခဲ့ပါသော်လည်း တကယ်တော့ သူတို့ဟာ အသက်မရှိတော့ပေ။

သူသည် ရွာသို့ အမြန်သွားကာ သေဆုံးသူ၏ မိဘများကို ပြောပြကာ လယ်တဲသို့ ခေါ်လာ၏။ သေဆုံးသူ၏ မိဘများက ပြောလာသူကို မယုံသင်္ကာဖြစ်သဖြင့် သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါသည်။ သက်ဆိုင်ရာ ဒေသခံအာဏာပိုင်များ ရောက်ရှိလာပြီးနောက် သူအား စစ်ဆေးရာ သူက ဖြစ်မှန်တိုင်းကို ပြောပြခဲ့ပါသည်။ သို့သော်လည်း သက်ဆိုင်ရာ များက မယုံကြည်ကြသဖြင့် သူအား အဆိုပါ သင်္ဘောသီးသုတ်နှင့် perfect အချိုရည်ကို တွဲစားစေခဲ့ပါသည်။

သူက အကြိမ်ကြိမ်ငြင်းဆန်ခဲ့သော်လည်း စားရန် အတင်းတိုက်တွန်းခဲ့သည်။ သက်ဆိုင်ရာများက သူပြောသည်များကို အယုံအကြည်လုံးဝ မရှိသဖြင့် စားပြရန်နှင့် မစားပြပါက သူသတ်လိုက်သည်ဟု ကောက်ချက်ချကာ သူအား အဆိပ်ခတ်သတ်သည်ပြီးလုပ်ကြံသည်ဟူသော အမှုဖြင့် တရားစွဲ ထောင်ချပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုကြောင့် အမှန်တရားကို သက်သေပြရန်အတွက် သူ့အနေနှင့် ရွေးချယ်စရာ လမ်းတစ်ခုတည်းမှာ အဆိုပါ perfect နှင့် သင်္ဘောသီးကို တွဲပြီး စားသုံးပြရန်သာ ရှိတော့သဖြင့် နောက်ဆုံးတွင် သူ စားပြခဲ့သည်။ ချက်ချင်းဆိုသလိုပင် သတိလစ်မေ့မြောသွားသောကြောင့် သူ့ကို ဒေသခံရွာသားများက ယိုးတရုတ်ရှိ ဆေးခန်းတစ်ခုသို့ အချိန်မှီပို့ပေးနိုင်မှုကြောင့် သတိရလာခဲ့ပါသည်။

သို့သော် မည်သည့်အရေးယူမှုတစ်စုံတရာမျှမရှိခဲ့ဘဲ ယခုလိုဖြစ်ရသည်မှာ တွဲဘက်မစားသင့်သော အစားအစာများကို စားသုံးမိခြင်းကြောင့်သာဖြစ်သည်ဟု ဒေသခံ အာဏာပိုင်များက ကောက်ချက်ချ ပေးခဲ့ပါသည်။

အဆိုပါကိစ္စဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်တစ်ဝန်းတွင် အောင်မြင်နေသော Perfect အချိုရည်အပေါ် ထင်မြင်ချက်မျိုးစုံပေးခဲ့ကြပါသည်။ တစ်ချို့ကလည်း သင်္ဘောသီးနှင့် တွဲစားသုံးမိပါက သေဆုံးနိုင်ကြောင်း perfect တွင် အပြစ်မရှိကြောင်း ကောက်ချက်ချကြသလို၊ တစ်ချို့ကလည်း perfect သည် energy drink တစ်မျိုးဖြစ်သည့်အပြင် ဆိုးဆေးများခြင်း၊ ပါဝင်သည့် အမှုန့်များမှာလည်း ရေတွင် အားလုံးမပျော်ဝင်ဘဲ ကျန်ရှိနေခြင်း စသည့် အချက်များကို သတိပြုမိလာကြပြီးနောက် စုံစမ်းလာကြရာ အောက်ပါအတိုင်း သိရှိလာရပါသည်။

Perfect အချိုရည်ဆိုသည်မှာ ကုန်ကြမ်းအမှုန့်ကို တရုတ်ပြည်မှ တင်သွင်းပြီး ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် အိမ်တွင်းလုပ်စီးပွားရေးတစ်ခုမှထုတ်လုပ်ခြင်းသာဖြစ်ပြီး ရခိုင်ပြည်နယ်ကို ဦးစားပေး တင်သွင်းသည် ဟု သိရှိရပါသည်။

အဆိုပါထုတ်ကုန်ပစ္စည်းသည် ဆေးဝါးမှတ်ပုံတင်မရှိခြင်း၊ ကုမ္ပဏီနာမည် ဖော်ပြခြင်းမရှိခြင်းအပြင် ရန်ကုန်တိုင်းတွင် ရောင်းချခြင်းလုံးဝမရှိပါဘဲ တခြားပြည်နယ်များတွင်သာ ဖြန့်ချီရောင်းချနေသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ အစိုးရမှ အသိအမှတ်မပြုသော ထုတ်ကုန်ဖြစ်သော်လည်း ရခိုင်ပြည်တွင် တစ်ဦးတည်း ကိုယ်စားလှယ်ဟု စစ်တွေမြို့၊ လောကနန္ဒရှေ့ မေယုလမ်း၊ ဘုမခွဆုံတွင် ဆိုင်းဘိုးတပ်လျက် ရောင်းချနေသည်မှာ စဉ်းစားစရာပင်ဖြစ်ပါသည်။

ကုမ္ပဏီနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းသောအခါ ကုမ္ပဏီလိုင်စင်မကျသေးဟုလည်း ကောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ၀င်သော ထုတ်ကုန်တစ်မျိုးဖြစ်သောကြောင့် တစ်ခြားတိုင်းဒေသများတွင် မရှိခြင်းဟုလည်းကောင်း စသဖြင့် အကြောင်းအမျိုးမျိုးပေးနေကြပါသည်။

ဒေသခံတစ်ဦး (စစ်တွေမြို့)
http://arakanreview.22web.net/?p=2028

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်