Friday, December 18, 2009

ပုဂ္ဂလိကဆေးရုံ လူနာငြင်းပယ်မှုများ ရှိလာ

မျိုးဝင်းဇော်/ ၁၈ ဒီဇင်ဘာ ၂၀၀၉

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့တွင် ရွှေဂုံတိုင် အထူးကုဆေးခန်း၌အထက်တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု ဖြစ်ပွားခဲ့ကာမြန်မာနိုင်ငံဆေးကောင်စီက အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်းပုဂ္ဂလိက ဆေးရုံအချို့ လူနာငြင်းပယ်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။


ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် ကလေးမီးဖွားရန် တက်ရောက်နေသူအမျိုးသမီးတဦးက “ကျမ အထူးကုဆေးရုံရောက်ပြီး ဆေးရုံတက်ဖို့
ပြင်ဆင်နေချိန်မှာ အသက်ခပ်ကြီးကြီး လူနာတယောက် တွန်းလှည်းနဲ့ ရောက်လာတယ်။
သူတို့ စမ်းသပ်စစ်ဆေးတာတွေ၊ လူနာမှတ်တမ်းယူတာတွေ လုပ်ကြတယ်။ နောက်တော့ဘာကြောင့်လဲမသိဘူး လက်ခံကုသမပေးဘဲ ငြင်းလွှတ်လိုက်တာ မြင်ရတယ်” ဟုပြောသည်။

အလားတူ ဗဟိုစည် အထူးကုဆေးရုံတွင် ဆေးသွားစစ်ခဲ့သူ တဦးကလည်းဆေးရုံတက်မည့် လူနာ (၂) ဦးကို ငြင်းပယ်သည်ကို မြင်ခဲ့ရကြောင်း၊ ယခင်ကယခုကဲ့သို့ အဖြစ်မျိုးမရှိကြောင်း ပြောသည်။

အဆိုပါကိစ္စ ရန်ကုန်မြို့မှ နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတခုကိုစုံစမ်းကြည့်ရာ ၎င်းတို့ဆေးရုံအနေဖြင့် ရဲမှုခင်းနှင့် သက်ဆိုင်သည့်
လူနာများ၊ ကုသပေးရန် အချက်အလက် မပြည့်စုံသည့် လူနာများကိုတက်ရောက်ဆေးကုသခွင့်မပေးဘဲ ကျန် လူနာများကိုမူ လက်ခံကြောင်း ရှင်းပြသည်။

ရန်ကုန်မြို့မှ မျက်စိအထူးကု ဆရာဝန်ကြီးတဦးက “ပုဂ္ဂလိက ဆေးရုံတွေဟာ အရင်ကရဲမှုခင်းကလွဲရင် လူနာငြင်းပယ်တယ် ဆိုတာမျိုး မကြားမိဘူး။ သူတို့ချိတ်ဆက်ထားတဲ့ အထူးကု ဆရာဝန်ကြီးတွေ စုံသလောက် ရှိနေတယ်။ အခုမခိုင်ရွှန်းလဲ့ရည် သေဆုံးမှုကို အပြစ်ပေး အရေးယူတာတွေ ရှိခဲ့ပြီးနောက်လူနာငြင်းပယ်တာတွေ ကြားလာရတာ။ ဒီ လူနာတွေကတော့ ငွေကြေးတတ်နိုင်ရင်
နိုင်ငံခြားသွား၊ ဒါမှ မဟုတ် အစိုးရဆေးရုံတွေမှာ တက်ဖို့သာ ရှိတယ်” ဟုပြောသည်။

မြန်မာနိုင်ငံမှ အစိုးရဆေးရုံများသည် ဆေးရုံအဆောက်အဦနှင့်ဆရာဝန်များသာရှိပြီး ဆေးမရှိကြောင်း နာမည်ကြီးပြီး ဆေးရုံတက်သူများက ပတ်တီး၊ ဂွမ်းလိပ်၊ အရက်ပျံကအစ ဆေးမျိုးစုံကို ကိုယ့်ငွေဖြင့်ကိုယ်ဝယ်ယူပြီး ဆေးရုံတက် ကုသခံကြရသည်ဟု လူပြောများသည်။

ထို့အပြင် ကြည့်ရှုခွဲစိတ်မည့် ဆရာဝန်ကြီး၊ သူနာပြု၊ ဆေးစပ်သမား၊လက်တွန်းလည်း တွန်းသူ၊ ဓာတ်လှေကားမောင်းသူများကို ငွေပေးကြရသည့်အတွက်ငွေလည်းကုန် စိတ်လည်း အညစ်မခံနိုင်သည့် ငွေကြေးတတ်နိုင်သည့် ပြည်သူများက
ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတို့တွင် သွားရောက် ဆေးကုသကြခြင်းဖြစ်သည်။

အသက် (၁၅) နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅) ရက်နေ့တွင် ဗိုက်နာသဖြင့် ရွှေဂုံတိုင် အထူးကုဆေးခန်း SSC သို့သွားရောက်ကုသခဲ့ရာ ဆရာဝန်က အူအတက်ရောင် ရောဂါဟု ထင်မြင်ယူဆကာခွဲစိတ်ကုသခဲ့ပြီးနောက် သွေးလွန်တုပ်ကွေးရောဂါ ပါလာသည်ဟုတာဝန်ကျဆရာဝန်ကပြောပြီး အောက်တိုဘာ (၂၇) ရက်နေ့တွင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုအတွက် ပြည်တွင်းမီဒီယာများက အကျယ်တဝင့်ဖော်ပြခဲ့ကြရာ ခွဲစိတ်အထူးကုဆရာဝန် ဦးကြည်စိုးအား ဆေးကောင်စီကဆေးကုသခွင့်လိုင်စင် (၅) နှစ် ပိတ်ပင်လိုက်ပြီး အဆိုပါဆေးခန်းအားလုံခြုံစိတ်ချရသည့် အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ထားရှိရန် သတိပေးခဲ့သည်။
အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတို့က အခြေအနေ သိပ်မကောင်းသည့် လူနာများကို
ငြင်းပယ် လာနိုင်သည့်အတွက် အစိုးရဆေးရုံသို့ ရောက်ကြရဦးမည်ဖြစ်ကြောင်း၊အစိုးရဆေးရုံများကလည်း ညံ့ဖျင်းပြီး တာဝန်ယူမှု မရှိသည့်အတွက်ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများတွေ့ကြရဦးမည်ဖြစ်ကြောင်း မျက်စိအထူးကုဆရာဝန်ကြီးက ပြောသည်။

(NEJ)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်