Thursday, December 10, 2009

သူကြောက်နေတာက ဒါ..

နည်းနည်းလေးမှ အလျှော့ပေးဖို့မရှိတဲ့ ဗိုလ်ချုပ်မှူးကြီး

(ဒီဇင်ဘာ ၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ Thank Shwe unlikely to give an inch to Suu Kyi by U Professor ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖော်ပြထားပါတယ်။ U Professor ဆိုတာ ရန်ကုန်မြို့က စာနယ်ဇင်းသမား၊ ပညာရှင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ )

မြန်မာနိုင်ငံ အခြေအနေက လမ်းဆုံလမ်းခွကို ရောက်နေပါပြီ။ နိုင်ငံရေးအရ ရှေ့မတိုးနိုင်တဲ့ အခြေအနေ ကနေ ဖောက်ထွက်နိုင်ဖို့ အတွက် ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အများကြီး မူတည်နေပါ တယ်။ အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအ၀န်းနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က စစ်အစိုးရနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခြင်းသာလျှင် တစ်ခုတည်းသော ရှေ့ဆက်နိုင်မယ့် နည်းလမ်း ဖြစ်တယ် ဆိုတာကိုလည်း လက်ခံ လာကြပါပြီ။ တနည်းပြောရရင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သဘောတူညီချက် တချို့ရနိုင်ဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုံးအဖြတ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ်မှာပဲ မူတည်နေတယ်လို့ ဆို နိုင်ပါတယ်။

စစ်အစိုးရ ခေါင်းဆောင်ကတော့ လူထု အခမ်းအနား အတော်များများမှာ သူဆက်လုပ်မယ့် အစီအစဉ် အများစုကို ချပြထားပြီး ဖြစ်ပါတယ်။ အဲဒီ မိန့်ခွန်းတွေမှာ သူက အခြေခံဥပဒေကို အခုအဆင့်မှာ ပြင်လို့ မရနိုင်ဘူး ဆိုတာ အတိအလင်း ပြောထားခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ အခြေခံဥပဒေဟာ မနှစ်တုံးက အတုအယောင် ဆန္ဒခံယူပွဲနဲ့ အတည်ပြု ထားခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး သူက လွတ်လပ်ပြီး ပွင့်လင်းတဲ့ ရွေးကောက်ပွဲ ဆိုတာနဲ့ ပတ်သက်ပြီး သိပ်အလေး မထားပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် အဓိက အရေးအကြီးဆုံးက သူအနားယူ ပြီးတဲ့အချိန်မှာ သူ့လုံခြုံရေးကို အာမခံနိုင်မယ့် ညင်သာစွာ အသွင်ကူးပြောင်းရေး လုပ်မယ့် အစီအစဉ်တွေ လမ်းလွဲမသွားဖို့ပဲ ဖြစ်ပါတယ်။ နောက်တက်လာမယ့် အစိုးရအပေါ် သူဘယ်လောက်အထိ အသုံးချနိုင်မလဲ၊ နောက်ကွယ်ကနေ ဘယ်လောက် အထိ သြဇာ လွှမ်းမိုးနိုင်မလဲ ဆိုတာတော့ ခန့်မှန်းဖို့ ခက်ပါတယ်။ ဒါပေမယ့် သေချာတာ ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့အစီအစဉ်နဲ့ ပတ်သက်ပြီး အပေးအယူ၊ အလျှော့အတင်း လုပ်ဖို့ ဆန္ဒမရှိဘူး ဆိုတာပါပဲ။ အဲဒီလို အခြေအနေ တွေကြောင့် ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည် ထံကနေ ဘာတွေ လိုချင်နေတယ် ဆိုတာကို သိဖို့ အရေးကြီးပါတယ်။

သူလိုချင်တာက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့ မဟုတ်ဘူး။ အနောက်အုပ်စုက လုပ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုသာ ဖယ်ရှားလိုက်ရင် တိုင်းပြည် စီးပွားရေး ပျက်ပြားမှုတွေနဲ့ ပတ်သက်ပြီး အပြစ်တင်သမျှကို သူပဲ ခံရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးက ဒေါ်အောင်ဆန်းစုကြည် အာဏာ ရတာကိုလည်း လက်မခံနိုင်ဘူး။ အဲဒီ နာမည်ကို ပြောတာတောင် မကြိုက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီတို့နဲ့ လက်တွဲပြီး လုပ်ချင်စိတ်လည်း မရှိဘူး။

ဒေါ်အောင်ဆန်းစုကြည်ထံကနေ ဗိုလ်ချုပ်မှူးကြီး လိုချင်တာက သူ့အစီအစဉ်တွေ ပျက်အောင် မလုပ်ဘူးဆိုတဲ့ ကတိနဲ့ သူအာဏာ စွန့်ပြီးတဲ့နောက်မှာ သူ့လုံခြုံရေးကို ထိခိုက်အောင် မလုပ်ဘူးဆိုတဲ့ ကတိပဲ ဖြစ်တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီး ဘာလိုချင်တယ် ဆိုတာ တိတိကျကျ ကြားရဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ စာနဲ့ ရေးပြောမှာ မဟုတ်သလို၊ ကြားလူကနေ တဆင့်လည်း ပြောမှာမဟုတ်ဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီး ဘာလိုချင်တယ် ဆိုတာသိဖို့ အတွက် ကမ်းလှမ်းချက်တွေ အမျိုးမျိုးပေးပြီး စမ်းသပ်ဖို့ လိုပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး ဘက်ကလည်း အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းဖို့ ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို လုံးလုံး လွှတ်ပေးရမှ ရမယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်မပေးနိုင်တဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှာ မဟုတ်ပါဘူး။

တစ်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့လက်ထဲက ဖဲချပ်တွေကို ဖုံးဝှက်ထားတုံးပဲ ရှိသေးတယ်။ ဒါပေမယ့် သူမအနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အကောင်းဆုံး ဆွေးနွေးနိုင်ဖို့ အတွက် တိကျတဲ့ စိတ်ကူးတွေရှိ မရှိကလည်း မေးစရာပဲ။ ဗိုလ်ချုပ်မှူးကြီးရဲ့ လျှို့လျှို့ဝှက်ဝှက်နဲ့ ဝေေ၀၀ါးဝါး တုန့်ပြန်တာတွေ၊ အချိန်ဆွဲပြီး တုန့်ပြန်တာတွေကို အတိုက်အခံ လုပ်နေရုံနဲ့ သူမ လိုချင်တဲ့ရလဒ်ကို ရနိုင်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် သိထားရမှာက ဗိုလ်ချုပ်မှူးကြီး အနေနဲ့ သူမ လိုချင်တာတွေကို ဘာတစ်ခုမှ ပေးမှာ မဟုတ်ဘူး ဆိုတာပဲ။ သူက အခြေခံ ဥပဒေကို မပြင်နိုင်ဘူး။ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့ အတိုင်း ဆက်လုပ်မယ် ဆိုတဲ့ မဟာဗျူဟာကို အတိအလင်း ချပြထားပြီး ဖြစ်တယ်။ ဒါ့ကြောင့်လည်း သူ့ဘက်က ဘာမှ လိုက်လျောမှာ မဟုတ်သလို သူမနဲ့လည်း တွေ့မှာမဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရတာ သူ့လက်ထဲက ဖဲချပ်တွေ တန်ဖိုးကို ပိုတွက်နေသလိုပဲ။ တကယ်လို့ သူမ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ အခန်းကဏ္ဍ ကုန်ဆုံးဖို့ နီးနေပြီလို့ တွက်နေတယ် ဆိုရင်တော့ အဲဒါ အမှားကြီး မှားတာပဲ။ သူမ လက်ထဲက ဖဲချပ်တွေရဲ့ တန်ဖိုးကို ပိုတွက်မိတာပဲ ဖြစ်မယ်။ ဗိုလ်ချုပ်မှူးကြီး အတွက် သူရဲ့ ပုဂ္ဂိုလ်ရေး လုံခြုံမှုဟာ အဓိက အချက် ဖြစ်နေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရော၊ အမေရိကန်ရော သိဖို့လိုပါတယ်။ တကယ်တော့ လမ်းပြ မြေပုံနဲ့ ရွေးကောက်ပွဲက အရေးမကြီးပါဘူး။ ဗိုလ်ချုပ်မှူးကြီးရဲ့ အဓိကစီမံချက်က သူလို တန်ခိုးအာဏာ ကြီးမားတဲ့ နောက်ထပ် ဗိုလ်ချုပ် တစ်ယောက် ပေါ်မလာရေးပဲ ဖြစ်တယ်။ အမေရိကန်နဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ သူ့စီမံချက်မှာ မပါဘူး။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် လက်ထဲက ဖဲချပ်တွေဟာ အကန့်အသတ်ပဲ တန်ဖိုးရှိတယ်လို့ ပြောတာပါ။

ဗိုလ်ချုပ်မှူးကြီး အတွက် ရွေးကောက်ပွဲဟာ ဟန်ပြ သက်သက်လို့ အပြောခံရလည်း ကိစ္စမရှိဘူး။ သူ့နေရာမှာ နောက်ထပ် သူ့လို သြဇာ အာဏာကြီးတဲ့ ဗိုလ်ချုပ် တစ်ယောက် ရောက်မလာရေးကသာ အဓိကဖြစ်တယ်။ ဒါကို အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နားမလည်ဘူး ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတီးတဲ့ တီးကွက်အတိုင်း လိုက်ကနေရမှာပဲ။ တကယ့် ကစားပွဲက ရွေးကောက်ပွဲကျမှ စမှာဖြစ်တယ်။

U Professor
http://padaukmyay.blogspot.com/2009/12/blog-post_10.html မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်