Thursday, December 10, 2009

ယုတ္တိရှိသည့်ရွေးကောက်ပွဲဖြစ်ရမည်ဟုဂျပန်ဝန်ကြီးချုပ် ယတိပြတ်ပြောဆို

မေကျော် /NEJ
စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲသည် နိုင်ငံတကာက လက်ခံနိုင်မည့် ယုတ္တိရှိသည့် ရွေးကောက်ပွဲ ဖြစ်ရမည်ဟု ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟတိုယာမ က ယနေ့ ယတိပြတ်ပြောဆိုသည်။

အဆိုပါပြောကြားချက်ကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီဖိုရမ်တွင် အဖွင့်မိန့်ခွန်းအဖြစ် ပြောကြားရာ၌ ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
“ဂျပန်ဝန်ကြီးချုပ် ပြောတာက စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပါတီအားလုံး လူထုလူတန်းစား အားလုံး ပါဝင်နိုင်ရမယ်။ နောက် နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပရမယ်။ အဲလို အဖွင့်မိန့်ခွန်းမှာ ပြောတယ်” ဟု ဖိုရမ် တက်ရောက်နေသည့် မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

ယနေ့ စတင်ဖွင့်လှစ်ပြီး (၂) ရက်ကြာ ကျင်းပမည့် ဒုတိယအကြိမ် ဘာလီ ဒီမိုကရေစီ ဖိုရမ်ကို အင်ဒိုနီးရှား သမ္မတ၊ ဂျပန်ဝန်ကြီးချုပ်၊ အရှေ့တီမော သမ္မတနှင့် ဘရူနိုင်း ဒါရုဆလင် ဘုရင်တို့က သဘာပတိအဖြစ် ဆောင်ရွက်သည်။

“ဒေသတွင်းမှာရှိတဲ့ လူသားတိုင်းဟာ ဒီမိုကရေစီနဲ့ ဒီမိုကရေစီရဲ့အသီးအပွင့်ကို ခံစားရမယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်တယ်” ဟု အရှေ့တီမော သမ္မတက ထပ်လောင်း ပြောဆိုခဲ့သည်။


အာရှဒေသတွင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုလုပ်သည့် ဘာလီ ဒီမိုကရေစီ ဖိုရမ်တွင် အာဆီယံ အပါအ၀င် အာရှဒေသတွင်း နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဥရောပနှင့် အမေရိကန် ပြည်ထောင်စုတို့လည်း လေ့လာသူများအဖြစ် တက်ရောက်ကြသည်။

ဂျပန်ဝန်ကြီးချုပ်က မြန်မာစစ်အစိုးရအား ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန်နှင့် တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံ အစည်းအဝေး၌လည်း ပြောကြားခဲ့သည်။

အဆိုပါအချက်များကို လိုက်နာမှသာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဂျပန်နိုင်ငံက အပြည့်အ၀ ပြန်လည်ပေးအပ်မည်ဟုလည်း ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အများဆုံးပေးနေသော နိုင်ငံဖြစ်ပြီး စက်တင်ဘာ သံဃာ့အရေးအခင်းတွင် ဂျပန်သတင်းထောက် သေဆုံးခဲ့ပြီးသည့်နောက် ကူညီမှုကို လျှော့ချခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကလည်း သတင်းစာဆရာကြီး ဦးဝင်းတင်ကို ယခုနှစ်အတွင်း ဖိတ်ကြားတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်