Tuesday, December 29, 2009

ဆရာစံတဲ့ဟေ့...ဒို့ များရဲ့ အာဇာနည်

တော်လှန်ရေးခေါင်းဆောင်ဆရာစံပုန်းအောင်း ခဲ့သော ကျောင်းဆောင် အိုကြီး သည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ် ကို ဖော်ဆောင်နေ

မကြာမီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို မြို့နယ် သို့ ရောက်ရှိခိုက် တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံ ပုန်းအောင်း နေထိုင် ခဲ့ရာ နောင်ချိုမြို့နယ် မျက်ချင်းနု ကျေးရွာ ကျောင်း လေ့လာရေး ခရီး ရောက် ခဲ့သည်။ ဆရာစံ သင်္ကန်း ဝတ်ဖြင့် အင်္ဂလိပ် စစ်တပ်အား ပုန်းအောင်း ခဲ့ရာ ပြာသာဒ်ဆောင် ကျောင်းဆောင် သည် ယခုတိုင် မပျက်မစီး ထားရှိသည်။ ပြသာဒ်ဆောင် ပေါ်တွင် လှေကား မရှိတော့ပေ။ နှစ်(၁ဝဝ)ကျော် သက်တမ်းရှိ ဆရာစံ နေထိုင်ခဲ့သော ကျောင်းဆောင်၏ နံရံတွင် ပန်းပု လက်ရာများ တွေ့ရသည်။

ဆရာစံသည် မျက်ချင်းနု ကျေးရွာတွင် လုံခြုံမှု မရှိတော့ သဖြင့် နောင်ချိုမြို့နယ်၊ ဟိုခိုရွာဘက် ရွှေ့ပြောင်း သည်။ လမ်းတွင် ငုတ်စူး မိသဖြင့် ဟိုခိုရွာတွင် ဖျားနာပြီး ပုန်းအောင်း နားခို နေရ သည်။ မသမာသူ တစ်ဦး၏ သစ္စာဖောက် သတင်းပေးမှုကြောင့် ဆရာစံသည် ဟိုခိုရွာတွင် အင်္ဂလိပ်စစ်တပ် ဖမ်းဆီးခြင်း ခံလိုက်ရသည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ ခေါင်းဆောင် လည်းဖြစ် သည်။ (၁၉၃၁)ခုနှစ် ၊သြဂုတ်လ(၂) ရက်တွင် အင်္ဂလိပ်တို့ ဖမ်းဆီးခြင်း ခံရသည်။ ဆရာစံအရေး တော်ပုံတွင် ပါဝင်ခဲ့သော ဂဠုန်တပ်ဖွဲ့ ဝင်များကို နယ်ချဲ့ အင်္ဂလိပ် အစိုးရက အပြစ်ပေးခဲ့ရာ ဆရာစံ အပါအဝင် ကြိုးဒဏ် ခံရသူပေါင်း(၃ဝ၂)ဦးနှင့် တစ်သက် တစ်ကျွန်း ဒဏ်ခံရသူပေါင်း (၈၉ဝ)ရှိသည်။

ဆရာစံသည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန် အရှေ့ ရွာ ဇာတိတောင် သူလယ်သမားကြီး ဦးကျေး၊ ဒေါ်ဖက်တို့၏ သားသမီး(၅)ယောက်အနက် အငယ်ဆုံး သားဖြစ်သည်။ သာယာဝတီ ခရိုင်သို့ ဆရာစံ ရောက်ရှိ နေချိန်တွင် တောင်သူ လယ်သမား ထုကြီး တစ်ရပ်လုံးမှာ နယ်ချဲ့အစိုးရ၏ ဖိနှိပ်မှု မျိုးစုံကြောင့် ဆင်းရဲ ဒုက္ခ ရောက်နေချိန်ဖြစ် သဖြင့် နယ်ချဲ့အစိုးရအားတော်လှန်ရန် သာယာဝတီမြို့နယ်၊ အင်းရွာအနီး၊ မန်ကျည်း ကုန်းကျောင်းတွင် နေထိုင်ကာ ဂဠုန်တပ်ဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည်။ (၁၉၃ဝ)ခုနှစ်၊ ဒီဇင်ဘာ(၂၃)ရက်နေ့တွင် ရာဇဝတ်ဝန်မစ္စတာ ရေးနိုးက ဖားရွှေကျော် ကျေးရွာသို့ စေလွှတ်လိုက်သော ပုလိပ်တပ်ဖွဲ့ကို ဂဠုန်တပ်က စတင်တိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာ(၂၅)ရက်နေ့တွင် ဖားရွှေကျော် ရွာ၌ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားသည်။ ပုလိပ် အဖွဲ့ ခေါင်းဆောင် ဦးမောင်ကလေး ကျဆုံးသည်။ ဒီဇင်ဘာ(၃ဝ၊၃၁)ရက်နေ့များ တွင် ဆရာစံ၏ ဂဠုန်ဌာနချုပ် တည်ရှိရာ အလံတောင်ကို နယ်ချဲ့ အင်္ဂလိပ် တပ်များက တိုက်ခိုက် သိမ်းပိုက် လိုက်ကြသည်။ အလံတောင်မှ ဆရာစံ ရှောင်တိမ်း ထွက်သွား သောကြောင့် တောင်သူလယ် သမားအရေးတော်ပုံ အေးငြိမ်းသွားပြီဟု အင်္ဂလိပ်အစိုး ရကယူဆ သော်လည်း ထိုအရေး တော်ပုံသည် ဖျာပုံ၊ ဒေးဒရဲ၊ ဟင်္သာတ၊ အင်းစိန်၊ ပဲခူး၊ ပြည်၊ သရက်၊ မင်းဘူး၊ တောင်ငူ၊ ရမည်းသင်း၊ မြင်းခြံ၊ မိတ္တီလာ၊ မန္တလေး၊ ရေနံချောင်း၊ ရွှေဘို စသည့် ခရိုင် နယ်ပယ် များစွာ အထိ ကူးစက် ပျံ့နှံ့ သွားသည်။ ဆရာစံကို နောင်ချိုမြို့နယ် တွင် သစ္စာဖောက် သတင်းပေး မှုကြောင့် ဖမ်းမိ ခံရပြီး သာယာဝတီ ထောင်တွင် ကြိုးပေး ခံခဲ့ရသည်။ ဆရာစံကို သတိရစေရန် ဆရာစံ ပုန်းခိုခဲ့သော မျက်ချင်းနုဓနုကျေးရွာ မှ ရှေးကျောင်း ဆောင်အိုသည် နောင် မယိမ်း မယိုင် ပြိုလွဲ မသွားစေ ရအောင် ထိန်းမတ်ခြင်း၊ ရေနံ သုတ်ခြင်းဖြင့် ပြုပြင် ထားသင့်သည်။

ဓနုကျေးရွာ များတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်ကိုလည်း ပြဆိုနေသည့် ရှေးဟောင်း ကျောင်းဆောင်တစ်ခုဖြစ်သလို ဆရာစံစည်းရုံးရရှိခဲ့သော ဓနုတိုင်းရင်းသားတောင်သူများ ကိုလည်း ထိုနယ်မှ သတိရစေမည့်ကျောင်းအိုဖြစ်ပေလိမ့်မည်။

မန်းကြီး
http://www.hanthawaddy.org/2009/12/blog-post_4318.html မှ တဆင့်ဖောက်သည်ချပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်