Thursday, December 24, 2009

တိုင်းတပါးသား..မတရားတာ ငုံခံနေကြရတာကြာပေါ့

ထိုင်းနိုင်ငံရောက် ရခိုင်လူမျိုးတဦး အသတ်ခံရပြီး အလောင်းပျောက်ဆုံးနေသည်ဟု ယူဆရ

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် ရခိုင်လူမျိုးတဦးဖြစ်သော ကိုသန်းကျော်ထွန်း (ခေါ်) မောင် လပုသည် ၂၁.၁၁.၂၀၀၉ နေ့တွင် ထိုင်းနိုင်ငံသား ကိုဇတ် ဆိုသူနှင့် အပေါင်းပါတစု၏ ပြန်ပေးဆွဲမှုကို ခံရပြီး နောက် သတ်ဖြတ်ခြင်း ခံလိုက်ရ ကြောင်း သိရှိရသည်။

ကိုသန်းကျော်ထွန်း(ခေါ်)မောင်လပုအား ထိုင်းနိုင်ငံတောင်ပိုင်း၊ ကျုံဖော်မြို့နယ်၊ဖန်ခါးမြို့ နမ်မခေး ပန်နန်းဆိပ် တွင် ငါးဖမ်းစက် လှေပိုင်ရှင် ကိုဇတ်နှင့် သူ့အပေါင်းတစုက ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည် ဟု ကိုသန်းကျော် ထွန်းနှင့် အတူပြန်ပေးဆွဲခံရာရမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုမောင်ထွန်းလှမှ Arakan Review သို့ ပြောပြခဲ့သည်။

“ကျနော်တို့နှစ်ယောက်က အဲဒီ ကိုဇတ်ဆီမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ပင်လယ်ပြင်မှာ ငါးဖမ်းရတဲ့ အလုပ်ကို သိပ်မကျွမ်းတော့ (၃)လ ကျော်လောက် လုပ်ခဲ့ပြီးတော့ အလုပ်ကထွက်ခဲ့ပြီး နောက်အလုပ်တစ်ခုကို ရှာနေဆဲဖြစ်တဲ့ ဒုတိယမြောက်နေ့ နံနက်စောစောမှာတင် ကိုဇတ်နဲ့တွေ့တယ်။ သူက ကျွန်တော်တို့ကို တွေ့တာနဲ့ ကားပေါ်ကဆင်းပြီး ကျွန်တော်တို့ကို အလုပ်ရှာပေးမယ်လို့ပြောပြီး ကားပေါ် တက် ခိုင်းတယ်။ ကျွန်တော်တို့လည်း အရင်တုန်းက သူ့ဆီမှာ အလုပ်လုပ်ခဲ့ဖူးတယ်ဆိုတာရယ်၊ အလုပ်လုပ်ခဲ့စဉ်တုန်းကလည်းကိုယ့်အလုပ်ကို ကိုယ်တာဝန်ကျေအောင်လုပ်ခဲ့တာတွေ၊ ပြီးတော့ ဘာမှ မဖြစ်နိုင်ပါဘူးလို့တွေးပြီး၊ သူ အလုပ်ရှာပေးမယ်ဆိုတော့ ပိုပြီးတော့တောင်ဝမ်း သာအားကိုးတကြီးနဲ့ လိုက်သွားမိကြတယ်။ အဲဒါနဲ့သူလည်း ကျွန်တော်တို့ကို ကားပေါ်တင်ပြီး ဖန်ခါးမြို့၊ ပန်နန်းဆိပ်ကို ခေါ်သွားတယ်။ ကျွန်တော်တို့က ဘယ်ကိုသွားနေတာလဲလို့ မေးနေပေမယ့် သူက လုံးဝပြန်မပြောဘူး။ တစ်ခုခုမှားနေပြီလို့ အဲဒီတုန်းက သိလိုက်ခဲ့ ပေမယ့် အခုအချိန်မှာ နောက်ကျခဲ့ပြီ” ဟု သူက ပြောသည်။

၎င်းက ဆက်လက်ပြောပြသည်မှာ“ ပန်နန်းဆိပ်ကိုလည်း ရောက်ရော သူ့လှေပေါ်ကိုခေါ်သွားတယ်။ ငါ့နောက်ကနေလိုက်ခဲ့ မင်းတို့ အတွက် အလုပ်က ငါ့လှေပေါ်မှာလို့ပြောတယ်။ လှေပေါ်ကိုရောက်ရော သူက ကျွန်တော်တို့နှစ်ယောက်စလုံးကို သူ့ဆီမှာ အလုပ်ပြန် လုပ်ဖို့ တောင်းဆိုတယ်။ ကျွန်တော်တို့က သူကို ပြေပြေလည်လည်ပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ဘူးဆိုတာကို၊ ဒါပေမယ့် သူက အတင်းကိုပြောနေတာ သူ့ဆီမှာ အလုပ်သမားအသစ်က မရောက်သေးဘူး။ အလုပ်သမား အသစ်ရောက်ရင် မင်းတို့ကို ငါကိုယ် တိုင် မင်းတို့အတွက် အလုပ်ရှာပေးမယ်လို့ ဖျောင်းဖျတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးက လုံးဝ မလုပ်နိုင်ကြောင်းကို အကြိမ်ကြိမ် ပြောဆိုပြီးတဲ့နောက်မှာ သူ အရမ်းဒေါသထွက်သွားတယ်။ တစ်ဆက်တည်းမှာ သူပြောလိုက်တာက “ ငါ့ဆီမှာ အလုပ်မလုပ်ချင် ဘူးဆိုရင်လည်း တစ်ယောက်ကို ဘတ် ၄၅၀၀ ၊ နှစ်ယောက်ပေါင်း ဘတ် ၉၀၀၀ ပေးရမယ် ဆိုပြီး လေသံပြင်းပြင်းနဲ့ပြောရော၊ ကျွန်တော်တို့ နှစ်ယောက်စလုံးက မပေးနိုင်ဘူး လို့ သူ့ကို ပြန်ပြောခဲ့တယ်။ ကျွန်တော့်သူငယ်ချင်း (သေဆုံးသူ) ကိုသန်းကျော်ထွန်းက ပါလာတဲ့ ဘတ် ၁၃၀၀ ကို ထုတ်ပေးပြီးတော့ ဒီလောက်နဲ့ ကျေနပ်လိုက်ပြီး နှစ်ယောက်စလုံးကို ပြန်ပို့ပေးဖို့ အကြောင်းပြောတော့ ကျွန် တော်က မပေးရဘူးဆိုပြီး အဲဒီပိုက်ဆံ ကို ကိုဇတ်လက်ထဲကနေ ပြန်ယူဖို့ကြိုးစားတယ်။ အဲဒီမှာ အရမ်းပေါက်ကွဲသွားကြပြီး ကိုဇတ် နဲ့ သူ့တပည့်တွေက ကျွန်တော်ကို ရိုက်ကြတယ်။ ဘာနဲ့ဘာနဲ့ရိုက်လဲ ဆိုတာ ကျွန်တော်မသဲကွဲတော့ဘူး။ အဲဒီလိုမျိုး ရက်ရက် စက်စက် ကျွန်တော့်ဘ၀မှာ တစ်ခါမှလည်း မခံခဲ့ဖူးဘူး။ဖြစ်လာမယ့်လိုလည်း မျှော်လင့်မထားခဲ့ဘူး။ ဗြုန်းစားကြီးလည်း ဖြစ်သွားတာဆိုတော့ ပြင်ဆင်ဖို့ဘာမှမရလိုက်ဘူး။ အဲဒီနောက် ကျွန်တော့် ဘာနဲ့ အရိုက်ခံလိုက်ရလဲ မသိဘူး။ သတိလစ်သွားသလိုပဲ။ ဘာမှကို မမြင်လိုက် ရသလိုဖြစ်သွားတာ။ ကျွန်တော် လဲကျသွားတယ်လို့ထင်တယ်။ ကျွန်တော် သတိရလာတာနဲ့ ဘာမှ မကြည့်တော့ပဲ ရေထဲကိုခုန်ချပြီး သူတို့လက်ကနေ လွတ်အောင်ပြေးလာခဲ့တယ်၊ ကျွန်တော့်သူငယ်ချင်းကိုလည်း မစောင့်နိုင်ခဲ့တော့ပါဘူး” ဟု သေဆုံးသူဟု ယူဆရသူ ကိုသန်းကျော်ထွန်းနှင့် အတူတကွ ရှိနေခဲ့ပြီး ကိုဇတ်တို့ အပေါင်းအပါ လက်ထဲမှ ထွက်ပြေးလွတ်မြောက်လာသော ကိုမောင်ထွန်းလှ က ပြောသည်။

အဆိုပါ အသတ်ခံရပြီး အလောင်းပျောက်ဆုံးနေသည်ဟု ယူဆရသူ ကိုသန်းကျော်ထွန်း (ခ) မောင်လပုမှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ကူတောင်ကျေးရွာမှ ဖြစ်ကြောင်း၊ မိသားစု စားဝတ်နေရေး လွန်စွာ ကျပ်တည်းမှုကြောင့် စစ်တွေမြို့သို့ တက်လာက ဘီးလူမတံတားအနီးရှိ ဆီစက်တစ်ခုတွင် လုပ်ကိုင်ခဲ့ကြောင်း၊ သူ့၏ မိဘများမှာ ကျန်းမာရေး ချူချာသူများဖြစ်သောကြောင့် သူရှာသော ငွေဖြင့် မလောက်မငှ ဖြစ်နေသည်ကို စဉ်းစားမိရာမှာ ယခုကဲသို့ တစ်ဘက်နိုင်ငံကို အလုပ်လုပ်ရန် ရောက်လာစဉ်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း သူ့၏ ခယ်မတော်စပ်သူ မဲဆောက်မြို့၊ အထည်ခြုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မခင်မာသန်းက ပြောပြခဲ့သည်။

ကိုမောင်ထွန်းလှက ဆက်လက်ပြောပြခဲ့သည်မှာ “ကျွန်တော့်နောက်ကနေပြီးတော့ မားမား မတ်မတ် ရပ်တည်ပေးမယ့် ရခိုင်အဖွဲ့ အစည်းတစ်ခုဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းဘဲ ဖြစ်ဖြစ် ရှိနေပေးမယ်ဆိုရင် ကျွန်တော့် အဲဒီ ကိုဇတ်ကို တရားစွဲဆိုဝံ့ပါတယ်။ ကျွန်တော့်တို့ သူငယ်ချင်းနှစ်ယောက်စလုံးက တရားဝင် အလုပ်လုပ်ကိုင် နေသူတွေပါ။ ဒါပေမယ့် ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ရခိုင်တွေ ဒီလိုမျိုး သေသွားတာတွေ အများကြီးပါ။ ဘယ်သူ့ကမှ ဘာမှ မလုပ်ပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ခုလိုမျိုး ရက်ရက်စက်စက် လုပ်ရဲနေကြ တာပေါ့” ဟု ပြောပြသွားသည်။

အဆိုပါ နိုဝင်ဘာလ ၂၁ ရက် နေ့ကတည်းကပင် ရိုက်နှက်ခံရပြီး သေဆုံးသွားပြီဟု ယူဆရသော ကိုသန်းကျော်ထွန်း (ခ) မောင်လပု အား ယခုထက်တိုင် အလောင်းရှာမတွေ့သေးကြောင်း သိရှိရသည်။
http://arakanreview.22web.net/?p=2256

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်