Friday, December 18, 2009

ဗိုလိချုပ်ပြောတဲ့ ဖာနိုင်ငံကို တပ်မတော်မှ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခြင်း

မိုးမခအထောက်တော်၊ ရန်ကုန်
ရန်ကုန်မြို့၏ မြို့လယ် မြို့နယ်များ အပါအ၀င် လူနေရပ်ကွက်များ၊ လူစည်ကားရာ ရပ်ကွက်များအတွင်း တရားမ၀င်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများ မထင်မှတ်လောက်အောင် များပြားလျက် ရှိသည်ဟု ရန်ကုန်မြို့ခံများက ပြောဆိုသည်။ ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် တမြို့နယ်ထဲတွင်ပင် အနှိပ်ခန်းနှင့် ပြည့်တန်ဆာ လုပ်ငန်းပါတွဲဖက် လုပ်ကိုင်လျက်ရှိသည့်
အိမ်ခန်းပေါင်း ၃၇ ခန်းရှိသည်ဟု ထိုမြို့နယ်ထဲတွင် အနှိပ်ခန်းဖွင့်လှစ်ထားသူ တဦးက ပြောဆိုသည်။


အဆိုပါ ဖွင့်လှစ်သူက အဆိုပါ ကိန်းဂဏန်းမှာ ကျောက်တံတားမြို့နယ် မယက (မြို့ရွာအေးချမ်းသာယာရေး ကောင်စီ) နှင့် ရဲစခန်းတို့မှ ပြောဆိုသည့် ကိန်းဂဏန်းဖြစ်ပြီး ထိုအာဏာပိုင်တို့က လစဉ် အကောက်အစား ရရှိနေသည့် အတွက်ပြဿနာ တစုံတရာမပေါ်ပေါက်လျင် ဖမ်းဆီးခံရခြင်းမရှိပဲ စီမံချက်ရှိမရှိ အစရှိသည့် သတင်းအချက် အလက်များကိုပင် ရဲများက ဆိုင်ရှင်သို့ အသိပေးပြီး
လုပ်ကိုင်ခွင့်ပြုထား သည့် သဘောဖြစ်သည်ဟု ဆိုသည်။
ကားပွဲစားတန်းရှိရာ ကျောက်မြောင်းရပ် သတိပဌါန်လမ်း တ၀ိုက် မြေညီထပ်၊ ပထမထပ်နှင့် ဒုတိယထပ်များတွင်လည်း အနှိပ်ခန်းနှင့် ပြည့်တန်ဆာခန်း များစွာရှိပြီး နေ့ရောညပါ လုပ်ကိုင်နေကြသည်ဟု သတိပဌါန်လမ်းမှ ကားပွဲစားတဦးကပြောသည်။
“တလောက အနှိပ်ခန်းဆိုလို့ တာမွေဈေးနား လမ်းမပေါ်က ဗြူတီပါလာဆိုင်းဘုတ် တပ်ထားတဲ့ ဆိုင်တဆိုင်ကို တခြားကားပွဲစားတွေနဲ့ လိုက်သွားတယ်။ ဟိုရောက်ပြီး နှိပ်မယ်ဆိုပြီး အနှိပ်ခံတယ်။ နှိပ်တဲ့ မိန်းကလေးက ဦးရယ် …နှိပ်မနေပါနဲ့တော့ တခြားသူတွေလို လုပ်ပါလို့ ပြောတော့၊ အဖေါ်ကားပွဲစားတွေက အသီးသီး သူ့အခန်းသူ ၀င်ကုန်ပြီး မိန်းကလေးတွေနဲ့ ကိစ္စကို လုပ်နေကြတော့
ကျွန်တော်လည်း ခပ်ရှက်ရှက်နဲ့ ပြန်ဆင်းလာခဲ့ပြီး အောက်မှာဆင်းစောင့်နေရတော့တယ်”
ဟု အဆိုပါကားပွဲစားကပြောသည်။
သူနေထိုင်ရာ ကျောက်မြောင်းလမ်းသွယ်ထဲတွင်လည်း အနီးအနားတ၀ိုက် အထက်ပါကဲ့သို့သော အလှပြင်ခန်းအမည်ခံ အနှိပ်ခန်းများစွာ ရှိသည်ကို နောက်ပိုင်းမှ သတိပြုမိလာသည်ဟုလည်း ထပ်လောင်း ပြောဆိုသည်။
ကျောက်မြောင်းရပ်နေ အခြား စီးပွားရေး လုပ်ကိုင်သူ တဦးက
“ကျွန်တော်တို့အရှေ့ဘက် ဗျိုင်းရေအိုးစင်လမ်း တလမ်းထဲတင် အနှိပ်ခန်း ၁၀ခန်း ကျော်တယ်။ အဲဒီထဲက အနှိပ်ခန်းတခန်းဆို အ၀င်ဝမှာ ငြုပ်ဆုံနဲ့ ကျည်ပွေ့ကိုထားပြီး ဧည့်သည်များများလာအောင် နတ်ကိုးထားတာတောင် တွေ့ဖူးတယ်” ဟုပြောသည်။
ထို့အတူပင် စမ်းချောင်းမြို့နယ်ရှိ မင်္ဂလာလမ်း၊ ဆီဆုံလမ်း၊ စမ်းချောင်းလမ်းတို့ တ၀ိုက်တွင်လည်း အနှိပ်ခန်းများ အများအပြားရှိပြီး
သာမန်ရပ်ကွက်တွင် နေထိုင်သူများအနေဖြင့် ထိုဗြူတီပါလာများ မည့်သို့ လုပ်ကိုင်ရပ်တည်နေကြသည်ကို ဂဃနဏ မသိကြ ဟု စမ်းချောင်းတွင် နေထိုင်သူတဦးကဆိုသည်။
ထိုသို့အနှိပ်ခန်းများ နှင့် ပြည့်တန်ဆာလုပ်ငန်းကိုတွဲဖက်လုပ်ကိုင်လာကြခြင်းသည် နယ်မြေလုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးကိုတာဝန် ယူထားသူ ရဲများ ရ၀တ၊ မယက များက အခကြေးငွေကောက်ခံပြီး ခွင့်ပြုထားခြင်းကြောင့်သာ လုပ်ကိုင်နိုင်ခြင်းဖြစ်ပြီး အခြားသောစီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန်အခွင့်အလမ်းနည်းပါးခြင်းကြောင့်လည်း အနှိပ်ခန်းလို ငွေရလွယ်သည့်
လုပ်ငန်းများကို လုပ်ကိုင်သူများပြားလာခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ခံများက သုံးသပ်ပြောဆိုကြသည်။
လွန်ခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းရဲမှူးကြီး၏ ဇနီးဖမ်းဆီးခံရခြင်း ကိစ္စတွင်လည်း
ရဲမှူးကြီးဇနီး ကိုယ်တိုင်ဖွင့်လှစ်ထားသည့် ဗြူတီပါလာ အနှိပ်ခန်းတွင် ပြဿနာ ဖြစ်သည့် စစ်အရာရှိ နှစ်ဦးနှုင့် ပတ်သက်နေခဲ့သည်။ ထိုနောက် ရန်ကုန်တိုင်း ရဲမှူးကြီးအသစ် ခန့်အပ်ခဲ့ကာ ဗြူတီပါလာ အမည်ခံ အနှိပ်ခန်းများကို နှိမ်နှင်းတော့မည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
သို့ရာတွင် ထိုအဖြစ် အပျက်ပြီးနောက် လပိုင်းအကြာယခုအချိန်ထိ အနှိပ်ခန်းများ ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်ကိုတွေ့ရှိရသည်။
အနှိပ်ခန်းများနှင့် လောင်းကစားဒိုင်ကဲ့သို့သော တရားမ၀င်လုပ်ငန်းများမှာ မြန်မာနိုင်ငံမှ ရဲများအတွက် လစဉ်ကြေးပုံမှန်ရရှိသည့် နေရာများဖြစ်သဖြင့် အမြစ်ပြတ်အောင်နှိမ်နှင်းခြင်းထက် အကောက်အစားကောက်ပြီး မသိချင်ယောင်ဆောင်ထားသည်ကိုသာ တွေ့မြင်နေရသည်။
သတင်း မိုးမခ မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်