Monday, December 7, 2009

နို့ ရည်ခန်းနေတဲ့ မိခင် (ကောင်းကင်ကို)

အဖေနဲ့ အမေကတော့
လူမခိုးနိုင်မယ့် အမွေ
ပေးဖို့ ကြိုးစားခဲ့ကြတာပဲ။

ဒါပေမယ့်
ပေးသူနဲ့ ယူသူကြားမှာ
ခြေဆုံးခေါင်းဆုံးချော်နေတဲ့ စနစ်…
မကူးနိုင်သေးတဲ့မြစ်ကြီးတခု ခြားနေတယ်။

အရာရာတိုင်း မှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေသတဲ့။
ငါနေခဲ့ရတဲ့ကျောင်းတွေမှာ အလင်းနဲ့ အမှောင် ဘယ်လောက်အချိုးရှိလဲ။
ကျောင်းမှာ သင်ခဲ့ရတာတွေကတော့
မြန်မာစာနဲ့ အတူ အလွတ်ကျက်ခဲ့ရတဲ့ စာစီစာကုံးတွေ
အင်္ဂလိပ်စာနဲ့ အတူ အသံထွက်အမှားများနဲ့ ဝေါဟာရတွေ
သချာင်္နဲ့ အတူ မေးခွန်းခန့် မှန်းတွက်ချက်မှုတွေ
ဇီဝဗေဒနဲ့ အတူ သဘောပေါက်မှုမပါတဲ့ တပွဲတိုး ဘိုင်အိုသီချင်းတွေ
သမိုင်းနဲ့ အတူ ပေါ်လစီရောထည့်ထားတဲ့ မှိုင်းတွေ
ဂါရဝ တရားနဲ့ အတူ ရေငုံနှုတ်ပိတ် ပြန်မထောက်ပြရဲတဲ့စိတ်တွေ…

သြော်...
ကလေးငယ် တယောက်နို့ဆာနေသလို
ပညာကို ဆာလောင် ငတ်မွတ်နေသူတွေအတွက်
ကျောင်းတွေတော့ ရှိပါရဲ့။

ဒါပေမယ့်…
မတက်လို့ လည်းမရ၊ တက်ပြီးတော့လည်း ဟန်မကျတဲ့
အဲဒီ့ကျောင်းတွေကို
အားမနာတမ်း ဥပမာပေးရရင်

မြန်မာပြည်က ကျောင်းတွေဟာ...
ပူပြင်းခြောက်သွေ့ လွန်းတဲ့ ကန္တာရထဲက
လောက်တွေမျိုးပွါးနေတဲ့
သောက်ရေအိုးများ။

ကောင်းကင်ကို

1 comment:

Myo Win Zaw said...

ကောင်းကင်ကို ရေ နို့ရည်ခန်းတဲ့မိခင်ဆိုတဲ့ တင်စားချက် နမိတ်ပုံကိုကြိုက်ပါတယ် ဒီတင်စားချက်မျိုးနဲ့ ဧရာဝတီမြစ်ရယ် ဒါမှမဟုတ် အမိမြန်မာနိုင်ငံတော်က resources တွေခမ်းခြောက် သွားတဲ့ အကြောင်း ကောင်းကင်ကိုရဲ့ ခံစားချက်နဲ့ ကဗျာလေးတစ်ပုဒ်တော့ ဖတ်ခြင်မိတယ်လို့ တောင့်တပါရစေ ဒါလဲနို့ရည်ခမ်းတဲ့မိခင်ဘဲ မဟုတ်ပါလား

Post a Comment

ယခင် သတင်းများ ဖတ်ရန်