Thursday, December 3, 2009

ကိုရီးယားသွားချင်သူများ သတိထားရန်..

တောင်ကိုရီးယားနိုင်ငံသားများမလုပ်နိုင်သည့် လုပ်ငန်း များကို မြန်မာ နိုင်ငံသားများ လုပ်ကိုင် ရခြင်း ကြောင့် ထိခိုက် ဒဏ်ရာ ရမှုမှာ အများဆုံးဖြစ်

နိုင်ငံခြား လုပ်သား တိုက်ရိုက် ခေါ်ယူမှု စနစ် (Employment Permit System,EPS) ဖြင့် မြန်မာ အလုပ် သမားများအား တောင်ကိုရီးယား နိုင်ငံတွင် ပထမဦးဆုံး တရားဝင် အလုပ် လုပ်ကိုင်ရန် ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ကိုရီး ယား လူ့စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အစည်း (HRD)နှင့် မြန်မာနိုင်ငံမှ အလုပ်သမားများ ၀န်ဆောင်မှု အေဂျင်စီ ရွှေအင်းဝတို့ ပူးပေါင်းကာ တရားဝင် အလုပ်သမားများ ခေါ်ယူ ခဲ့သည်။ လက်ရှိ အချိန်တွင် တောင်ကိုရီးယား နိုင်ငံသို့ EPS စနစ်ဖြင့် သွားရောက် လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ လုပ်သား ၁၃၀၀ ကျော်ရှိနေပြီး လုပ်ငန်းခွင် မတော် တဆ ဖြစ်ရပ်ဖြင့် လူသေဆုံး ခဲ့ရသည့် ဖြစ်ရပ် ရှိခဲ့ကြောင်း စုံစမ်း သိရှိ ရပါသည်။
လုပ်ငန်းခွင်အတွင်း သေဆုံး ခဲ့ရသည့် ဖြစ်ရပ်မှာ တောင်ကိုရီးယား နိုင်ငံသို့ အလုပ် လုပ်ကိုင်ရန် EPS စနစ်ဖြင့် လွန်ခဲ့သည့် တစ်လ ကျော်ခန့်မှ ရောက်ရှိ လာသော မြန်မာ လုပ်သား တစ်ဦး သည် လုပ်ငန်းခွင်တွင် အလုပ် လုပ်ကိုင်ရင်း စက်ညပ်၍ သေဆုံး ခဲ့ရကြောင်း သိရသည်။ ထို့အပြင် သွားရောက်ကြသည့် မြန်မာ လုပ်သား အများစုသည် လုပ်ငန်း ခွင်တွင် အပင်ပန်း မခံနိုင်ခြင်းများ၊ လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်းများကို တွေ့ရကြောင်း HRD မြန်မာဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။

''သေဆုံးသွားတဲ့သူရဲ့အသက် က ၃၀ ၀န်းကျင် ရှိလောက်ပါမယ်။ အစားအသောက် ထုပ်ပိုးတဲ့အပိုင်းမှာ အလုပ်လုပ်နေတဲ့သူလို့ ပြောပါတယ်။ ပါကင်ထုပ်ရင်း ထိခိုက်မှု ဖြစ်သွားတယ်လို့ ကြားရတယ်။ အခုသွားတဲ့ သူတော်တော်များများဟာ သိပ်ပြီး အပင်ပန်း မခံနိုင်ကြပါဘူး။ သွားမယ်ဆိုကတည်းက သူတို့လူမျိုးတွေ မလုပ်နိုင်တဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ရမှာဖြစ်ပြီး ပင်ပန်းမယ်ဆိုတာ အသိတော့ ပေးထားပါတယ်။ အခု လက်ရှိမှာတော့ ပင်ပန်းတယ်ဆိုပြီး ပြန်လာတာမျိုး မရှိပါဘူး။ ပြန်လာရင်လည်း အရှုံးပဲ ရှိမှာဆိုတော့လေ'' ဟု ၄င်းကဆိုပါသည်။

ထို့ပြင် ပြင်ပအေဂျင်စီများနှင့် ချိတ်ဆက် သွားရောက်သော သူများတွင် အအေးခန်းဌာနများ၌ လုပ်ကိုင် ကြရသူများ၌ နာမကျန်းဖြစ်ခြင်း မှ နာတာရှည်ဖြစ်၍ မိခင်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်းများ၊ ကျွမ်းကျင်မှု မရှိသောနေရာများတွင် အပိုဝင်ငွေ ရရှိရန် လူစားထိုး ၀င်ရောက်လုပ်ကိုင် ခြင်းမှ ကိုယ်အင်္ဂါထိခိုက်မှု ဖြစ်ရခြင်းများ အပြင် အချို့သော စက်ယန္တရားကြီးများ ကိုင်တွယ်ကျွမ်းကျင်မှု မရှိခြင်းများ ကြောင့် အချို့မှာ သေဆုံးသည်အထိ ဖြစ်ရပ်များရှိခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံမှ EPS စနစ်ဖြင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၄ နိုင်ငံမှလုပ်သားများ ကို ခေါ်ယူထားပြီး နိုင်ငံအလိုက် HRD ရုံးခွဲများထားရှိကာ HRD မှ လုပ်ငန်းလိုအပ်ချက်ကို လိုက်၍ အလုပ်သမားများ၏ လျောက်လွှာ များကို တင်ပို့ရကြောင်း သိရသည်။ ထိုမှ တောင်ကိုရီးယား လုပ်ငန်းရှင် များက ၄င်းတို့ နှစ်သက်သဘောကျ သည့် အလုပ်သမားကို ရွေးချယ် ခေါ်ယူကြောင်း သိရှိရပါသည်။

အဆိုပါ လုပ်သားများ သွားရောက်လုပ်ကိုင်သည့် စက်ရုံများတွင် လုပ်ငန်းခွင် မ၀င်ရောက်မီ ကျွမ်းကျင်သုံးလ သင်တန်းပေးသည့် စက်ရုံ များ ရှိသကဲ့သို့ သင်တန်းပေးခြင်း မရှိဘဲ လုပ်ငန်းခွင်သို့ တန်းဝင်ရောက်ရမှု များလည်းရှိကြောင်း သိရသည်။ ထို့ကြောင့် ကျွမ်းကျင်မှုမရှိ ဘဲ အန္တရာယ် ရှိသည့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်ရသည့်အခါ မတော်တဆ ဖြစ်ရပ် များ ပေါ်ပေါက်ရခြင်း ဖြစ်နိုင်ကြောင်း ရွှေအင်းဝအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

'' ကျွန်တော်တို့အနေနဲ့ သွားမယ့်သူတွေကို အဲဒီမှာလုပ်ရမယ့် အလုပ်တွေက dangerous ၊ dirty နဲ့ difficult အလုပ်တွေဆိုပြီး ပြော လိုက်ပါတယ်။ အခု သေဆုံးသွား တဲ့သူကိုလည်း အသက်အာမခံကြေး ပေးတယ်လို့ သိရပါတယ်။ သူတို့ နိုင်ငံက လူမျိုးတွေမလုပ်ချင်တဲ့ အလုပ်မှာ လုပ်ရတာဖြစ်တဲ့အတွက် အန္တရာယ်ကတော့ ရှိမှာပါပဲ။ လုပ်ငန်း ခွင်ကျွမ်းကျင်ဖို့က အရေးကြီးတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

တောင်ကိုရီးယားသို့ လွန်ခဲ့သော ရှစ်နှစ်တွင်းကမှ စတင်ကာ မိမိ အစီအစဉ်ဖြင့် သွားရောက် လုပ်ကိုင်ခဲ့ခြင်းများ ရှိခဲ့ရာ အများစုသွား ရောက်ခဲ့သည်မှာယင်းနိုင်ငံရှိ အအေးခန်းစက်ရုံများ၊ ဆောက်လုပ်ရေး လုပ်ငန်းများတွင်သာ သွားရောက်လုပ်ကိုင်ကြရကာ ကိုရီးယား ဘာသာ စကားတတ်မြောက်မှုမရှိလည်း ယင်းအချိန်က သွားရောက်မှုများရှိခဲ့ ပြီး မြန်မာကျပ်ငွေသိန်း ၇၀ နီးပါး ကုန်ကျခဲ့သည်ဟု ကိုရီးယားနိုင်ငံ တွင် ရှစ်နှစ်တာကြာ နေထိုင်ခဲ့သူ မြန်မာလူမျိုးတစ်ဦးက ပြန်လည် ပြောပြခဲ့ပါသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကိုရီးယားနိုင်ငံရှိ အခြေခံလုပ်ငန်းခွင်များ တွင်ဝင်ရောက်ရန် အနီးကပ်သင်တန်း များ သွားခါနီးမှ တက်ရောက်ကြ သည့် အတွက် အချို့မှာ သေချာစွာ တတ်မြောက်ထားမှု မရှိသည့်အတွက် လုပ်ငန်းခွင်များတွင် မတော်တဆမှုများ မကြာခဏ ဖြစ်ပေါ်မှု များရှိခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

EPS စနစ်ဖြင့် သွားရောက် လုပ်ကိုင်သူများသည် ဒေါ်လာတစ်ထောင် နီးပါးကုန်ကျခဲ့ပြီး တစ်လလျင် အနည်းဆုံး ၀မ်ရှစ်သိန်း(တစ်ဒေါ်လာ လျင် ၀မ်တစ်ထောင့်တစ်ရာဝန်းကျင်) နှင့်ကိုးသိန်း ၀န်းကျင်ပြန်လည်ရရှိ ကာ တစ်နှစ်လျင် တစ်ကြိမ် အလုပ်သမားစာချုပ် ပြန်လည်ချုပ်ဆိုရမည် ဖြစ်ကာ သုံးနှစ် အလုပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။
http://www.hanthawaddy.org/2009/11/blog-post_52.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်