Wednesday, May 20, 2009

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်သည် Half-open Court

ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 18:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည် တရားခွင်သည် အများပြည်သူရှေ့မှောက် လုံးလုံးလျားလျား လွတ်လပ်ပွင့်လင်းစွာ စီရင်သော တရားခွင် မဟုတ်ဘဲ တစိတ်တဒေသသာ ခွင့်ပြု ဖွင့်ဟပေးလိုက်သော Half-Open Court ဟု တရားဆိုင်ဘက်က ရှေ့နေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။ သို့သော်လည်း နိုင်ငံခြား သံတမန်များနှင့် သတင်းစာဆရာ အချို့ကို တရားခွင်တွင် တက်ရောက် နားထောင်ခွင့် ပြုခြင်းကိုတော့ သူက ကြိုဆိုလိုက်သည်။

ရှေ့နေကြီး ဦးကြည်ဝင်းက ပြောကြားရာတွင် တရားလိုပြ သက်သေနှစ်ဦး၏ လျှောက်လှဲခဲ့သည့် တတိယနေ့မြောက် တရားခွင်သို့ နိုင်ငံခြားသံရုံးများမှ သံအရာရှိ ၃၀ နှင့် သတင်းစာဆရာ ၁၀ ဦးတို့ တက်ရောက် နားထောင်ခဲ့သည်ဟု ပါရှိသည်။

“ဘာအတွက်ကြောင့် သံတမန်တွေနဲ့ သတင်းစာဆရာတွေကို ခွင့်ပြုတယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒါဟာ တိုးတက်မှု ရလာဒ်တခုပဲ။ ကျနော်တို့က ပြည်သူအများ တက်ရောက် နားထောင်ခွင့်ရတဲ့ ပိုမိုပွင့်လင်း လွတ်လပ်တဲ့ တရားခွင် ဖြစ်ချင်တယ်”

“အခုတော့ Half-Open Court” ဟု သူက ထပ်ပြောသည်။
------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်အမှု မနက်ဖြန် ရုံးချိန်း
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:40 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်အမှု တရားခွင်ကို ကြာသပတေးနေ့ မေလ ၂၁ ရက်၊ ၂၀၀၉ ခုနှစ်သို့ ရုံးချိန်းပေးလိုက်သည်။
------------------------------------------------


ဒေါ်စု ရုံးတင်သည့်အပေါ် လုံခြုံရေးကောင်စီမှ ကြေညာချက် ထုတ်ရန် စဉ်းစားနေ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:25 - မြန်မာစံတော်ချိန်

အဖွဲ့ဝင်နိုင်ငံများက စကား အသုံးအနှုန်းနှင့် အတိုင်းအတာ ပမာဏအပေါ် သဘောတူညီချက် ရမည်ဆိုလျှင် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင် တရားစွဲဆိုနေမှုကို ကုလလုံခြုံရေး ကောင်စီက နယူးယောက် စံတော်ချိန် ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်နိုင်လိမ့်မည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံအခြေအနေ နောက်ဆုံးသတင်း အမှတ် ၃ အရ၊ “ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုနေမှုနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိသော ကြေညာချက်တရပ်ကို လောလောဆယ် ညှိနှိုင်းဆွေးနွေးနေသည်” ဟု ဖော်ပြထားသည်။

ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု အဖွဲ့ဝင်နိုင်ငံအများစုက သဘောတူကြသော်လည်း ဤကြေညာချက်ကို မည်သည့်ပုံစံဖြင့် ထုတ်သင့်သည်ဆိုသည့် ကိစ္စအပေါ် ဝိဝါဒကွဲပြားနေပုံရသည်။

အထူးသဖြင့် ကောင်စီအနေဖြင့် သာမန် သတင်းထုတ်ပြန်ချက်အရ ထုတ်ပြန်မည်လော၊ ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်အဖြစ် ထုတ်ပြန်မည်လော ဆိုသည့် ကိစ္စအပေါ် စဉ်းစားနေကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ၏ ကြေညာချက်မှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဆင်တူရိုးမှား အာဏာရှိပြီး ကောင်စီ၏ တွေ့ရှိချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် တာဝန်ရှိသော်လည်း၊ သတင်းထုတ်ပြန်ချက်မှာမူ အကြောင်းကိစ္စတခုနှင့် ပတ်သက်၍ ကောင်စီ၏ အမြင်သဘောထားကို ထုတ်ဖော်အသိပေးရန် ရည်ရွယ်သည့် သဘောလောက်သာ ရှိသည်။

တရုတ်၊ ရုရှနှင့် ဂျပန်နိုင်ငံတို့က စဉ်းစဉ်းစားစား သတိနှင့်ချဉ်းကပ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပြီး၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ် အပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကမူ ဒေါ်အောင်စုကြည်ကို ရုံးတင်တရားစွဲဆိုသည့်ကိစ္စအပေါ် တဖက်သတ် ပြစ်တင်ရှုတ်ချထားကြသည်။

မေလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာကို ရုရှက ရယူထားသည်။
------------------------------------------------


တည်ငြိမ်ခန့်ညားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟု သတင်းထောက်များက ပြောကြား
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:25 - မြန်မာစံတော်ချိန်

ဗဟန်းမြို့နယ် ရဲစခန်းမှူး တင်ဇော်ဝင်း က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုသည့် ယနေ့ တရားခွင်ကို မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာစတင်ပြီး ၂ နာရီ ၁၀ မိနစ်တွင် အဆုံးသတ်သွားခဲ့သည်။

အောက်ဖော်ပြပါ အချက်များမှာ အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးသို့ ဝင်ရောက် နားထောင်ခွင့်ရသည့် သတင်းထောက်များ၏ ပြောကြားချက်ကို ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။

အင်္ကျပန်းရောင်၊ ယောလုံချည်အနီ ဝတ်ဆင်ထားပြီး လက်ကိုင်အိတ်အနက် ကိုင်ဆောင်ထားသော ဒေါ်အောင်ဆန်းစုကြည်မှာ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ဆလွန်းကား ၁ခ/ ၈၉၁၈ ဖြင့် ရောက်ရှိလာခဲ့သည်။ ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းပပကတော့ ဗင်ကားတစီးဖြင့် ရောက်လာခဲ့သည်။

သူ၏ ထုံးစံအတိုင်း ယုံကြည်မှု အပြည့်အဝနှင့် တည်တည်ငြိမ်ငြိမ်ပင် တရားရုံးတွင်းသို့ ဝင်ရောက်လာခဲ့ကာ သူ၏ ရှေ့နေများကို နှုတ်ဆက်ကာ နေရာယူခဲ့သည်။

တရားလိုပြ သက်သေက ထွက်ဆိုပြီးနောက် တရားခွင်အပြီးတွင် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ဆိုသွားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သော ရုရှားနိုင်ငံ၏ သံအမတ်၊ ထိုင်းနှင် စင်္ကာပူတို့မှ သံအမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အပြီး သီးခြား တွေ့ဆုံခွင့်ရကြသည်။

နိုင်ငံခြား သတင်းထောက် တယောက်ကို သူ့အနေဖြင့် စကားပြောခွင့် မရသဖြင့် စိတ်မကောင်း ဖြစ်မိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံခြား သတင်းထောက် တယောက်က တရားခွင်ပုံကို ပန်းချီဆွဲလာခဲ့သည်။
------------------------------------------------


အင်းစိန်ထောင်ရှေ့က ရှင်းလင်းပွဲငယ်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:00 - မြန်မာစံတော်ချိန်

အင်းစိန် အကျဉ်းထောင် အတွင်းမှ ပြန်ထွက်လာသူ သတင်းထောက် အချို့က လုပ်ဖော်ကိုင်ဖက်များကို တရားခွင်တွင် မြင်တွေ့ခဲ့ရသည့်များကို ပြန်လည် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု ပါရှိသည်။

အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ကတော့ စိုးရိမ် တုန်လှုပ်ဟန် ရှိသည်ဟုလည်း ပါရှိသည်။

ရှင်းလင်း ပြောပြနေစဉ်တွင် စစ်အစိုးရ လက်သပ်မွေး စွမ်းအားရှင်များက အစုပြုံလိုက် နောက်မှ လာရောက်သည့်အတွက် ရှင်းလင်းမှု ရပ်ဆိုင်းသွားပြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်သို့ ဆက်လက် ခရီးဆက်သွားကြသည်။
------------------------------------------------


ယနေ့ တရားခွင် ပြီးဆုံး
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 14:45 - မြန်မာစံတော်ချိန်

သံတမန်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သတင်းထောက်များ အင်းစိန်ထောင် အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်သည်။
------------------------------------------------


သံဃာတော်များက ဘန်ကောက်တွင် ဆန္ဒပြ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 14:20 - မြန်မာစံတော်ချိန်

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုကို ကန့်ကွက်သောအားဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော် အပါး ၃၀ က ယနေ့ ၁နာရီကျော်ကြာ မေတ္တသုတ်ရွတ်ဆို ဆန္ဒပြမှု ပြုလုပ်ခဲ့သည်။

“သံရုံးရှေ့မှာ တန်းစီ ရပ်ကြတယ်။ ပြီးတော့ သာသနာ့အလံ ကိုင်ဆောင်ထားတယ်။ မေတ္တသုတ်ရွတ်၊ မေတ္တာပို့တယ်။ နောက်တောင်းဆိုထားတဲ့ အချက်တွေကို ဖတ်ပြတယ်။ သံရုံးကို ပေးထားခဲ့တယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာပါ။”ဟု ဦးဆောင်သံဃာတော် အရှင် ဦးတေဇက မိန့်သည်။

“ဒီနေ့ဖြစ်နေတဲ့ ကိစ္စတွေဟာ တရားနဲ့ မညီတဲ့အတွက် တရားနဲ့ လျော်ညီဖို့အတွက် တရားတော်နဲ့အညီ ဆန္ဒပြတာ ဖြစ်တယ်”ဟု ပြောသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အား တရားစွဲဆိုမှုကို ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြခဲ့မှုများ ရှိခဲ့သော်လည်း ဗုဒ္ဓဘာသာ သံဃာတော်များချည်း ဆန္ဒပြမှုကတော့ ယနေ့မှ ဗွေဆော်ဦး ဖြစ်သည်။

ဆန္ဒပြသူများက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုကို ပယ်ဖျက်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းများ အားလုံး အမြန်လွတ်ပေးရန်၊ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် တောင်းဆိုသွားခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော မြန်မာနိုင်ငံတွင် တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေရှာပါရန် သံဃာတော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြပွဲများ ၂၀၀၇ ခုနှစ်စက်တင်ဘာလက ဖြစ်ပွားခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်း၍ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရသည်။
------------------------------------------------


ဖိတ်ကြားထားသူများ အင်းစိန်ထောင်အတွင်း ဝင်ရောက်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 13:45 - မြန်မာစံတော်ချိန်

နိုင်ငံခြား သံရုံးကား ၂၅ စီးခန့် အပါအဝင် ဖိတ်ကြားထားသော အထူး ဧည့်သည်များနှင် ပြည်တွင်း သတင်းထောက်များ လိုက်ပါလာသော ကားတို့ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

ဓာတ်ပုံ ရိုက်နေသူ လူငယ်တဦးကို အရပ်ဝတ် လုံခြုံရေးများက ဖမ်းဆီးသွားခဲ့သော်လည်း ပြန်လည် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
------------------------------------------------


ယမန်နေ့ တရားခွင်သတင်း သတင်းစာများတွင် ဖော်ပြ
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:55 - မြန်မာစံတော်ချိန်

ယမန်နေ့က ပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်အမှု ဒုတိယနေ့ စစ်ဆေးမှုတွင် စစ်အစိုးရဘက် တရားလိုပြသက်သေ ၅ ဦး အစစ်ဆေးခံခဲ့ပုံနှင့် ထွက်ဆိုချက်များကို စစ်အစိုးရ ထိန်းချုပ်ထားသော နေ့စဉ် သတင်းစာများတွင် ဖော်ပြထားသည်။

မှုခင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မောင်မောင်ခင်၊ ရဲအုပ်သန်းနိုင်၊ ဒုတိယ တပ်ကြပ် မျိုးလွင်၊ ဒုတိယရဲမှူး မောင်မောင်မြင့် ၊ ရယကဥက္ကဌ ဦးသာစိန် တို့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဒုတိယရဲမှုးကြီး မောင်မောင်ခင်က သူ့အနေဖြင့် အမေရိက နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကို စစ်ဆေးရကြောင်း ပြောဆိုကာ မစ္စတာ ယက်တော မြန်မာနိုင်ငံသို့ ရောက်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ မည်သို့ သွားရောက်ခဲ့ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့က အစားအစာများ ကျွေးမွေးခဲ့ပုံကို ထွက်ဆိုသွားသည်ဟု မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။

တရားလိုပြသက်သေ အမှတ် (၇ ) ရဲတပ်ရင်းမှ ရဲအုပ်သန်းနိုင်ထွက်ဆိုချက်တွင်တော့ သူသည် ပြည်လမ်းတံတားဖြူ မှတ်တိုင် အနီး ကန်သာယာ ဆေးရုံဟောင်းတွင် အခြေပြုပြီး မေလ ၄ရက် နံနက်ပိုင်း လုံခြုံရေးတာဝန်ယူခဲ့ကြောင်းနှင့် မေလ ၆ရက်နံနက် ၅နာရီခွဲတွင် အင်းလျားကန်စပ်ဘက် သွားရောက်ကြည့်ရှုရာ ကမ်းစပ်နှင့် ကိုက်၁ဝဝခန့်တွင် အထုပ်ကို တွေ့ရကြောင်း၊ အထုပ်နှင့် ကပ်ပါလာသူမှာ နိုင်ငံခြားသား တဦး ဖြစ်သည်ကို တွေ့ရကြောင်းပြောဆိုပြီး သိမ်းဆည်းရမိသည့် ပစ္စည်းများစာရင်းကို ဖတ်ပြသွားသည်။

တရားလိုပြသက်သေ သတင်းတပ်ဖွဲ့ စစ်ဆင်ရေး ဌာနခွဲမှ ဒုတိယ ရဲမှုးမောင်မောင်မြင့် ထွက်ဆိုချက်မှာ မေ ၆ရက် နံနက် ၅နာရီခွဲခန့်တွင် ရဲတပ်ရင်း (၇ ) တပ်ခွဲ (၃ ) မှ ရဲအုပ်သန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ အင်းလျားကန်ကို ဖြတ်ပြီး ရေကူးလာသော မစ္စတာယက်တော အား လာရောက်ပို့ အပ်ပေးသဖြင့် လက်ခံခဲ့ကြောင်းနှင့် မစ္စတာယက်တော နှင့် အတူပါလာသော ပစ္စည်းများကို သက်သေ မရမ်းကုန်း မြို့နယ် အမှတ် (၄ ) ရပ်ကွက် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးသာစိန်၊ ဦးစိုးမြင့် တို့နှင့် အတူရှာဖွေ သိမ်းဆည်းကြောင်း ထွက်ဆိုသွားကြောင်း သတင်းစာက ရေးသားထားသည်။
------------------------------------------------


သတင်းစာဆရာ ၁ဝ ဦးကို ဒေါ်အောင်ဆန်းစုကြည် တရားခွင် တက်ရောက် နားထောင်ခွင့်ပြု
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 12:45 - မြန်မာစံတော်ချိန်

အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ ပြုလုပ်နေသော တတိယနေ့မြောက် ဒေါ်အောင်ဆန်းစုကြည်၏ အမှု တရားခွင်ကို ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် ငါးဦးနှင့် ပြည်တွင်း ဂျာနယ်တိုက်များမှ သတင်းထောက် ငါးဦးကို တက်ရောက် နားထောင်ခွင့်ပြုလိုက်သည်။

“နိုင်ငံခြားသတင်းဌာန သတင်းထောက် ငါးယောက်နဲ့ ဂျာနယ် သတင်းထောက် ငါးယောက်ကို မဲနှိုက်ပြီး ရွေးချယ်လိုက်တယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းဌာန သတင်းထောက်တဦးက မဇ္ဈိမသို့ ပြောသည်။

“အခုပဲ ကျနော်တို့ အင်းစိန်ထောင်ကို ဝင်နေပြီ ခင်ဗျ” ဟု သူက ပြောသည်။

တရားခွင်ကို ပြည်သူအများ တက်ရောက် နားထောင်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက တောင်းဆိုထားခဲ့သော်လည်း စစ်အစိုးရက တံခါးပိတ် တရားခွင်ကို ဆက်လက် ပြုလုပ်နေပြီးမှ သတင်းထောက် အချို့ကို နားထောင်ခွင်ပြုမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်
------------------------------------------------


သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုမည်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

နိုင်ငံခြား သံတမန်များထဲမှ သံတမန်အချို့ကို အင်းစိန်ထောင်အတွင်း အထိန်းသိမ်းခံနေရပြီး အမှုဆိုင်နေရသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံခွင့်ပြုမည်ဟု သံတမန် သတင်းရပ်ကွက်အရ သိရသည်။ ထို့အပြင် ရန်ကုန်အခြေစိုက် နိုင်ငံတကာ ကြေးနန်း သတင်းဌာနများမှ သတင်းထောက်အချို့ကိုလည်း လိုက်ပါခွင့် ပြုမည်ဟု စုံစမ်း သိရှိရသည်။



ဂမ်ဘာရီကို မြန်မာပြည်သို့ အမြန်လွှတ်ရန် စင်ပြိုင်အစိုးရပြော
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 11:30 - မြန်မာစံတော်ချိန်

စင်ပြိုင်အစိုးရဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ)က ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ အမြန်ဆုံး စေလွှတ်သင့်ကြောင်း အကြံပြုပြောဆိုလိုက်သည်။
-----------------------------------------------

စစ်အစိုးရက သံတမန်များကို ရှင်းလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 09:48 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်ပြီး စစ်အစိုးရက မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမှ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ ကိုယ်စားလှယ်များကို ကို ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ပြည်လမ်းရှိ နိုင်ငံခြားရေး ဝန်ကြီးရုံး အဆောက်အဦဟောင်းတွင် ယနေ့နံနက်တွင် ခေါ်ယူကာ ရှင်းလင်းမှု ပြုလုပ်မှာ ဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်