Saturday, May 30, 2009

ဒေါ်ကြိုင်ကြိုင် ထီးတင်သည့် ဓနုတ် စေတီပြိုကျ၊ ၅၀ ထက်မနည်း ဆေးရုံတင်ထားရ


မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၃၀ရက်၊ ၂၀၀၉

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓနုတ်ကျေးရွာတွင် တည်ရှိသော ဓနုတ်စေတီ ပြန်လည်ပြင်ဆင် နေစဉ် ပြိုကျရာမှ ရေတပ် သား အပါအ၀င် ၅၀ ဦးထက်မနည်း ဆေးရုံတင်ထားရပြီး လူရာဂဏန်းနှင့် ချီဒဏ်ရာရရှိ ကြောင်းကြားသိရသည်။
ယနေ့ နေ့လည် ၂နာရီ ၃၀မိနစ် ၀န်းကျင်က ရှေးဟောင်းစေတီကို ပြန်လည်ပြင်ဆင်လျက် ရှိသည့် ဓနုတ်စေတီ ပြိုကျရာတွင် လုပ်အားပေး လုပ်ကိုင်နေသည့် ရေတပ်မှ စစ်သားအများအပြား နှင့် နေ့စားအလုပ်သမားများနှင့် ရွှေသံလွင် ကုမ္ပဏီမှ ဆောက်လုပ်ရေး အလုပ်သမားများ ဒဏ်ရာရရှိခဲ့ကြောင်း ဒလမြို့မှ လာသော သတင်းများအရ သိရသည်။

ယခုအချိန်ထိ သိရှိရသည့် အချက်အလက်များအရ ရန်ကုန်ဆေးရုံကြီးတွင် အနည်းဆုံး လူနာ ၃၀ကျော် နှင့် ဒလဆေးရုံတွင် ၂၀ထက်မနည်း တင်ထားရှိသည် ဟုသိရသည်။

ဖြစ်ပွားပုံမှာ ဘုရားထီးတော် အောက်ပိုင်းမှ အုတ်များ စတင်ပြိုကျခဲ့ပြီးနောက် စေတီပေါ်မှ ပြင်ဆင်နေသူများ ဆင်းပြေးခဲ့ကြ သည် ဟုသိရသည်။ ထို့နောက် စေတီ ထပ်မံပြိုကျရာတွင် အနီးအနားရှိ လူများကိုပါ ထိခိုက် ဒဏ်ရာရခဲ့ ဖြစ်သည်ဟု သိရသည်။ ဒဏ်ရာရ ထိခိုက်သူ အများစုမှာ ဦးခေါင်းထိခိုက် ဒဏ်ရာရသည့် လူနာများအနက် ရေတပ်မှ စစ်သားများအား ရန်ကုန်မြို့ရှိ စစ်ဆေးရုံသို့ သယ်ယူခဲ့ပြီး အရပ်သားများမှာ ဒလဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီး တို့သို့သယ်ယူ သွားခဲ့ကြောင်း သိရသည်။ ရေတပ် စစ်သားများကို ဦးစားပေး သယ်ယူခဲ့သည်ဆိုသည့် ပြောဆိုမှုများလည်း ရှိနေပြီး၊ သာမန် အရပ်သားများ၊ နှင့် အလုပ်သမားများမှာမူ ညနေပိုင်းမှ ရန်ကုန်မြို့သို့ ပဲ့ထောင်များ၊ ကူးတို့သဘောင်္များဖြင့် သယ်ဆောင်လျက်ရှိသည် ကိုမြင်တွေ့ရသည်။

ဓနုတ်ကျေးရွာမှာ ရန်ကုန်တဘက်ကမ်း ဒလမြို့မှ ကားဖြင့် မိနစ် ၄၀ ၀န်းကျင်အကွာအဝေးတွင် တည်ရှိပြီး၊ ယမန်နှစ် နာဂစ်မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ကျေးရွာတရွာလည်း ဖြစ်သည်။ ရှေးဟောင်း စေတီ တဆူဖြစ်သည့် ထိုစေတီကို နာဂစ်မုန်တိုင်း နောက်ပိုင်း ပြန်လည်ပြင်ဆင်ရန် အလှူငွေ ကောက်ခံမှုများ ပြုလုပ်ခဲ့သည်ကို ကြားသိခဲ့ရပြီး ပြင်ဆင်မှု လုပ်ငန်းများ မပြီးဆုံးမီ လွန်ခဲ့သည့် နှစ်ပတ်ဝန်းကျင်က နအဖ စစ်ခေါင်းဆောင်၏ ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်က လာရောက် ထီးတင်ခဲ့သည် ဟုသိရသည်။

ကျေးရွာလူထု အနေဖြင့်မူ ဒေါ်ကြိုင်ကြိုင်က ယတြာခြေသည့် အနေဖြင့် လာရောက်ထီးတင်ခဲ့သည့် စေတီပြိုကျသည့် အတွက် နအဖ စစ်အစိုးရအတွက် အတိတ်နိမိတ်မကောင်းဟု ပြောဆိုဝေဘန်လျက်ရှိသည် ကိုလည်းကြားသိရသည်။
မိုးမခ သတင်းမှ

ဘုရားသမိုင်း
ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် ဓနုတ် ဆုတောင်းပြည့် စေတီတော်ကြီးဟာ ရန်ကုန်တိုင်း၊ ဒလ မြို့နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကြီးက(၂၇၊၆၊၂ဝဝ၆)ရက် မနက် (ဝ၃း၁၅) နာရီမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့

သဘာဝ ရာသီဥတု ဒဏ်ကြောင့် တနင်္လာထောင့်မှ စပြီး ထီးတော်၊ ငှက်ပျော်ဖူးနဲ့ တကွ စေတီတော်ကြီးဟာ ထက်ခြမ်းကွဲပြီး ပြိုကျ မြေခ ခဲ့ရပါတယ်။ ယခုအခါမှာ လာမည့် သီတင်းကျွတ် လပြည့်နေ့ (၁၄၊၁ဝ၊၂ဝဝ၈)ရက်က စတင်ပြီး မူလ စေတီ ဘုရား ငုတ်တိုကို ငုံကာ(၉)လနဲ့ အပြီးသတ် ပြန်လည် တည်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓနုတ် စေတီတော်ကို သာသနာ သက္ကရာဇ် (၂၄ဝ)ပြည့်နှစ်မှာ ဂေါတမ မြတ်စွာဘုရားရဲ့ ဆံတော် (၂)ဆူ ဓာတ်တော် (၂၄)ဆူတို့ကို ဌာပနာထားကာ သထုံမင်း စူဋ္ဌသီရိမာသောကရဲ့ အထောက်အပံ့နဲ့ ရဟန်းတော် အရှင်ဇာတကလေးသည် ရွာမှာ တိုက်စေတီ တည်တာကြောင့် ဒုနဂ္ဂဟစေတီလို့ ဘွဲ့တော် ပေးခဲ့ဖြစ်ပါတယ်။ နောင်အခါ တိုက်စေတီမှ သင်တိုင်းစေတီပုံ ပြင်ဆင်ခဲ့ပြီး ဓနုတ်စေတီလို့ ဘွဲ့တော် အမည် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကို မင်းအဆက်ဆက် ပြုပြင်မှုမှာ ကောဇာသက္ကရာဇ် (၇၁၅)ခုနှစ်မှာ ဟံသာဝတီ ဘုရင် ဗညားဦးနဲ့ မိဖုရားတို့က ပြန်လည် ပြုပြင်ကာ ထီးတော် တင်လှူခဲ့ပါတယ်။ သက္ကရာဇ် (၇၅၆)ခုနှစ်မှာ သုတသောမရာဇာဓရာဇ် ဘုရင်ရဲ့အမိန့်တော်အရ ဓနုတ်ကင်း သူကြီး'ထဗ'ရွှေဘုရား၊ ငွေဘုရား (၄၅)ဆူစီ ဌာပနာထားပြီး အမြင့် (၄၅)တောင်ခန့် စေတီ တည်ထားကာ ထီးတော် တင်လှူခဲ့ပါတယ်။ သက္ကရာဇ် (၉၂၆) ခုနှစ်မှာတော့ ဘုရင့်နောင် မင်းတရားကြီးက အမြင့် အတောင် (၉ဝ)ရှိ စေတီတော် ထပ်မံ တည်ကာ ကြေးထီးတော် တင်လှူပြီး စေတီတော် လုံးတော်ပြည့် ရွှေချခြင်းများ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ ဓနုတ် စေတီတော်မြတ်ကြီးကို ဥာဏ်တော် (၁၈၆)ပေ၊ ငှက်ပျောဖူး (၂၃)ပေ၊ ထီးတော်အဝ (၉)လက်မ၊ ထီးတော်အမြင့် (၃၂)ပေ၊ လုံးပတ်တော် (၁၇၄)ပေ (၈)လက်မ၊ ဖိနပ်တော် (၄၉ဝ)ပေ (၄)လက်မ ထားရှိကာ မူလပုံစံအတိုင်း ခိုင်ခန့်သပ္ပာယ်စွာ တည်ထားတော့ မှာဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ ငွေကျပ် သိန်းပေါင်း (၁၃ဝဝဝ) ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဓနုတ် စေတီတော်ကြီးကို (၉)လနဲ့ အပြီး တည်မယ်ဆိုတဲ့ နေရာမှာ အလှူငွေ ဒါနတွေ ပါဝင် လှူဒါန်းနိုင်သလို၊ လုပ်အား ဒါနများလည်း အခွင့်အခါကောင်း ဖြစ်ပါတယ်။ ဓနုတ် စေတီတော်ကြီးဟာ အခုတစ်ကြိမ် ပြိုကျတာဟာဖြင့် (၄)ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ တစ်ခါပြိုကျလိုက် တစ်ခါပြန်ပြင်လိုက်နဲ့ ဥာဏ်တော် နိမ့်နိမ့်ကနေ အမြင့်ကြီး ဖြစ်လာတာ ဖြစ်ပါတယ်။ အခုပြန်တည်မယ့် အမြင့်ဟာဆိုရင် တွံတေး ရွှေဆံတော်မြတ်နဲ့ မတိမ်းမယိမ်း ဖြစ်နေပြီ ဖြစ်ပါတယ်။ စေတီတော်ကြီး ပြန်လည် တည်ထားမှုကို ရွှေသံလွင် ကုမ္မဏီက ဦးဆောင်ပြုလုပ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ လုပ်အားဒါန ပေးလိုသူများ အနေနဲ့ ဘယ်သူမဆို လုပ်အားဒါန ပေးလှူနိုင်ကြောင်း သိရပါတယ်။ လက်ရှိမှာ အလှူငွေ အားလုံးပေါင်း သိန်းပေါင်း (၅ဝဝဝ)ခန့် ရရှိနေပြီး လိုအပ်နေသော အလှူငွေမှာ သိန်းပေါင်း (၈ဝဝဝ)ကျော် လိုနေသေးကြောင်းလည်း သိရပါတယ်။ ပြန်လည် တည်ထားမယ့် ပုံစံတော်မှာ မူလဒီဇိုင်းအတိုင်း ဆူးလေစေတီတော် ပုံစံကဲ့သို့ ရှစ်ထောင့်ဒီဇိုင်း ဖြစ်တယ်လို့ သိရပါတယ်။
http://snapshot-news.com/modules.php?name=News&file=article&sid=16229 လျှပ်တပြက်မှ

1 comment:

တာတေစနေသား said...

ဘုရားလဲပြို ငသန်းလဲ ငိုးရတော့ မယ်

Post a Comment

ယခင် သတင်းများ ဖတ်ရန်