Monday, May 25, 2009

န အ ဖ ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစားလိုက်ပြီ

ဟိန်းထက်စံ under ဆောင်းပါး

၂၀၀၉ ခုနှစ် မေလ (၁၇) ရက် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် န အ ဖ အနေဖြင့် နိုင်ငံရဲ့ လွတ်လပ်ရေးကို ရောင်းစားလိုက်ပြီ လွှင့်ပစ်လိုက်ပြီဟူသော အဓိပ္ပါယ်ထွက်ရှိသွားသည်။ တစ်နည်း၊ နယ်ချဲ့ကို ဖိတ်ခေါ်လိုက်ခြင်းသာ ဖြစ်သည်။

ဤအဆိုသည် ရဲရင့်သော အဆိုဖြစ်သည်။ နက်ရှိုင်းသော အမြင်ဖြစ်သောကြောင့် ရုတ်တရက်သော် နားလည်ရခတ်ကောင်း ခက်နေမည်။ တစ်ဘက်မှလည်း အခြားအမြင်များနှင့် တော်တော်လေးကွာခြားသည်ဟု ဆိုနိုင်သည်။ ရှင်းပြဘို့ လိုလာသည်။ လွတ်လပ်ရေးကို အသေခံချစ်မြတ်နိုးသော စိတ်အခံဖြင့် အနည်းငယ် အချိန်ပေး အနည်းငယ် ဥာဏ်အားတိုးမြှင့် အနည်းငယ် နှလုံးသားရင်ဖွင့် စိတ်ရှည်နားလည်ပေးပါရန် တောင်းပန်အပ်ပါသည်။

မိမိနိုင်ငံကို လက်နက်ဖြင့်အနိုင်ကျင့် ကျူးကျော်နယ်ချဲ့သိမ်းပိုက်လာသော နယ်ချဲ့တိုင်းတပါးကို တိုင်းပြည်မှ မောင်းထုတ်၊ တိုင်းပြည် လွတ်လပ်ရေး ရအောင် လုပ်နိုင်သည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသာ ဖြစ်သည်။ အခြား မည်သည့်အကြောင်းကြောင့်မျှ မဟုတ်။ ဤသို့ဆိုခြင်းကြောင့် အခြားအကြောင်းများ မရှိဟု ငြင်းဆိုခြင်းမဟုတ်။ အခြားအကြောင်းများလည်း ပါသည်ဟု ဝန်ခံပါသည်။ သို့သော် သူတို့သည် အခြံအရံ အဆင့်မျှသာဖြစ်သည်။ ပင်ရင်းမဟုတ်။


ပင်ရင်းစစ်စစ်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသာ ဖြစ်သည်။ တိုင်းပြည်လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံး ညီညွတ် ရေးသည် ပင်ရင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် ပထမ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် ပဓါန။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် အဓိက။ ဤမျှထိ ရှင်းပါသည်။ ဤအယူအဆကို အခြေခံအကျဆုံးသော အမှန်တရား၊ အခြားအရာများကို ဤအခြေခံအကျဆုံး အမှန်တရား၏ လက်အောက်ခံဟု တဆင့်တက် ဥာဏ်ရည်သွေး ရှုမြင်နိုင်ပါက နိုင်ငံတစ်ခု၏ လွတ်လပ်ရေးသည် ထိုနိုင်ငံ၏ စစ်တပ်ကြောင့်ဟု မည်သို့မျှ မဖြစ်နိုင်ကြောင်း ပေါ်လွင်သွားသည်။

ထို့ကြောင့် စစ်တပ်၏အလုပ်သည် လွတ်လပ်ရေးမဟုတ်။ ဤကား အမြင်သစ်။ အရင်က မမြင်ခဲ့သည်မှာ နက်ရှိုင်းစွာ ဥာဏ်မထုတ်ခဲ့ကြ၍။ သို့သော် ဤအမြင်သစ်ကမှ အမှန်။ လွတ်လပ်ရေးအတွက် အလုပ်လုပ်သွားသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသာ ဖြစ်သည်။ စစ်တပ်မဟုတ်။ စစ်သည်နောက်လိုက်။ ဤအမြင်သစ်၌ ဒုံးဒုံးချ စိတ်ချယုံကြည်လိုက်စမ်းပါ။ နိုင်ငံပြဿနာများ အကွင်းအကွင်း ရှင်းသွား ပါမည်။ ဤအမြင်သစ်သည် စစ်အာဏာရှင် မင်းသားဟန်ဆောင် သားစားကြူးဘီလူး လူသတ်သမား န အ ဖ ဆင်ခြေပေး ငြင်းချက် ထုတ် မရှောင်တိမ်းနိုင် အာဏာကုလားထိုင်မှ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်အထိ ဥာဏ်အလင်းပွင့် ကျိုးကြောင်း ခိုင်လုံပါသည်။ လူထု၏ ဥာဏ်အလင်း ပွင့်လာဖို့သာ လိုပါသည်။ လူထုကြီးကို တောင်းပန်ပါသည်။ ဥာဏ်အလင်း ပွင့်ထွက်လာအောင် ကြိုးစားကြပါ။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်လိုက်ခြင်းသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ဖိနပ်နှင့်ကန် စစ်လက်နက်ဖြင့် ချိန်လိုက်ခြင်းသာ ဖြစ်သည်။ အမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေအကြောင်းများ၊ ပါတီအကြောင်းများ၊ တစ်ဦးချင်း အ ကြောင်းများ၊ ယုတ်စွအဆုံး မခံချင်စိတ်များသည် မူလပထမ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနောက်မှ အရိပ်လိုက်ရသော ဒုတိယ တန်း အဆင့်မျှသာ ဖြစ်သည်။ လိုတော့လိုအပ်သည်။ ပထမမဟုတ်။ နိုင်ငံတကာမှ စကားများ လှုပ်ရှားမှုများလည်း ဤအ တိုင်းသာဖြစ်သည်။ လိုတော့ လိုအပ်သည်။ ပဓါန ပထမဟုတ်။

ကောင်းပြီ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး။ တကယ်ကြ ဘာလဲ။ ရှည်ရှည်ဝေးဝေး ခေါင်းရှုပ်အောင် မတွေးနှင့်။ နှစ်ခုပဲ အသေအလဲ မှတ်ထားဘို့လိုသည်။ ပထမ၊ နိုင်ငံကောင်းတစ်ခု တည်ဆောက်ခြင်း။ ဒုတိယ၊ နယ်ချဲ့ကျူးကျော်မှုကို တွန်းလှန်ကန်ထုတ် နိုင်ငံ လွတ် လပ်ရေး ကို ပြန်လည်အရယူထိမ်းသိမ်းစောင့်ရှောက် ကာကွယ်ခြင်း။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမရှိက နိုင်ငံကောင်းတစ်ခု မည်သို့မျှ မတည်ဆောက်နိုင်။ ပြည်တွင်းစစ်များနှင့် အသက်အိုးအိမ်စည်းစိမ် ပျက်စီးမှုများသာ ဖြစ်နေမည်။ ယခုလက်ရှိ မျက်မှောက် ကမ္ဘာတွင် ပြည်တွင်းစစ်ဖြစ်နေသော နိုင်ငံများ မည်မျှအတိဒုက္ခရောက်နေသည်။ ပြည်တွင်းစစ်မရှိ အေးချမ်းသောနိုင်ငံများ သူ့နိုင်ငံဖွံ့ဖြိုးမှု အတွက် မည်မျှကြိုးပမ်းနိုင် မည်မျှအောင်မြင်နေသည်ကို ဒိဋ္ဌဓမ္မအထင်အရှား တွေ့မြင်နေရသည်။ သူတို့နိုင်ငံ၏စစ်တပ်နှင့် ဘာမျှမဆိုင်။ တိုင်းရင်းသား စည်းလုံးညီညွတ်ခြင်းက လုပ်ပေးနေခြင်းသာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ကြိုတင်သတ်မှတ်ချက်မရှိ ပွင့်လင်းလွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ အာဃာမထားကြေး သင်ပုန်းချေရေးတို့ကို အမြဲတန်းပြောနေသူ ဖြစ်သည်။ ထို့ပြင်တဝ ဒေါ်အောင်ဆန်းစုကြည်သည် တစ်ပြည်လုံး အတိုင်းအတာနှင့် (န အ ဖ လို နှစ်ယောက်တစ်ပိုင်း သေးသေးတာတာ အစိတ်အ ပိုင်း လေးမဟုတ်) လူထုခေါင်းဆောင်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲရလာစ်က န အ ဖ ပင်မငြင်းနိုင်အောင် အတည်ပြုပြီးဖြစ်သည်။

ဤလိုပုဂ္ဂိုလ်မျိုးကိုမှ န အ ဖ က အပြစ်မရှိအပြစ်ရှာ ယမယ်ရှာ လိမ်ဆင်လုပ်ကြံ ဖန်တီးမှုများဖြင့် တရားစွဲဆိုလိုက်သည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ဖိနပ်နှင့်ကန် စစ်လက်သီးနှင့်ထိုး စစ်လက်ဝါးစောင်းနှင့်ခုတ် စစ်လက်နက်ဖြင့်ပစ် ချိန်လိုက်ခြင်းသာဖြစ်သည်။ ဤအဓိပ္ပါယ်မှလွဲ၍ အခြားအဓိပ္ပါယ် မရှိနိုင်တော့။ ဤအဖြေသာ အဖြေမှန်ဖြစ်သည်။ ဤအမြင်သာ အမြင်မှန်ဖြစ်သည်။ လူထုကြီး ဆက် စပ်ကြည့်တက် ပါပြီလားခင်ဗျား။ ဥာဏ်လေးနဲနဲလေး တိုးကြည့် ရှင်းသွားပါမည်။

ယခုအမှုကိစ္စတွင် ထူးခြားချက်တစ်ခု ရှိနေသည်။ လူသတ်လက်နက်ကလေး ရှိယုံနှင့် ကိုယ့်ကိုယ်ကို အထင်ကြီး ဘဝင်မြင့် ရွှေဥာဏ် တော်စောက် …. ရူးနေသော န အ ဖ မျက်စေ့လျှံသွားသော ထူးခြားချက်ဟု ဆိုနိုင်သည်။ အမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံခြားသားတစ်ဦးပါ ပါဝင်ပတ်သက်နေခြင်း ဖြစ်သည်။ ကိုယ့်သေတွင်းကိုယ်တူး၊ ကိုယ့်ဗိုက်ကိုယ် ဓါးနှင့်ထိုးသော န အ ဖ ၏ တစ်လွဲ ဆံပင်ကောင်း မိုက်မဲမှားယွင်းသွားမှု ဖြစ်သည်။

နယ်ချဲ့ဆိုသည်မှာ အနည်းဆုံးပြောလျှင် တိုင်းတပါး နိုင်ငံခြားသာဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုသည်မှာ အနည်း ဆုံးပြောလျှင် လွတ်လပ်ရေးသာ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံခြားဟု ရှိနေသမျှကာလပတ်လုံး နယ်ချဲ့အန္တရာယ် (တကယ်နယ်ချဲ့နေသည် ဟုတ်မဟုတ် အပထား) သည် အမြဲရှိနေသည်။ ယခုကမ္ဘာတွင် နိုင်ငံခြားမရှိဟု ငြင်း၍မတော့ပါ။

ဤအမှန်တရားမှ အဖြေထွက်လာသည်မှာ နိုင်ငံငယ်များအနေနှင့် နယ်ချဲ့အန္တရာယ်ကို အမြဲသတိရှိ စောင့်ကြည့်နေရမည်ဟု ဖြစ်သည်။ နယ်ချဲ့အန္တရာယ်ကို အမြဲစောင့်ကြည့် သတိရှိနေရမည်ဆိုမှတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကျိုးအပေါက် အပြောက် အကြား မရှိလေသရောင်သော်မျှ မခံ အမြဲပိုက်ထွေး မွေးမြူစောင့်ထိမ်း နေရမည်ဟုဖြစ်သည်။

ယခုအဖြစ်ကိုကြည့်။ တစ်ဘက်က နိုင်ငံခြားသား။ တစ်ဘက်က ဒေါ်အောင်ဆန်းစုကြည်။ ဤပုံစံကားချပ်ဖြစ်နေသည်။ တစ်ဆင့် တက်လိုက်ပါ။ တစ်ဘက်က နယ်ချဲ့အန္တရာယ်၊ တစ်ဘက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟု ဖြစ်သွားသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၂၀၀၉ ခု မေလ ၂၀ ရက်နေ့တွင် နိုင်ငံခြားသား သံတမန်များ (၎င်းမှတစ်ဆင့် တစ်ကမ္ဘာ လုံးသို့) ကို ပြောခဲ့သည်။ “တကယ်ဖြစ်ချင်တယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လုပ်လို့ရတာတွေ အများကြီး ရှိပါသေးတယ်။ အချိန်မနှောင်းသေးပါ” ဟု။ ဒေါ်အောင်ဆန်းစုကြည်၏ မကျိုးမပေါက် မပြောက်မကြားလေသရောင်သော်မျှ မခံရလျှင် ရသလောက်အချိန်ကလေးမှာပင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးကို ကာကွယ်လိုက်ခြင်းပင်။

နိုင်ငံတစ်ခု၏ လွတ်လပ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် စစ်တပ်နှင့်ဘာမျှမဆိုင်ဟု အထက်၌ ဥာဏ်ရည်တစ်ဆင့် တက်သုံးသပ်ပြခဲ့ပြီ။ ယခု န အ ဖ (စစ်တပ်) က ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲနေသည်။ ဘာဖွင့်ဆိုချက်နှင့် ဘာအဓိပ္ပါယ်ကို ကောက်ချက်ချကြမည်နည်း။ ပထမ၊ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေး။ ဒုတိယ၊ န အ ဖ (စစ်တပ်) က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးတို့နှင့် ဘာမျှမဆိုင်။ လယ်ပြင်တွင် ဆင်သွားသည်ကဲ့သို့ ထင်း ထင်း ကြီး ဘွင်းဘွင်းကြီး ရှင်းရှင်းကြီး အဖြေပေါ်လာပါသည်။ န အ ဖ ဟူသည် အခြားမဟုတ်၊ တိုင်းပြည်လွတ်လပ်ရေးကို ရောင်းစားလိုက် ခြင်းသာ ဖြစ်သည်ဟူသော အဖြေဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ဖိနပ်အောက် ချနင်း၊ နိုင်ငံလွတ်လပ်ရေးကို တိုင်းတစ်ပါးသို့ ရောင်းစားနေခြင်းသာ ဖြစ်သည်။ ယခင်က အနောက်ကနယ်ချဲ့ ဗြိတိသျှ။ ယခုဝယ်လက်က အရှေ့က ဖြစ်ချင်ဖြစ်မည်။ ဝယ်လက်က ဝယ်သည်မဝယ်သည်အပထား ရောင်းလက် န အ ဖ ကတော့ တိုင်းပြည်သစ္စာဖောက် ဖြစ်သွားသည်။ နယ်ချဲ့စက္ကူဖြူကို လူထုကြီးက ပြည်လုံးကျွတ် ဆန္ဒပြပွဲများဖြင့် မောင်းထုတ်ခဲ့သည်။ ယခုလူထုကြီးကလည်း ပြည်လုံးကျွတ် လမ်းပေါ်ထွက်၊ သစ္စာဖောက် န အ ဖ ကို တရားစီရင် မောင်းထုတ်ကြရန်သာ ရှိတော့သည်။
ရေးသားသူ။ ။ သမာသမတ်
http://thirdeye4u.22web.net/?p=4131#more-4131

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်