Friday, May 29, 2009

ဒါ လူအခွင့်အရေး ကိစ္စမဟုတ်ဖူးလား..သိသူကမေးနေပြီ

ဒေါ်အောင်ဆန်းစုကြည် ရုံးတင်တဲ့ကိစ္စ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ ရှုတ်ချ
29 May 2009

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှာ စွဲချက်တင် ရုံးတင်စစ်ဆေးတာဟာ ဥပဒေလမ်းကြောင်း နဲ့ညီတဲ့ တရားစီရင်မှုမျိုး မဟုတ်ဘဲ နိုင်ငံရေးအရအမြတ်ထုတ်လိုတာကြောင့် ဖြစ်တယ်ဆိုပြီး ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။
အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

“ကျနော့်အမြင်မှာတော့ ဒါဟာ အခြေအမြစ် လုံးဝမရှိတဲ့ စွပ်စွဲချက်သာ ဖြစ်ပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ သူတို့ရဲ့ဥပဒေတွေကိုသုံးပြီး ဒါဟာ ဥပဒေနဲ့အညီ လုပ်နေတာပါလို့ ကမ္ဘာကိုပြသဖို့ ကြိုးစားနေပါတယ်။ ကျနော့်အမြင်မှာ တော့ ဒါဟာ လုံးဝမမှန်ပါဘူး။ ဒါဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ပြုလုပ်နေတဲ့ ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။ သူမကို ချက်ချင်း လွှတ်ပေးသင့် ပါတယ်။”

ဆက်လက်ပြီး မစ္စတာကင်တားနားက သူ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ်အခါက မြန်မာနိုင်ငံ တရားရုံးချုပ်က တရား သူကြီး တွေနဲ့ တွေ့ဆုံစကားပြောခွင့် ရခဲ့တဲ့အကြောင်း၊ မြန်မာတရားသူကြီးတွေရဲ့ ပြောပြချက်အရဆိုရင်သူတို့တွေအားလုံးကို စစ်တပ်ကပဲ တရားသူကြီးတွေအဖြစ် ခန့်အပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဆီမှာ လွတ်လပ်စွာ တရားစီရင် ပိုင်ခွင့် အာဏာ မရှိတာက သေချာတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် ပို့ပြီးပြီးချင်း မစ္စတာကင်တားနားက ဒီတရားစီရင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်းကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့်ဇူလိုင်လကြရင်လည်း မစ္စတာ ကင်တား နားဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။အခုလောလောဆယ်မှာတော့ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေ နဲ့ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်သမျှတွေကို အနီးကပ် သုံးသပ်လေ့လာနေတယ်လို့ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ အခုလို ရုံးတင်စစ်ဆေးနေတဲ့ ကိစ္စအပြင်မြန်မာပြည်တ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ်အခုအချိန်မှာ နိုင်ငံတကာအနေနဲ့ ဘာလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာကင်တားနားက သူ့ ရဲ့အမြင် ကို အခုလိုပြောခဲ့ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီအချိန်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်မှာ သက်ဆိုင်တဲ့အင်အားစုအားလုံးပါဝင်ခွင့်မပေးရင် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူးဆိုတာနိုင်ငံတကာ အသိုင်းအ၀ိုင်းက အခိုင်အမာပြသဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ
ဆန်းစစ်သုံးသပ်ပြီး ဘယ်လိုအဆုံးအဖြတ်မျိုး ချမှတ်သင့်တယ်ဆိုတာ စဉ်းစားဖို့အင်မတန် အရေးကြီးနေပါတယ်။”

ဆက်လက်ပြီး မစ္စတာကင်တားနားက မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) အနေနဲ့တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ကိုလည်း မြန်မာ့အ ရေး နဲ့ ပတ်သက်ပြီး တခြားနိုင်ငံတကာ အသိုက်အ၀န်းနဲ့ လက်တွဲလုပ်ကိုင်ဖို့ ပိုပြီး ဖိအားပေး တိုက်တွန်းသင့်တယ်လို့လည်း ပြောခဲ့ပါ တယ်။

မစ္စတာကင်တားနား မတိုင်မီ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကိုစုံစမ်းစစ်ဆေးဖို့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro)ကလည်း မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံးဖွဲ့စည်းသင့်တယ်လို့ နယူးယောက်ခ်တိုင်းမ်စ်သတင်းစာမှာ မနေ့က အာဘော်ဆောင်းပါးတပုဒ်ရေးပြီးတိုက်တွန်းခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးဖို့ သူ့အနေနဲ့ အတန်တန် တိုက်တွန်းခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကိုထိုက်ထိုက်တန်တန် ခံနေရပေမယ့် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံလောက်ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေကတော့ နိုင်ငံတကာရဲ့ မသိကျိုး ကျွန်ပြုခြင်းတွေရဲ့နောက်ကွယ်မှာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း တိုင်းရင်းသား ကျေးရွာ ပေါင်း ၃,၃၀၀ ကျော် ဖျက်ဆီးခြင်း ခံခဲ့ရတဲ့အပြင် အဓမ္မခိုင်းစေမှုတွေ၊ ကျေးရွာက အမျိုးသမီးတွေကို မြန်မာစစ်သားတွေ မုဒိမ်းကျင့်မှု တွေပြုခဲ့တဲ့ အပေါ်မှာ စစ်အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တာတွေကို မစ္စတာပင်ညဲရိုးကထောက်ပြခဲ့ပါတယ်။
http://www.voanews.com/burmese/2009-05-29-voa1.cfm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်