Thursday, May 28, 2009

(ဥဏှောက်က) ပညာကနဲနဲ အာဏာကများများ

ဟိန်းထက်စံ under ဆောင်းပါး

ယနေ့ မြန်မာနိုင်ငံ၌ ဖြစ်နေသော နိုင်ငံရေး ဒုက္ခပေါင်းစုံ၏ အကြောင်းရင်းမှာ ပညာကနဲနဲ အာဏာကများများ ချိန်ခွင်ညှာ တစ်ဖက်စောင်းနင်း ရွဲ့စောင်းနေခြင်းဖြစ်သည်။ နိုင်ငံရေးဒုက္ခဟု စကားလုံးအသစ်တစ်ခု ထွင်သုံးခဲ့သည်။ အထူးလိုအပ်နေ၍ သုံးရခြင်းဖြစ်သည်။ အများစု (အများစုပင်မဟုတ်၊ အားလုံးနီးပါး) ပြောနေကြသည်မှာ နိုင်ငံရေးဟု ဖြစ်သည်။ ဒုက္ခဟုမပါ။ နိုင်ငံရေးနှင့် ရပ်ထားသည်။ အမှန်ဖြစ်နေသည်က တစ်ပြည်လုံး ခိုကိုးရာမဲ့ဒုက္ခ ဖြစ်နေသည်။ မြန်မာပြည်၏ အမှောင်ထု အနက်ရှိုင်းဆုံးအချိန်ဟု နောင်တစ်ချိန် လွတ်မြောက်လာသောအခါ၌ မှတ်တမ်းတင်ရမည့် ကာလဖြစ်သည်။

မြန်မာနိုင်ငံ ပြည်သူများ ကယ်သူဝေး အားကိုးရာမဲ့ ဖြစ်နေသည်။ အုပ်စိုးသူ န အ ဖ ကို (အချောင်သမား အလိုတော်ရိများမှလွဲ၍) မည်သူမျှမကြိုက်။ ဆင်ခြေအတုများဖြင့် မိမိကိုယ်မိမိ လိမ်ညာ ဟိုကွေ့ဟိုတက် သည်ကွေ့သည်တက် မချိသော်လည်း သွားဖြဲရယ်နေကြရသည်။ ပြည်သူများ၏ ဘဝသည် လုံခြုံမှုမရှိ၊ မျှော်လင့်ချက်မရှိ၊ အာမခံချက်မရှိ။ တစ်ကြောင်းထည်းရေးရသော် မိမိဘဝကိုပင် မိမိမပိုင်သော ပြည်သူများဟု။ ဤသို့ဖြစ်နေသည်ကိုမှ ဒုက္ခဟုမခေါ်လျှင် ဘာခေါ်ရမည်နည်း။ ထို့ကြောင့် နိုင်ငံရေးဒုက္ခ။


အုပ်စိုးသူ န အ ဖ ဘက်မှလည်း စိတ်အေးလက်အေး ပျော်နေနိုင်သည်မဟုတ်။ ပြည်သူက ဘယ်သူမျှ သူတို့ကိုမကြိုက်မှန်း သူတို့သိသည်။ မီဒီယာ အလိမ်အညာများ၊ အာဏာအဆင့်ဆင့်၊ ငွေကြေးနှင့် အခွင့်အရေး လာဘ်ပေးမှုများ၊ ရက်ရက်စက်စက် လူသတ်မှုများဖြင့် ကျားကန်ထားရသည်။ စိတ်ဒုက္ခ အကြီးအကျယ်ဖြစ်စေသော အနေအထားဖြစ်သည်။ ဒါကို စည်းစိမ်ခံစားမှုများဖြင့် စိတ်ဖြေနေကြရသည်။ တကယ်တော့ စိတ်ပျော်နိုင်မည်မဟုတ်။ ပြည်သူများအပေါ် ရက်စက်မှုကို အာဟာရလုပ်၍ သူတို့လည်း မချိသွားဖြဲ လုပ်နေကြရသည်။ ဤသည်ကိုလည်း နိုင်ငံရေးဒုက္ခဟု ပြောနိုင်သည်။

နှစ်ဦးနှစ်ဘက်စလုံး နိုင်ငံရေးဒုက္ခများနှင့်။ ဘာကြောင့် ဤသို့ဖြစ်နေရသနည်း။ အနာသိဆေးရှိ အဖြေရှိရမည်။ လွတ်လမ်းရှိရမည်။

အဖြေမှာ တစ်ပြည်လုံးအတိုင်းအတာနှင့် ပညာကနဲနဲ အာဏာကများများ အလုပ်လုပ်နေကြသောကြောင့် ဖြစ်သည်။ သော့ချက်က ဤမှာဖြစ်သည်။ ပြောင်းပြန်လှန်ပစ်ရမည်။ ပညာကများများ အာဏာကနဲနဲ ဖြစ်ရမည်။ ဒုက္ခအပေါင်းမှ လွတ်ကင်းနိုင်သည်မှာ အာဏာမဟုတ်။ အာဏာကို အခြေခံက သူ့ထက်သူ လူစွမ်းကောင်း ပေါ်လာတက်သည်။ ထိုအခါ မိမိသည် ဒုက္ခတွင်းပြန်လည် သက်ဆင်းရတော့သည်။ မဆလ၊ နဝတ၊ နအဖ တို့၏အဖေ တော်လှန်ရေးကောင်စီ အာဏာတက်သိမ်းသည်မှာ ဤသူ့ထက်သူ လူစွမ်းကောင်းသဘောမျိုး ဖြစ်သည်။ ပါတီအာဏာများ၊ ပါလီမန်အာဏာများ ခံလိုက်ရသည်။ ဒုက္ခအပေါင်းမှ ယတိပြတ် တကယ်လွတ်ကင်းနိုင်သည်မှာ ပညာသာဖြစ်သည်။ ပထမအဆင့် ပညာနှင့်မရသေးက ဒုတိယအဆင့် ပညာသို့တက်သွားရသည်။ ဒုတိယနှင့်မရသေးက တတိယ စသည်စသည် အဆင့်ဆင့် တက်သွားရသည်။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့၊ နောက်ဆုံး၌ ဒုက္ခအပေါင်းမှ တကယ်လွတ်မြောက်သွားသည်။ ဘာသာရေးကလည်း ဤပုံစံလမ်းကြောင်းအတိုင်း ဖြစ်သည်။ ကောင်းနေသော ဤလမ်းကြောင်းကို နိုင်ငံရေးအတွက်လည်း ချသုံးပါက နိုင်ငံရေးဒုက္ခအပေါင်းမှ လွတ်ကင်းသွားနိုင်သည်။ ဤအဖြေကို ယခုရလိုက်ပြီ။

ပညာကများများ အာဏာကနဲနဲ ပုံသဏ္ဍန်များ မြန်မာပြည်တွင် ဖြစ်ခဲ့ဘူးပါသည်။ မြန်မာမင်းများ သမိုင်းကို ပညာကများများ အာဏာကနဲနဲဟု သတ်မှတ်၍ရသည်။ အနည်းဆုံး အောင်မှတ်မီပါသည်။ ဗြိတိသျှကိုလိုနီ နှစ်တစ်ရာကျော်သည် ပညာကနဲနဲ အာဏာကများများ ပုံသဏ္ဍန်ဖြစ်သည်။ မြန်မာလူထုက ဗြိတိသျှနယ်ချဲ့ကို မောင်းထုတ်ခဲ့သည့် အဓိကအကြောင်းရင်းမှာ ဤအကြောင်းရင်းသာဖြစ်သည်။ ကျန်အကြောင်းများမှာ ဤအကြောင်းရင်း၏ လက်အောက်ခံသာ ဖြစ်သည်။ ခေတ်မီသည် ခေတ်မမီသည်မှာ အဓိကအကြောင်းရင်း မဟုတ်။ ပညာများများ အာဏာနဲနဲဆိုက အချိန်တန်လျှင် အလိုလိုခေတ်မီလာလိမ့်မည်။ ပူစရာမလို။ ထို့ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့ခြင်းမှာ ဗြိတိသျှ၏ ပညာနဲနဲ အာဏာများများကို ပြောင်းပြန်လှန်လျှက် ပညာများများ အာဏာနဲနဲ ပြန်လုပ်လိုသော ဇာတိမာန်ကြောင့်သာ ဖြစ်သည်။

ဤအကြောင်းရင်းကသာ အဓိကကျသည်။ အချက်အခြာကျသည်။ ဒါကို သမိုင်းပညာရှင်များ၊ နိုင်ငံရေးပညာရှင်များ၊ နိုင်ငံရေးသမားများ မျက်စေ့လည်နေခြင်းသာ ဖြစ်သည်။ ထို့ကြောင့်လည်း ၁၉၅၈ခုတွင် စစ်ဦးစီးချုပ် ဦးစီးသော အိမ်စောင့်အစိုးရ ပေါ်လာခြင်းဖြစ်သည်။ အိပ်နေသောကျားကို သွားနှိုးလိုက်သလို စစ်အာဏာရှင်ကို အသိပေးလိုက်သလို ဖြစ်သွားသည်။ သမိုင်းအမဲကွက်တစ်ခု ဖြစ်သွားသည်။ ပညာနဲနဲ အာဏာများများ ဖြစ်သွားသောကြောင့်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအခြေအနေသည် ပညာများများအာဏာနဲနဲ အခြေအနေဟု ပြောနိုင်သည်။ သို့သော် ရုတ်တရက် အသစ်တစ်ခု ထလုပ်ရသည့် သဘောဆောင်သောကြောင့် နုနယ်သော ပညာများများ အာဏာနဲနဲဟု ဖြစ်နေရသည်။ ဒါလည်း သဘာဝကျပါသည်။ နုရာမှ ရင့်လာမည်။ ဒါကလည်း ဓမ္မတာလမ်းကြောင်း။ ကြိုးလည်း ကြိုးစားနေကြသည်။ နုသေးသောကြောင့် အနာအဆာလေးများ အနည်းအကျဉ်းတော့ ရှိရမည်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်။ စိတ်ရှည်ဘို့လိုသည်။ ဒီလမ်းပဲရှိသည်။ သေချာသည်။

သို့သော် စိတ်ကြီးဝင် ဘဝင်မြင့်နေသော ထိုကာလ စစ်ဦးစီးချုပ်နေဝင်းဆိုသူက ဤလမ်းကြောင်းကို ရိုက်ချိုးပစ်လိုက်သည်။ စစ်အင်အားသုံး၍ နိုင်ငံကို သိမ်းယူလိုက်သည်။ ပညာကနဲနဲ အာဏာကများများ ပြန်ဖြစ်သွားသည်။ ဗြိတိသျှကိုလိုနီ နှစ်တရာကျော်ကအတိုင်း ပြန်ဖြစ်သွားသည်။ တစ်ခုသာ ကွာသွားသည်။ ဗြိတိသျှတို့တုံးက မျက်နှာဖြူဘုရင်ခံ။ ယခုက မျက်နှာညို မြန်မာစစ်တပ် စစ်ဦးစီးချုပ်။ ကျန်တာအားလုံး အတူတူ။ အဖြစ်ကတော့ ဒါပါပဲ။

ကျွန်တော်တို့က ပညာနဲနဲ အာဏာများများကို ပညာများများ အာဏာနဲနဲအဖြစ် ပြန်ပြောင်းပစ်ရမည်။ သို့မှသာ နိုင်ငံရေးဒုက္ခများမှ ကင်းဝေးသွားမည်။ တာဝန်မှာ ဗြိတိသျှနယ်ချဲ့ကို မောင်းထုတ်စဉ်ကလို ယခု န အ ဖ ကိုလည်း မောင်းထုတ်ပစ်ရမည်။ နယ်ချဲ့ကို နိုင်ခဲ့သလို န အ ဖ ကိုလည်း နိုင်ရမည်။

မောင်းထုတ်နိုင်သော၊ ပြီးတော့ အသေအချာ အနိုင်ရနိုင်သောအားမှာ နယ်ချဲ့တုန်းကလိုပင် လူထုတစ်ရပ်လုံး တစ်ပြည်လုံးအားဖြစ်သည်။ မျက်စေ့ မလည်ပါနှင့်။ န အ ဖ ကို ညှာစရာမလို။ ပြည်သူ့က်သား ပြည်သူနှင့်ဘဝတူ အောက်ခြေစစ်သားထုကို မောင်းထုတ်သည်မဟုတ်။ ထိပ်ပိုင်းလူယုတ်မာ စစ်ဗိုလ်ဆယ်ဂဏန်းလောက်ကို မောင်းထုတ်ခြင်းသာ ဖြစ်သည်။ လူထုက ညီညာဇွဲကောင်း သတ္တိရှိက ထိုစစ်ဗိုလ်ဆယ်ဦးလောက် ဝပ်ဆင်းသွားပါမည်။

ရေးသားသူ။ ။ သမာသမတ်
http://thirdeye4u.22web.net/?p=4190#more-4190 မှ ကူးယူဖေိာပြပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်