Sunday, May 31, 2009

သာသာထိုးထိုးလေး ပြောလိုက်ပါရစေ

လေညှာက အနေသာပေမဲ့တပြည်တရွာက မသေမချာ ရေမရာဖြစ်နေကြပုံတွေကိုတော့ဖြင့် ဘာဘာဘိုးဘိုးက သာသာထိုးထိုးလေး တင်ပြလိုက်ပါရစေ။
မုတ်သုန်လေ မြောက်ပြန်လေလို ရာသီအလိုက်တိုက်ခတ်တတ်ကြတဲ့ လေမျိုးတွေလို ခုတမျိုး တော်ကြာတမျိုး အမျိုးမျိုးအဖုံဖုံ စုံလင်စွာဖြင့် လိုက်လျှောက်လုပ်နေကြတဲ့ ပြည်ပရောက် နိုင်ငံရေးအဖွဲ့စည်းအသီးသီးနဲ့ ဦးဆောင်ဦးရွက်ပြုသူအများစုဟာ အာဏာရူးစစ်အစိုးရရဲ့ ပြောင်းလဲတဲ့ မူဝါဒ လမ်းစဉ်နဲ့ လုပ်ရပ်တွေအပေါ်ကြည့်ပြီး နောက်တော်ပါးကလိုက်လျှောက်လုပ်နေကြတာကို တွေ့မြင်နေကြရမှာဖြစ်ပါတယ်။
ပြည်ပအတိုက်အခံအဖွဲ့အစည်းတွေအနေနဲ့ တီထွင်ကြံဆပြီး စစ်အစိုးရအပေါ်လက်ဦးမှုရအောင် ဦးဆောင်၍တိုက်ခိုက်တာမျိုး ထိုးစစ်ဆင်လှုပ်ရှားတာမျိုးကိုတော့ဖြင့် လုံးဝဥဿုံ မတွေ့ရသလောက်ပါပဲ။ ဒီကြားထဲ ဆုတ်ကပ်ကို ရောက်လာနေပြီဖြစ်တဲ့ ကမBာကြီးရဲ့ သဘာဝဘေးအန္တာရယ် တွေကိုပါ ရင်ဆိုင်ကြုံတွေ့နေရလေတော့ ကျနော်တို့ ပြည်သူတွေခမျာ အလွန့်အလွန်ကိုပဲ ခေတ်နောက်ကျ ကျန်ရစ်နေခဲ့ပါပြီဆိုရင်လည်း မှားမယ်မထင်ပါဘူး။
အခုလိုခေတ်မှီတိုးတက်လှတဲ့ ( ဤ) နည်းပညာ ခေတ်ကြီးထဲမှာ အမြဲတမ်းနောက်ဆုံးက လိုက်နေကြရတဲ့ကျနော်တို့ ဗမာပြည်သူတွေအနေနဲ့ကတော့ ဒီ့ ထက်ပိုပြီး ခေတ်နောက်ကျစရာ မရှိတော့ဘူးဖြစ်မှာပါပဲ။ (မဆလ) ရဲ့ မူအရမလုပ် မရှုတ် မပြုတ် ဆိုတာလိုမျိုး ဘာမှဝင်ရောက် ဆောင်ရွက်ခြင်း လုပ်ဆောင်ခြင်း မပြုကြရင်တော့ ပြုတ်စရာအကြောင်းမရှိ အန္တယ်ရယ်ကင်း ဘေးရှင်းနေနိုင်ကြပေလိမ့်မပေါ့။ အဲဒီလိုခေါင်းဆောင်တွေရဲ့နောက်ကို လိုက်နေကြမယ်ဆိုရင်တော့ဖြင့် “ထူးမခြားနား” သီချင်းလိုပဲ ဘယ်လိုမှ နလံပြန်ထူလာနိုင်စရာ အကြာင်းမရှိတော့ပါဘူး။
ဘိုးဘိုးတို့ အရွယ်ကလဲ တော်လှန်ရေးကောင်စီမတက်မီအချိန်ကတည်းက မွေးဖွားကြီးပြင်းလာကြရသူမို့ မြန်မာ့နိုင်ငံ့ရေးရာတွေကို လုံးစေ့ပတ်စေ့ မသိနိုင်ခဲ့သော်ငြားလည်း ယနေ့ဖြစ်ပျက်မှု ရပ်တည်မှု အခြေအနေတွေကို လေ့လာသုံးသပ်ကြည့်ခြင်းအားဖြင့် အတော်ကလေးတော့ တီးခေါက်မိပါတယ်၊ မြင်နိုင် ပြောနိုင်ပါတယ်။ ခက်တာက လူသားအားလုံးဟာ မှန်တာကို ကြိုက်ကြတယ် လက္ခံချင်ကြ တဲ့သူတွေချည်းပါပဲ။ ဒါပေမဲ့ ထူးခြားတာက မှန်တာကို ဒဲ့ပြောရင် ဒဲ့ရေးရင်တော့ ဘယ်သူမှသိပ်ပြီး မကြိုက်ချင်ကြတော့တာကိုက ဓမ္မတာ တစ်ခုလိုဖြစ်နေပြန်တယ်။ (ဒီလိုပြောတော့ မောင်လွန်ရာကျမယ်မဟုတ်ပါလား)
၁၉၈၈ ခုနှစ်နောက်ပိုင်း ယခုဆိုလျှင် နှစ်ပေါင်း(၂ဝ)ကျော်ခရီးမှာ ထူးထူးခြားခြား ပြောင်းလဲတိုးတက်လာခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲရယ်လို့ ဘာမှ မယ်မယ်ရရ မရှိခဲ့ မတွေ့ခဲ့ရသေးသဖြင့် အောင်မြင်မှုလမ်းစကိုပင် ရှာဖွေမတွေ့ရသေးဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည်။အနောက်နိုင်ငံများ တိုးတက်ပြောင်းလဲရခြင်းသည် နည်းလမ်းသစ်များကိုရှာဖွေခြင်း လေ့လာသုံးသပ်ခြင်း လက်တွေ့ကျကျ အကောင်ထည်ဖေါ် ဆောင်ရွက်စေခြင်းတို့ကြောင့်သာ တိုးတက်မှုနှုန်းမြန်ဆန်သည်ဟု ယူဆရပေမည်၊ ကျနော်တို့မြန်မာတွေကသည်လိုမဟုတ် ကိုယ်တိုင်လည်း မတီထွင်မကြံဆချင်ကြ ၊သူများက တီထွင်ကြံဆမည်ဆိုရင်လည်း ဝိုင်းဝန်းပံ့ပိုးအားပေးကူညီခြင်းမရှိ၊ အပျက်သဘောကို ဆောင်ကာကန့်ကွက်ကြ ၊ရှုတ်ချကြ၊ ဖျက်မျဉ်းများကများနေ၍ ဖြစ်မည်ထင်ပါသည်။ နိုင်ငံရေးသမား ဟောင်းကြီးများကလဲ အလွန့်အလွန်ပင် တွေးခေါ်ကြံဆမှုအပိုင်း အားနည်းနေသည်လော (သို့တည်းမဟုတ်) တွေဝေနေကြသည်လောဟု စဉ်းစားစရာဖြစ်လာပါတော့သည်။

နိုင်ငံရေးအတွေးအခေါ်များကို ပြောင်းလဲလာသော ခေတ်ကာလနဲ့အညီ ကိုက်ညီအောင်အခြေအနေအရ ပြောင်းလဲပြစ်ရမည့် သဘောဆောင်သည်။တော်လှန်ရေးကို သွေးနှင့်လုပ်ဆောင်ရမည်မှာမှန်သော်လည်း ဒါကိုနောက်ဆုံးအဆင့် ရောက်မှသာ လုပ်ဆောင်သင့်ပေသည်ဟု ယူဆမိပါသည်။

ပြည်ပရောက်နိုင်ငံရေးအဖွဲ့အစည်းများသည်လည်း ရွက်ကျပင်ပေါက်ပမာ ရောက်ရာ ကျရာ နေရာတိုင်းမှာပင် အပင်ပေါက်(အဖွဲ့တွေဖွဲ့) ထပ်တလဲလဲ ခွဲထွက်ဖွဲ့ကြသည်ကလွဲလို့ တစုတဝေးတည်း ပေါင်းစည်းခြင်း၊ ဖွဲ့စည်းတည်ထောင်ခြင်း ဆိုတာမျိုးကိုတော့ဖြင့် ကြားရဖို့ဝေလာဝေးစွ၊ စိတ်ကူးထဲပင် တွေးမိသည့်ပုံမမြင်ပါ ။ဒီကြားထဲ ဒီမိုကရေစီကဘယ်နားနေသည် မသိသေး ဖက်ဒရယ်ပြည်ထောင်စုအရေးကို ဦးစားပေးကြံရွယ်နေကြသူများကလည်း တမှောင့်၊ ဒီမိုကရေစီတိုင်းပြည်ရယ်လို့ပေါ်ပေါက်လာကာမှ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံဆိုတာ ဖြစ်လာနိုင်မယ်ဆိုတာကိုမှ မသိကြလို့ဘဲလား မသိကျိုးကျွံပြုနေကြ တာဘဲလားဆိုတာကိုတော့ မိမိဖာသာမိမိအသိဆုံးပင်ဖြစ်ပေလိမ့်မည်။

ပြည်ပရှိညွန့်ပေါင်းအစိုးရအဖွဲ့အစည်းများသည်ပင်လျှင် အချင်းချင်းစုစည်းမှုအားပျက်ပြားလာကာ အမိန့်အာဏာမရှိသော ဝန်ကြီးများကိုယ်တိုင် မဆလ အငွေ့အသက်များမကုန်သေးကြောင်းကို အမိန့်အာဏာမရှိသောအစိုးရအဖွဲ့တွင်း အာဏာလုရွေးချယ်ပွဲပြုလုပ်ကြရင်း စိတ်လိုက်မာန်ပါ ရန်ပွဲတွေကိုပါ ဆင်နွဲနေကြသည်မှာ ကမ္ဘာ့အလည်တွင်မြန်မာ့သတ္တိကို တလွဲဆံပင်ကောင်း အရှက်အကြောက်ကင်းစွာ ဖေါ်ပြနေခြင်းသည် လွန်စွာမှပင်သတိသံဝေဂ ရရှိသင့်ပေသည်။ အမိန့်အာဏာ မရရှိသော်ငြား မည်သည့်အကျိုးတရားများ ရရှိနေ၍ ဤသို့ပြုမူခဲ့ကြသည်ကိုတော့ဖြင့် ကာယကံရှင်များသာလျှင် အသိဆုံးပင်ဖြစ်ပေလိမ့်မည်။ဘိုးဘိုး အနေနဲ့တော့ တခြားသောဘာဘာညာညာတွေကို မတွေးချင် မရေးချင်လိုတော့ပါ။

ဆန္ဒပြလှုပ်ရှားနေကြသူအများစုမှာလည်း မိမိတို့ရဲ့လိုအင်ဆန္ဒများပြည့်ဝစေရန်သာရည်ရွယ်ခြင်း၊ မိမိတို့ရဲ့

အားလပ်သောအချိန်အပိုင်းခြားများတွင်သာ ပြုလုပ်နေကြခြင်း၊ တခါတရံ မိမိကိုယ်တိုင်ကပင် မည်သည့်အတွက် မည်သို့လုပ်ဆောင်နေကြသည်ကိုပင် မသိကြသူကများနေပေသည်။ ဒီတော့ ဘာကိုရည်ရွယ်ပြီး ဘာတွေဖြစ်လာနိုင်မယ်ဆိုတာလဲမသိ၊ ဘာမသိညာမသိနဲ့ပဲ နှစ် လ ရက် အချိန်တို့ လွန်မြောက်၍ (၂၁)နှစ်ပင်ပြည့်တော့မည်ဖြစ်ပေသည်။ တခါတရံမှာတော့ ခေါင်းဆောင်လုပ်သူတွေ တချို့ရယ်ကြောင့် နောက်လိုက်တွေမှာ ဘယ်နောက်ကို လိုက်ရမှန်းမသိ ဖြစ်နေကြရတာကိုလည်း စိတ်မကောင်းခြင်းများစွာဖြင့် တွေ့မြင်နေကြရသည်မှာလည်း လွန်စွာစိတ်ထိခိုက်မိရပေသည်။

မိမိတို့ခေါင်းဆောင်များရဲ့ လက်သုံးစကားအတိုင်း (တူတာတွေတွဲလုပ်ကြ ၊ မတူတာတွေခွဲလုပ်ကြမည်) ဆိုသော ဆောင်ပုဒ်ကိုပင်မေ့လျှော့နေကြသည်လော ။ ခုတော့ တူတာတွေကိုပါ ခွဲထွက်၍ သူ့ထက်ငါ အလုအယက်လုပ်နေကြတာကိုလည်း မြင်တွေ့ကြားသိနေရပြန်တော့ ဒီမိုကရေစီအရေးတွေးမိပြန်တော့ ရင်လေးမိရပြန်သည်။ တခုတော့ရှိသည် ဦးဆောင်ပါတီ (NLD) ကိုတော့ အားလုံးက ဝိုင်းရံတတ်ကြတာကိုပဲ ကျေးဇူးတင်ရပေအုံးမှာဖြစ်သည်။

ပြည်ပရောက် “၈၈”ရဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပြန်လည်သုံးသပ်တင်ပြရမယ်ဆိုလျှင် ဟိုတချိန်တုန်းက တောထဲမှာတုန်းက ဆိုတာမျိုးတွေကိုသာ ပြန်ပြောင်းပြောဆိုကြတာကလွဲလို့ ရှေ့ရေးအတွက် ဘာကိုမှမယ်မယ်ရရ ပြောဆိုတင်ပြနိုင်ခြင်း ဆောင်ရွက်ခြင်း ဝေဖန်သုံးသပ်နိုင်ခြင်းများကို အလျဉ်းမရှိကြဘဲ နိုင်ငံတကာလှည့်လည်ပြီး လိုအပ်တာများကိုမှာစားပြီး အိပ်မက်တွေပေး ပြန်သွားကြတာကိုလည်း အားလုံးအသိအမြင်ပဲ မဟုတ်ပါလား။

ဒီတော့ အားလုံးကိုခြုံငုံသုံးသပ်ရပါမူ ဦးဆောင်ပါတီများနဲ့ ၈၈ မျိုးဆက်သစ်ကျောင်းသားများ၊ အတိုက်အခံ ပါတီအဖွဲ့အစည်းများ သည်ပင် စစ်အစိုးရကဖမ်းဆီးနှိပ်စက် ထောင်ချနေသည့်ကြားမှပင် အမျိုးမျိုးသောလှုပ်ရှားမှု အုံကြွမှုနဲ့ထကြွမှုများကို အလျဉ်းသင့်သလို လှုပ်ရှားနေကြပါလျှက်နှင့် ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးနှင့် အတိုက်အခံပါတီများ ပံ့ပိုးကူညီထောက်ပံ့နေကြသော အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ်ပင် လှုပ်ရှားနိုင်သော လုပ်ဆောင်နိုင်သော ပြောင်းလဲမှုပြုနိုင်ကြသော ပြည်တွင်းမှ ရဲဘော်မိတ်ဆွေများအား အမှန်ပင်လိုအပ်သောငွေကြေး အကြံဥာဏ် အင်အားများအဖြစ်ပံ့ပိုးနိုင်ကြစေရန် အထူးပင် အလေးထား ဆောင်ရွက်သင့်ပါကြောင်းကို သတိပြုမိစေရန် ရည်ရွယ်လျှက် ဘာဘာဘိုးဘိုးမှ သာသာထိုးထိုး လေး ရေးသားတင်ပြလိုက်ရပါတော့သည်။
(တိုက်ဆိုင်မှုရှိလျှင်ခွင့်လွှတ်နိုင်ကြပါစေ၊ တိုင်းပြည်အကျိုးကိုရည်ရွယ်လျှက် ရေးသားဖေါ်ပြလိုက်ရပါသည်) (ဘာဘာဘိုးဘိုး - ခေတ္တ တိုကျို )

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်