Friday, May 29, 2009

ပြည်သူကို အကျိုးပြုတဲ့ တပ်မတော်ပါ ကောင်းကျိုးမဟုတ်ပါ ဆိုးကျိုးသာပြုပါသည်

ကျောင်းရန်ပုံငွေ စစ်ဗိုလ် လက်ထဲရောက်
အယ်ဒီတာ့ထံပေးစာ
ကြာသပတေးနေ့၊ မေလ 28 2009 17:51 - မြန်မာစံတော်ချိန်
သို့ -
အယ်ဒီတာခင်ဗျား
ကျနော်တို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အထက ၅ မှ ကျောင်းသား မိဘများ ဖြစ်ကြပါသည်။

အထက ၅ မှ ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ ဗိုလ်ကြီးမျိုးနိုင်ဦးနှင့် ဇနီးသည်၏ အကျင့်ပျက်မှုများကို အထက်အရာရှိများ သိစေရန် မဇ္ဈိမမှတဆင့် စာရေး အသိပေးလိုခြင်း ဖြစ်ပါသည်။

၂ဝဝ၈-ဝ၉ ပညာသင်နှစ်တွင် ကျောင်းအပ်ရာ၌ ကျောင်းအုပ်ချုပ်မှုတာဝန်ခံ အရာရှိ ဗိုလ်ကြီး မျိုးနိုင်ဦးက ကျောင်းသား ဟောင်း/သစ်တို့ထံမှ ကျောင်းရန်ပုံငွေ ကျပ်သိန်း ၆ဝ ကောက်ခံရရှိသော်လည်း ကျောင်းလုပ်ငန်းများတွင် သုံးစွဲခြင်း

မရှိသည့်အပြင် ယင်းငွေများနှင့် ပတ်သက်၍ မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့တို့အား ခေါ်ယူညှိနှိုင်းခြင်း၊ ရှင်းလင်းတင်ပြခြင်းလည်း မရှိခဲ့ပါ။

ယမန်နှစ် ဇွန်လ ကျောင်းဖွင့်စကာလတွင် စာသင်ခန်း တခန်းစီ၌ ဘီဒိုတလုံးကျ ထားရှိရမည်ဟုဆိုကာ ကျောင်းသား/သူများထံမှ တဦးလျှင် ၁ဝဝဝ ကျပ် အတင်းအကျပ် ကောက်ခံ၍ ဝယ်ယူခဲ့ပါသည်။ ထို့နောက် သူငယ်တန်း (အထူးခန်း) ထားမည်ဟုဆိုကာ ငွေကြေးတတ်နိုင်သော ကျောင်းသား-သူ ၂ဝ ခန့်၏ မိဘများထံမှ အလှူငွေ ကျပ် နှစ်သောင်းစီ ကောက်ခံပါသည်။ နှစ်ထပ်ကျောင်းဆောင်သစ် ရှေ့တွင်လည်း ဆင်ဝင်ဆောက်လုပ်ရန်ဟုဆိုကာ ကျောင်းရှိ ကျောင်းသား-သူ ၁၂ဝဝ ထံမှ တဦးလျှင် ၁ဝဝဝ ကျပ်စီ ကောက်ခံသည့်အပြင် ငွေတတ်နိုင်သော မိဘ ၅ဝ ကျော်အား ရွေးချယ်ဖိတ်ကြား၍ ကျောင်းအုပ်ကြီး ရုံးခန်းအတွင်းတွင် တဦးလျှင် အနည်းဆုံး ကျပ် တသောင်း မဖြစ်မနေ ထည့်ဝင်ရပါသည်။

ကျောင်းသားလည်ဆွဲ ကဒ်ပြားများကို ပြင်ပတွင် ၅ဝဝ ကျပ်ဖြင့် အပ်နှံပြီး ၈ဝဝ ကျပ်ဖြင့် ပြန်ရောင်းချပြန်ပါသည်။ ထို့အပြင် ခွင့်တိုင်ကဒ်ပြားများ ပြုလုပ်ပြီး တခုလျင် ၂ဝဝ ကျပ်ဖြင့် ကျောင်းသားများကို ရောင်းခဲ့သော်လည်း အမှန်တကယ် ခွင့်တိုင် သောအခါ ယင်းကဒ်ကို သုံးခြင်းမပြုဘဲ ခွင့်စာကို ရေးတင်ရပါသည်။

ဝါဆိုသင်္ဃန်းကပ်လှူရာတွင် ကျောင်းသားတဦးလျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် ကျောင်းသား ၁၂ဝဝ ထံမှ ကောက်ခံရရှိငွေ ကျပ် ၁ဝ သိန်းကျော်မှလည်း အမှန်သုံးစွဲငွေမှာ ၅ သိန်းခန့်သာရှိပါသည်။ အောက်တိုဘာလတွင် ဆရာကန်တော့ပွဲ ကျင်းပရန်ဟုဆိုကာ ကျောင်းသားတဦးလျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် အလှူပစ္စည်းများ ကောက်ခံပါသည်။ အဆိုပါ ငွေများကိုလည်း ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိ ဗိုလ်ကြီး မျိုးနိုင်ဦးနှင့် ဇနီး ဒေါ်စုစုလှိုင်တို့မှ ၎င်းတို့သဘောကျ သုံးစွဲခဲ့ပါသည်။

၂ဝဝ၈ စက်တင်ဘာ ၁ ရက်နေ့မှ ၂ဝဝ၉ ဇန်နဝါရီလကုန်အထိ ကျောင်းစုဝေးရင်ပြင် ပြုလုပ်ရန်အတွက် ကျောင်းသားတဦးလျှင် တပတ် ၂ဝဝ ကျပ် ကောက်ခံခဲ့သော်လည်း ၎င်းစုဝေးရင်ပြင်ကို မြင်ကောင်းရုံသက်သက်သာ ပြုလုပ်ခဲ့ပါသည်။

၂ဝဝ၉-၁ဝ ပညာသင်နှစ်တွင်လည်း ကျောင်းအပ်နှံရာတွင် ဝင်ခွင့်ပုံစံများကို တွဲဘက် ပြည်နယ်ပညာရေးမှူးရုံးမှ အခမဲ့ ဖြန့်ဝေခိုင်းသော်လည်း ကျောင်းအုပ်ချုပ်မှု တာဝန်ခံအရာရှိမှ တစောင်လျှင် ၂ဝဝ ကျပ်ဖြင့် ရောင်းချပါသည်။ ကျောင်းလက်ခံရာတွင်လည်း ကျောင်းသားသစ်တဦးလျှင် ကျောင်းရန်ပုံငွေအဖြစ် အနည်းဆုံး ကျပ် ၃ သောင်း၊ ၅ သောင်း၊ ၇ သောင်းနှင့် တသိန်းမှ နှစ်သိန်းအထိ ကောက်ခံနေပါသည်။

ယခုကဲ့သို့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အထက ၅ မှ ကျောင်းအုပ်ချုပ်မှု အရာရှိ ဗိုလ်ကြီး မျိုးနိုင်ဦးနှင့် ဇနီးတို့က ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများထံမှ ငွေများကို အတင်းအကျပ် ကောက်ခံ၍ မိမိစိတ်တိုင်းကျ ထင်သလိုပြုမှုများကို နေပြည်တော်ရှိ သက်ဆိုင်ရာ အထက်လူကြီးများ သိရှိနိုင်ရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။

ကျိုင်းတုံ အထက ၅ မှ ကျောင်းသားမိဘများ

ကျိုင်းတုံမြို့

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်