Thursday, May 28, 2009

မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်

အံ့ဘုန်းမြတ် (2009 MAY 8)

မြို့ရိုးတခြမ်းမရှိတော့တဲ့ အဲ့ဒီမြို့ဟောင်းလေမှာ တစ်ချိန်တုန်းက သွေသံတွေ ရွှဲရွှဲဆိုခဲ့တဲ့ စစ်ပွဲတစ်ချို့ရဲ့ စီးချင်းထိုးသံတွေဟာ အခုအချိန်ထိ ပျံလွှင့်နေတုန်းပဲလို့ ဆိုရမှာပေါ့။ ကာယခွန်အားကို ဘုရားလိုကိုးကွယ်ခဲ့ကြတဲ့ အဲ့ဒီလိုခေတ်တုန်းကတော့ သူရဲကောင်းဆိုတာ အသက်ကို ဖက်နဲ့ထုတ်နေခဲ့ကြမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ စစ်ပွဲဆိုတာ လူငယ်သေကြေပြီး လူကြီးတွေ စကားပြောရာ နေရာတစ်ခုဖြစ်ခဲ့ရတယ်….

ကာယခွန်အားကို စိုက်ထုတ်… ရဲစွမ်းသတိကို အရင်းအနှီးပြုပြီး သူရဲကောင်းဖြစ်ချင်တဲ့ ဘယ်လူငယ်တွေရဲ့နာမည်မှ ကျောက်စာအတင်မခံခဲ့ရတာကတော့ အမှန်တရားတစ်ခုပဲ… ဒါကို သမိုင်းလို့ ခက်ညံ့ညံ့ ပုဂ္ဂိုလ်တွေက ဖွင့်ဆိုကြပြန်တော့ သမိုင်းဆိုတာ သွေးနဲ့ရေးတာမျိုးမှ ဟုတ်ရဲ့လားလို့ သံသယဖြစ်စရာကောင်းလာလေရဲ့….. ဒီလိုနဲ့ အနာဂတ်ပါဆိုတဲ့ လူငယ်တွေ ဘယ်ခေတ်အထိ သေဆုံးပေးနေကြရဦးမှာလဲ….

အဲ့ဒီခေတ်က လူငယ်တွေရဲ့ ဆောင်ဓားတွေမှာ သွေးအလိမ့်လိမ့်ပေကြံနေခဲ့ကြမှာ သေခြာနေပေမယ့် ပြတိုက်ထဲမှာ ငြိမ်သက် စွာလဲလျှောင်းနေတဲ့ ဂုဏ်ပြုခံ ပြဇာတ်ဆန်တဲ့ ဆောင်ဓားတွေကိုတော့ သူတို့ကိုင်ဆောင်ခဲ့ကြတယ်ဆိုတာ သံသယဖြစ်စရာ ကောင်းလှပေရဲ့….

စစ်မက်ဆိုတာ အေးချမ်းသာယာနေတဲ့ တောအုပ်တစ်ခုတည်းမှာလည်း ဖြစ်ချင်ဖြစ်နေနိုင်သလို ရွှေအတိချထားတဲ့ စည်းစိမ်ခံ နန်းဆောင်တွေထဲမှာလည်း ဖြစ်နေနိုင်ပါတယ်…. အဓိကကတော့ သူရဲကောင်းလို့ ကျောက်စာအတင်မခံရနိုင်မှန်း သိလိုက်ရတဲ့အချိန်မှာ… အနာဂတ်ရဲ့လူငယ်တွေဟာ ကိုယ်ကိုယ်တိုင် ပန်းခြံတွေကြားမှာ လမ်းလျှောက်ရင်း စကားပြော နိုင်ကြစေဖို့ ဆောင်ဓားတွေကိုဆွဲထုတ် စည်းစိမ်ခံ နန်းဆောင်တွေကို မီးရှို့ပစ်ဖို့ပဲလိုတယ်…

သမိုင်းကို သမိုင်းဖြစ်ဖို့အတွက်… သူတို့ရဲ့ဆောင်ဓားတွေဟာ သူတို့အနာဂတ်အတွက်ပဲဖြစ်နေရင် ဘယ်အသက်ကိုမှ သူတို့ဖက်နဲ့ထုပ်နေမှာ မဟုတ်တော့တာ သေခြာတယ်… ဒီလိုနဲ့ ယုံကြည်ချက်အပြည့်နဲ့ သူတို့မျက်နှာကို နှောင်းလူငယ်တွေ မှင်ကြောင်ထိုးကြလိမ့်မယ်… အသွေးအသားနဲ့ ရင်းနှီးခဲ့ကြရတဲ့ သူတို့ရဲ့အနာဂတ်ကို သူတို့ဟာသူတို့ ပြဌာန်းနိုင်ကြလိမ့်မယ်… ဒါဟာ သမိုင်းပါလို့ ရဲရဲဝန့်ဝန့်ကြွေးကြော် နေကြပါလိမ့်မယ်…. နောက်နောင် ဘယ်သောအခါမျိုးမျှာမှ စစ်ပွဲတွေ ထပ်ဖြစ်မလာ နိုင်စေဖို့အတွက်ပေါ့…. စစ်ပွဲဆိုတာ ပျက်ဆီဆုံးရှုံးမှုတွေနဲ့ အနိဌာရုံတွေရဲ့ ဘဏ်ဌာတိုက်လို့ဆိုရပေမယ့် သမိုင်းတလျှောက်မှာ တော့ စစ်ပွဲတွေပြီးမှ ပိုတိုးတက်လာတာကြည့်ရယ်ပါ… အဲ့ဒီတိုးတက်မှုဆိုတာတွေထဲမှာလည်း ယဉ်ကျေးမှုဆို တာတွေက အတုံးလိုက်အတစ်လိုက် ကျန်ရှိနေခဲ့ဦးမှာပဲလေ…။ ဒီလိုနဲ့ မျိုးဆက်တစ်ဆက်နဲ့တစ်ဆက် လက်ဆင့်ကမ်းသယ်လာတဲ့ မီးရှူးတိုင်ဟာ ပန်းတိုင်မရောက်ခင်မှာ ငြိမ်းမသွားဖို့ပဲလိုတယ်…

အံ့ဘုန်းမြတ် (2009 MAY 8)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်