Wednesday, May 27, 2009

ဒေါ်စုသတင်းများ..

ယနေ့ တရားခွင် ပြီးဆုံး၊ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း၊ ဦးဥာဏ်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်(မဇ္ဈိမ)

ဦးဥာဏ်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 18:35 - မြန်မာစံတော်ချိန်

“ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ နေအိမ် အကျယ်ချုပ်ဆိုတာ မရှိတော့ဘူး။ ဘာတွေ သက်ရောက်လာနိုင်မလဲ ပြောလို့ရှိရင် နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မရှိတော့ဘူး ပြောလို့ ရသွားတယ်ပေါ့။”
“သူ့ကြေညာချက်အရ သူကိုယ်တိုင်က အကျဉ်းကျနေတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များနှင့် တရားဥပဒေရဲ့ အကာအကွယ် မရခဲ့ဘူး။ တရားဥပဒေရဲ့ ညှာတာမှုကိုလည်း မရခဲ့ဘူး။ ထောင်ကို နှစ်ရှည် ချခံနေရသူဖြစ်လို့ ဒီလိုအချိန်မှာ သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားတစုံတဦး ဒုက္ခရောက်အောင် တွန်းပို့တဲ့ အလုပ်ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီ ကြေငြာချက် ဖော်ပြထားပါတယ်။”
------------------------------
ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်များ
အင်္ဂါနေ့၊ မေလ 26 2009 16:25 - မြန်မာစံတော်ချိန်
ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်။
တရားရုံးအတွင်း ဝင်ရောက်လာပြီးနောက် သူ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပေးအပ်သော စာတစောင်ကို မျက်မှန်ထုတ်ကာ ဖတ်နေခဲ့သည်။ စာဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြသည်။
တရားရုံးအတွင်း ရှိနေသော လုံခြုံရေးများက “ထိုင်ကြပါ ထိုင်ကြပါ” ဟု တိုက်တွန်းခဲ့ကြသည်။
ထို့နောက် တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်ခဲ့သည်။
------------------------------
ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း
အင်္ဂါနေ့၊ မေလ 26 2009 16:00 - မြန်မာစံတော်ချိန်
ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။
သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။
မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။
ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။
ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။
------------------------------
ယနေ့ တရားခွင် ပြီးဆုံး
အင်္ဂါနေ့၊ မေလ 26 2009 14:55 - မြန်မာစံတော်ချိန်
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်လည် ထွက်လာကြပြီ ဖြစ်သည်။
------------------------------
ဦးဝင်းတင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 13:45 - မြန်မာစံတော်ချိန်
“ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်”
“အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။ သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”
------------------------------
တရားရုံးတွင်းသို့ ဝင်ရောက်
အင်္ဂါနေ့၊ မေလ 26 2009 13:20 - မြန်မာစံတော်ချိန်
သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူး တရားရုံး အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
သက်သေစာရင်း တင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်မှာ ယနေ့တွင် တရားရုံးသို့ ဝင်ရောက်ခွင့် မရသေးပါ။
“သူတို့ တရားရုံးကနေ သမ္မာန်စာပို့မှ မနက်ဖြန်မှ ထွက်ဆိုရမယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးက လက်ခံရင် အိမ်ကို သမန်စာပို့မယ် အဲဒီအချိန်ကျမှ အထဲသွားရမှာဘဲ။” ဟု ဦးဝင်းတင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော အနေဖြင့် အင်းစိန်ဈေးအနီး လာရောက် စောင့်ဆိုင်းနေကြသူ နှစ်ရာကျော် ရောက်ရှိနေကြပြီ ဖြစ်သည်။
“ဒီနေ့ထိ ပိတ်ထားတာကတော့ ပုံမှန်ပဲ။ လုံခြုံရေးက ထပ်ချထားတယ်။ အရင်နေ့ထက်ပို များတယ်။ ဈေးထိပ်အကုန်လုံး ပတ်ပတ်လည် ကာထားတယ်။ ဈေးအပေါ်ထပ်တွေမှာရော အများကြီးပဲ။ အရင်နေ့က နှစ်ယောက်လောက်ဘဲ ရှိတာ။ ဒီနေ့တော့ တနေရာမှာ ၄ ယောက်တတွဲ လုပ်ထားတယ်။”
------------------------------
စစ်အစိုးရ၏ သဘောထားကို သိစေချင်
အင်္ဂါနေ့၊ မေလ 26 2009 10:50 - မြန်မာစံတော်ချိန်
ရဲချုပ်ခင်ရီက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာစစ်အစိုးရ အနေဖြင့် စဉ်းစားခဲ့ကြောင်းကို သိစေချင်၍ ခေါ်ယူကာ ရှင်းလင်း ပြောပြရခြင်းဖြစ်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။
၁၅ မိနစ်ကြာ ရှင်းလင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနက် ဦးလှမျိုးမြင့်သာ တက်ရောက်ပြီး ကျန်သူများဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
------------------------------
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၆ လတိုးနိုင်ဟု ရဲက ပြော
အင်္ဂါနေ့၊ မေလ 26 2009 10:21 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။
မေလ ၂၇ ရက်နေ့တွင် ပြည့်မည့် နေအိမ်အကျယ်ချုပ်သက်တမ်းကို နိုဝင်ဘာလ ၂ဝဝ၉ အထိ တိုးမြှင့်၍ ရကြောင်းနှင့် အာဏာပိုင်များက တိုးမြှင့်သင့်၊ မသင့် စဉ်းစားနေခိုက်တွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သံတမန်များနှင့် သတင်းထောက်များကို သတင်းရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့မှုး မြင့်သိန်းက ပြောကြားသွားသည်။
သတင်းစာရှင်းလင်းပွဲသို့ ရဲချုပ် ခင်ရီလည်း တက်ရောက်ခဲ့ပြီး သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရခဲ့သည်။
နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် တရားခွင် ရုံးထုတ်ခြင်း ပြန်လည်စတင်မှာဖြစ်သည်။
------------------------------
စေ့စပ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်လိုကြောင်း တောင်အာဖရိက အဆိုပြု
အင်္ဂါနေ့၊ မေလ 26 2009 10:21 - မြန်မာစံတော်ချိန်
တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ အီဘရာဟင် အီဘရာဟင် သည် မြန်မာသံအမတ် ဦးတင်ဦးလွင်ကို တင်္နလာနေ့က ဆင့်ခေါ်၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုပြုလုပ်ရန် ကြားဝင်ကူညီပေးမည့် ကိုယ်စားလှယ်တဖွဲ့ကို စေလွှတ်လိုကြောင်း အဆိုပြုပြောကြားခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးထားခြင်းအပေါ် စိုးရိမ်မကင်းဖြစ်ရကြောင်းနှင့် ချက်ခြင်းလွှတ်ပေးရန် ထပ်လောင်းတောင်းဆိုလိုက်သည်ဟု တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။
တောင်အာဖရိကအနေဖြင့် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားခြင်းကို မြင်တွေ့လိုကြောင်း ပြောကြားလိုက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများဖြစ်ထွန်းရန် ကောင်းမွန်သော နိုင်ငံရေးရာသီဥတု ဖန်တီးစေလိုသည်ဟု ပါရှိသည်။
------------------------------
ဆဋ္ဌမနေ့ (မေလ ၂၅ ရက်) အဖြစ် စစ်ဆေးကြားနာချက်
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံယက်တော၊ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမအပေါ် စွဲဆိုသည့် အမှုကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဆက်လက်၍ စစ်ဆေးကြားနာသည်။
ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်
ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်
ထွက်ဆိုချက်
ထွက်ဆိုခဲ့သော ကန့်သတ်သည့် ပုဒ်မ ၁၄၈ (ဂ) ၁၅၇ ၊ ၁၅၈ ၊ ၁၅၉ (ခ) နှင့် ၁၆ဝ သည် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ - မဆလခေတ်) ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မများဖြစ်ပြီး၊ ယင်း ပုဒ်မများကို ဖောက်ဖျက်သဖြင့် စွဲဆိုရသည်။ နိုင်ငံခြားသားအား လက်ခံနေထိုင်ခွင့်ပြုခြင်း၊ တွေ့ဆုံစကားပြောခြင်း၊ အစားအသောက် ကျွေးမွေးခြင်းသည် ပုဒ်မ ၁၅၉ (က) - ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို မဆလ ဖွဲ့စည်းပုံ ဥပဒေတွင် ပါဝင်ခြင်း မရှိဟုဆိုလျှင် ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း ဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၁၆ဝ တွင် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးအတွက် ကန့်သတ်လိုက်သည်ဆိုလျှင် စာပေးစာယူနှင့် အခြား ဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုအတွက် ဥပဒေအရ အကာအကွယ်ပေးရမည့် အချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်။
ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ၏ ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်
ပြန်ခေါ်သက်သေ ဒုတိယရဲမှူးကြီး ဇော်မင်းအောင်
ထွက်ဆိုချက်
သားအမိနှစ်ဦးသည် အစိုးရ၏ လုပ်ငန်းစဉ်များကို နားမလည်သော သာမန်အရပ်သူများဖြစ်သည်ကို သိပါသလားဟုဆိုလျှင် မသိပါ။ တားဆီးထားသည့်အိမ်တွင် အတူနေထိုင်သည်ကိုသာ သိသည်။ သားအမိသည် ဒေါ်စုအပေါ် ချမှတ်ခဲ့သည့် ကန့်သတ်တားဆီးမိန့်နှင့် ဆက်လက်တားဆီးမိန့်များနှင့်စပ်လျဉ်း၍ အသေးစိတ် အတိအကျ သိရှိနားလည်နိုင်စွမ်း ရှိကြသူများ မဟုတ်ဟုဆိုလျှင် ကန့်သတ်တားဆီးထားသည့်အိမ်တွင် နေထိုင်သူများဖြစ်၍ သိရှိနိုင်ပါသည်။

ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်
ပြန်ခေါ်သက်သေ ရဲမှူးကြီး ဝင်းနိုင်ထွန်း
ထွက်ဆိုချက်
၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်တွင် နိုင်ငံခြားသား ဝင်ရောက်သည့်ကိစ္စနှင့် စပ်လျဉ်း၍ အတိအကျ အချက်အလက် ပြည့်စုံစွာ ပြောကြားခြင်း မဟုတ်ပါ။ ဒေါ်စုတို့ ၄ ဦးအား တရားစွဲဆိုသည်မှာ အပြင်ကို စာပေးစာယူလုပ်သဖြင့် စွဲဆိုခြင်းမဟုတ်လျှင် အခြားသို့ စာ (သို့) စကားပြောကြေးနန်းဖြင့် ဆက်သွယ်ခြင်းမပြုရန် တားဆီးမိန့်ပါ အချက်ကို ဖောက်ဖျက်သဖြင့် တရားစွဲသည်။ ပြင်ပမှ ရောက်လာသောစာကို လက်ခံထားမှုဖြင့် အကျုံးဝင်သော အခြားသို့ စာဖြင့် ဆက်သွယ်မှု လုပ်သဖြင့် စွဲဆိုသည်။ ဒေါ်စု အိမ်မှ သိမ်းဆည်းသည့် ပစ္စည်းများ (တနည်းအားဖြင့်) ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော သူ့ဘာသာသူ ထားသွားသည့် ပစ္စည်းများ ဖြစ်သည်ဆိုလျှင် ပထမအကြိမ် ဝင်ရောက်စဉ်က မစ္စတာ ယက်တော ပေးခဲ့သော စာအုပ်ကို စနစ်တကျ လက်ခံသိမ်းဆည်းထားရှိသည်မှာ ပေါ်ပေါက်သည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နှင့် ၂ဝဝ၉ ခုနှစ် မေ ၃ ရက်တွင် ဒေါ်စု၏ နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ခြင်းသည် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်ဆိုလျှင် တိတ်တဆိတ် တရားမဝင် ဝင်ရောက်ခြင်း ဖြစ်သည်။

ရှေ့နေ ဦးလှမျိုးမြင့်က စစ်မေးရာတွင်
ရဲမှူးကြီး ဝင်းနိုင်ထွန်း
ထွက်ဆိုချက်
မစ္စတာ ယက်တောအပေါ် ရာဇဝတ်မကင်းသော အိမ်ကျော်နင်းမှုအတွက် ယနေ့အထိ ပထမ သတင်းပေးတိုင်ချက် ရေးဖွင့်ခဲ့ခြင်း မရှိသေးဟုဆိုလျှင် အိမ်ကျော်နင်းမှုနှင့်စပ်လျှဉ်း၍ အရေးယူထားခြင်း မရှိသေးဘဲ၊ လဝက အက်ဖြင့် အရေးယူထားခြင်း ဖြစ်သည်။

ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်
ပြန်ခေါ်သက်သေ ဒုတိယရဲမှူး စကျော်ဝင်း
ထွက်ဆိုချက်
အထက်ကစေခိုင်း၍ ဆောင်ရွက်ရသည်ဆိုရာ ရဲအရာရှိ တဦးအနေဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခွင့်ရှိသည်ဆိုလျှင် မှန်ကြောင်းနှင့် ဥပဒေနှင့်အညီ လုပ်ရသည်မှာလည်း မှန်ကြောင်း ထွက်ဆိုသည်။
ရှေ့နေ ဦးဉာဏ်ဝင်းက စစ်မေးရာတွင်
ပြန်ခေါ်သက်သေ ရဲမှူး တင်ဇော်ထွန်း
ထွက်ဆိုချက်
ဒေါ်စု နေအိမ်သို့ မိမိ ဦးဆောင်မှုပြုပြီး မေလ ၇ ရက် နံနက်ပိုင်းတွင် ရှာဖွေမှု လုပ်သည်မှာ မှန်သည်။ ထိုနေ့တွင် ပထမသတင်းပေး တိုင်တန်းချက်ကို ရေးဖွင့်ရခြင်း မရှိသေးဟုဆိုလျှင် မှန်သည်။ ဒေါ်စုက ပေးအပ်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ကျမပဲ တာဝန်ယူကြောင်း ပြောကြားချက်သည် အမှုအတွက် တာဝန်ယူခြင်းမဟုတ်ဘဲ ပစ္စည်းအပ်သူအဖြစ်သာ တာဝန်ယူခြင်းဖြစ်သည်ဆိုလျှင် မစ္စတာ ယက်တော ထားခဲ့သည့်၊ ကျန်ခဲ့သည့်၊ လက်ဆောင်ပေးခဲ့သည် ပစ္စည်းတို့နှင့် စပ်လျဉ်း၍ သူမမှာ တာဝန်ရှိသည်ဟု ပြောခြင်းဖြစ်ကြောင်း ထွက်ဆိုသည်။
တရားလိုပြ သက်သေများအနက် စွဲချက်မတင်မီက စစ်ဆေးရန် ကျန်ရှိနေသော တရားလို ပြသက်သေများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၆ ပြဌာန်းချက်နှင့် အညီ ဆက်လက်စစ်ဆေးသည်။
တရားလိုပြသက်သေ အမှုစစ်အရာရှိ သတင်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးသန်းစိုးကို ဆက်လက်စစ်ဆေးရာ မိမိသည် သတင်းတပ်ဖွဲ့ တရားစွဲဌာန၌ ဒုတိယရဲမှူး (အမှုစစ်) အဖြစ် တာဝန်ထမ်းဆောင်သည်။ ဗဟန်းရဲစခန်း (ပ) ၃ဝ၁ /ဝ၉ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ / ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အမှုကို စုံစမ်းစစ်ဆေးရန် မေလ ၁၁ ရက်တွင် လက်ခံ ရရှိခဲ့သည်။
ထိုနေ့တွင် အမှုနှင့်ဆက်စပ်သည့် သက်သေများကို စတင်စစ်ဆေးခဲ့သည်။ နောက်တရက်တွင်လည်း သက်သေ ရဲတပ်ဖွဲ့ဝင်များနှင့်သက်ဆိုင်သည့် ရပ်ကွက် ကောင်စီ ဥက္ကဌများကို စစ်ဆေးရသည်။ ထိုနေ့တွင်ပင် ဒုတိယ ရဲမှူးမောင်မောင်မြင့်က မစ္စတာ ယက်တောထံမှ သိမ်းဆည်းခဲ့သည့် ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒုတိယ ရဲမှူးတင်ဇော်ထွန်းက ဒေါ်စုထံမှ သိမ်းဆည်းခဲ့သော သက်သေခံ ပစ္စည်းများနှင့် ရှာဖွေပုံစံ၊ ဒေါ်စု၏ အိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည့် ရှာဖွေဖမ်းဝရမ်းနှင့် ဝရမ်းအတည်ပြုမှု အစီရင်ခံစာတို့ကို လွှဲပြောင်းပေးသဖြင့် လက်ခံရရှိခဲ့သည်။ မေလ ၁၃ ရက်တွင် မစ္စတာ ယက်တော တည်းခိုသည့် ဗျူးတီးလဲန်း (၂) ဟိုတယ်အခန်းမှ ပစ္စည်းများ ရှာဖွေသိမ်းဆည်းခြင်းနှင့် လွှဲပြောင်းပေးသော ရှာဖွေပုံစံနှင့် သက်သေခံပစ္စည်းများ လက်ခံရရှိသည်။
မေလ ၁၄ ရက်တွင် ဒေါ်စု၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဗဟန်းရဲစခန်း စွဲချက်အမှတ် ၂၆၃/၂ဝဝ၉ အရ ဒေါ်စုအပေါ် ပုဒ်မ ၂၂ အရ၊ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမနှင့် မစ္စတာ ယက်တောအား ပုဒ်မ ၂၂/ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၉ အရ ရန်ကုန်မြောက်ပိုင်းခရိုင်သို့ တရားစွဲတင်ပို့ခဲ့သည်။
ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံး ပြစ်မှုဆိုင်ရာ အမှုကြီးအမှတ် ၄၇/၂ဝဝ၉ မှ တရားလိုပြသက်သေပေါင်း ၂၃ ဦးအနက် ၁၅ ဦးကို စစ်ဆေးပြီးဖြစ်သဖြင့် ကျန် တရားလိုပြသက်သေ ၈ ဦးကို မစစ်ဆေးတော့ဘဲ ပယ်ကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ခရိုင် ဥပဒေအရာရှိက တင်ပြလျှောက်ထားသည်။
အမှုများကို ဆက်လက် စစ်ဆေးကြားနာရန် မေလ ၂၆ ရက်နေ့၊ နံနက် ၁ဝ နာရီသို့ ချိန်းဆိုခဲ့သည်။

http://www.mizzimaburmese.com/news/breaking-newsbrief/3041-2009-05-26-04-05-26.html

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်