Saturday, May 30, 2009

မေ၃ဝ ဒီပဲယင်း အရေးအခင်းနေ့ ၆နှစ်ပြည့် အထူး အစီအစဉ် အင်တာဗျူး (ဒုတိယပိုင်း)

ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ၃၀ရက် ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက လမိုက်ည၊မြန်မာလို ၁၃၆၅ခုနှစ် ကဆုန်လကွယ်ည လို့ သိရ တယ်ဘုရား။ အဲဒီ လမိုက်ညကိုမှ အာဏာရှင်တွေက ရွေးပြီး ဒေါ်စုတို့ ကို စနစ်တကျ လုပ်ကြံခဲ့တာလို့  အများက ပြောနေကြ တယ် ဘုရား။ ဦးဇင်းအနေနဲ့  ဘယ်လိုထင်မြင်ချက် ပေးချင်ပါသလဲဘုရား။

ဦးဇင်းဦးဝိမလ။ ။ဦးဇင်းအမြင်ကတော့ သူတို့ စနစ်တကျ ကြိုတင်ကြံစည်ခဲ့တာဖြစ်တယ်။ပုံမှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့ အဖွဲ့ ဦးဇင်းတို့ ကျည်ရွာကို ရောက်ရမယ့်အချိန်ဟာ နံနက်ပိုင်းဖြစ်ရပေမယ့်၊ ဒီပဲယင်းမှာ ကုလားမယား ခြေ မချရဘူးဆိုတဲ့ စီမံချက်တွေကြောင့် နအဖ က ဒေါ်စုတို့ အဖွဲ့ကို ညဘက်ကျမှ ရောက်စေချင်ခဲ့တာ သိပ်သိသာတယ်။သတ်ကွင်းထဲကို တမင်မောင်းသွင်းသလို…စီမံချက်ချ၊အကွက်ကျကျ….ကြိုတင်ကြံစည်ရွေးချယ်……လုပ်ကြံခဲ့ကြတာ ဖြစ်တယ်။ ဒီပဲယင်းမှာ အသေ လုပ်ကြံမယ်လို့  ဗိုလ်ချုပ်မှုးကြီးဆီက အမိန့် အော်ဒါ ရပြီး ထားပုံရတယ်။ဒါ့ကြောင့် ဒီပဲယင်းအရေးအခင်းကို ညဘက်မှာ ဖန်တီးချင်လို့  ဒီပဲယင်းမရောက်ခင် ဘုတလင်မြို့ မှာကတည်းက အချိန်ဆွဲ နှောက်ယှက်ဟန့် တား နည်းဗျုဟာတွေနဲ့  ဒီပဲယင်းမြို့ အဝင်ကို နံနက်မဝင်စေဘဲ ညဘက်ဝင်ဖြစ်အောင် ကြိုတင်ကြံစည်ခဲ့ကြတာပဲ။

လမိုက်ညဖြစ်သွားတော့ အတိုင်းထက်အလွန်ပေါ့။

ဒေါ်စုတို့ ကို လုပ်ကြံမယ့် သတ်ကွင်းနေရာကို ကျည်ရွာ(သို့ မဟုတ်)ရွာသစ်ရွာ ရဲစခန်းသစ်နေရာ

လို့  နအဖက မေ ၃၀ မတိုင်ခင် ရက်အနည်းငယ် ကတည်းက ကြို စီစဉ်ထားခဲ့ပုံရတယ်။

ဦးဇင်းတို့ ကျည်ရွာအလွန် ရွာသစ်ရွာစိုက်ပျိုးရေးစခန်းလို့ အများခေါ်နေကြတဲ့  ရွာသစ်ရွာ ဆည်မြောင်းဦးစီးဌာနခြံဝင်းကို အခင်းမဖြစ်ခင် ရက်အနည်းငယ်ကတည်းက ယာယီရဲစခန်းအဖြစ် သတ်မှတ်ကာ လုံခြုံရေးရဲတွေ တိုးမြှင့်ချထားခဲ့တယ်။ ခြံဝင်းထဲကို ဘောက်စာ(bowser)ကားကြီးများ၊မြေညှိစက်ကားကြီးများ၊စစ်ထရပ်ကားများ၊အလောင်းကောက်မည့်

ကားများ ကြိုတင်ရောက်ရှိနေရာယူထားခဲ့တယ်လို့ သိရတယ်။စခန်းအနီး ကားလမ်းဘေးက သစ်ပင်ကြီးတပင်ကိုလည်း အခင်းဖြစ်မယ့်နေ့ မှာ ပြတ်လုပြတ်ခင် လွှနဲ့ တိုက်ထားပြီး၊သံကြိုးတွေနဲ့  လဲမကျအောင် ယာယီထိန်းထားခဲ့တယ်လို့  ကြားသိခဲ့ရတယ်။ကားလမ်းတဘက်တချက်က သစ်ပင်ကြီးတွေပေါ်မှာလည်း ညကြည့်မီးဆလိုက်ကြီးတွေ ကြိုဆင်ထားခဲ့တယ်လို့ သိရတယ်။ဒါ့

အပြင် အခင်းဖြစ်မယ့်နေ့ ညနေ (၃)နာရီလောက်မှာ နအဖတွေက အဲဒီရွာသစ်ရွာဂိတ်စခန်းထဲကို ဆရာတော်တွေကို ပင့်ပြီး သီတင်းသုံးနေထိုင်ခိုင်းပြီး နောက်နေ့ မှ ပြန်ကြွစေတယ်လို့ သိရတယ်။စစ်ကိုင်းတိုင်းသံဃာ့မဟာနာယက ဆရာတော်(၂)ပါး၊ရေဦးမြို့ နယ်သံဃနာယက ဆရာတော်တွေ၊ဒီပဲယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒော။

ခွန့် တောင်း(ဒေသအခေါ်=ခတောင်း )ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသ။

အင်ပင်ကုန်းထဲ ကျေးရွာသံဃနာယကဆရာတော် ဦးနန္ဒိ အစရှိတဲ့ဆရာတော်တွေကို ပင့်ထားပြီး အခင်းဖြစ်ပြီးနောက်နေ့ မှာ ဆရာတော်တွေကို သက်သေအဖြစ် လက်မှတ် အတင်းထိုးခိုင်းခဲ့တယ်လို့ ကြားသိရတယ်။လက်မှတ်ထိုးရတဲ့စာရွက်မှာ (အဓိကရုဏ်း ဖြစ်ပွားရခြင်းမှာ ဒေါ်စုကြည်ယာဉ်တန်းက သူတို့ ကို စတင်တိုက်ခိုက်တဲ့အတွက် သူတို့ က ပြန်လည်တိုက်ခိုက်ရိုက်နှက်ရတာဖြစ်တယ်)လို့ ရေးထားပြီး၊ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးခိုင်းတာလို့ သိရတယ်။၂ပါးတည်းသာ လက်မှတ်ထိုးပေးခဲ့တယ်လို့ သတင်းထွက်လာတယ်။နအဖအလိုကျ လက်မှတ်ထိုးပေးခဲ့တဲ့၂ပါးကတော့ ..ဒီပဲယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒောနဲ့  ခွန့် တောင်း ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသတို့ ဆိုပြီး သတင်းထွက်လာတယ်။

ဟစ်တိုင်။ ။သံဃာတွေထဲမှာလည်း ပြည်သူ့ ဘက်က၊ အမှန်တရားဘက်က လိုက်ပါကြတဲ့ သံဃာတွေ ရှိသလို ၊ စစ်အာဏာရှင် နအဖအလိုကျ အဂတိလိုက်စားကြတဲ့ သံဃာတွေလည်း ရှိသေးတယ်ဆိုတာ သိလာရတယ်ဘုရား။ ဦးဇင်းတို့ လို ပြည်သူတွေကို ကူညီကယ်တင်ဆေးကုပေးတဲ့ သံဃာတွေကျတော့ ဘာ့ကြောင့် ဘယ်လို အဖမ်းခံရပြီး ဘာပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲဆိုတာ့ နားမလည်နိုင်လို့ ရှင်းပြပါဦးဘုရား ။

ဦးဇင်းဦးဝိမလ။ ။အခင်းဖြစ်စဉ်ကို သူ့ ရက်နဲ့ သူပြောပြနေတာဆိုတော့ ဦးဇင်းထောင်ကျတဲ့အကြောင်းက မရောက်နိုင်ဘူး ဖြစ်နေသေး တာပေါ့။လာမယ်ကြာမယ်။တဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ နားထောင်။ဦးဇင်းပြောပြရင်းနဲ့ လိုရင်းရောက်လာပါလိမ့်မယ်။

ရွာသစ်ရွာရဲဂိတ်မှာ ဒေါ်စုတို့ ကို အပြီးသတ် ကားနဲ့ တိုက်သတ်ဖို့ အထိ ကြိုတင်စီစဉ်ခဲ့တာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာတဦး ကိုယ်တိုင် ဦးဇင်းနဲ့ ထောင်ထဲမှာ တွေ့ လို့  သူပြောပြလို့ သိခဲ့ရတယ်။

ဒေါ်စုကားကို မျက်နှာချင်းဆိုင်တိုက်ခိုင်းတဲ့ကားက ရွှေဘိုနဲ့ ကျောက်မြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဒိုင်နာအဝါတစီးနဲ့  ဒီပဲယင်းမြို့နယ်၊ညောင်လှကျေးရွာက ယာဉ်မောင်းသူ သိန်းမြင့်(ခ)မြင့်သိန်း မောင်းတဲ့ ရိန်းဂျားကား အပြာတစီးတို့ ဖြစ်တယ်။

ဝင်တိုက်တဲ့အချိန်မှာ ဒေါ်စုတို့ သွားမယ့် ယာဉ်ကြောကားလမ်းကို သံဆူးကြိုးဂိတ်တွေနဲ့ အထပ်ထပ်ပိတ်ထားပြီးမှ လမ်းဘေး တဘက် တချက်က ရပ်ထားတဲ့ကားတွေက ကားရှေ့ မီးကြီးတွေ ကို ဒေါ်စုတို့ ကားတန်းကို ထွန်းပေးထားချိန် ဝင်တိုက်ခိုင်းခဲ့တာဖြစ်တယ်။နအဖ စစ်အာဏာရှင်တွေက ဒေါ်စုတို့ ကို မေ၃၀ ညမှာ ဒီပဲယင်းအရေးအခင်း ဖန်တီးပြီး အစဖျောက်လုပ်ကြံခဲ့ပေမယ့် ၊ ဒေါ်စုတို့ ကား ဒီပဲယင်း မြေကနေ လွတ်မြောက်သွားခဲ့တယ်။ရေဦးမြို့ မှာဒေါ်စုတို့ အဖမ်းခံရ၊အခုထိ မလွတ်သေး၊ဒါတွေ အားလုံးသိနေကြပြီးပြီ။ မေ၃၀ညနဲ့ မေ၃၁ရက်နေ့  မနက် ဝေလီဝေလင်းအချိန်တွေမှာ နအဖစစ်အာဏာရှင်တွေ ဘယ်လို ကြိုတင်ကြံစည်ကာ အလောင်းတွေကောက်၊ အလောင်းတွေ အစဖျောက်ခဲ့သလဲဆိုတာ ဦးဇင်းမြင်တွေ့ ကြားခဲ့ရသမျှတွေဆက်ပြောပြချင်တယ်။

ဟစ်တိုင်။ ။မိန့် ပါဘုရား၊ဇာတ်ရှိန်မြင့်လာပြီဘုရား။ သာမန်လူသတ်မှုမှာတောင် မသတ်ခင်ကြိုတင်ကြံစည်၊သတ်ပြီး အလောင်းဖျောက် တာတောင် ပြစ်မှုထင်ရှားရင် ဥပဒေအပြစ်အရမ်းကြီးတယ်လို့  မှတ်သားဖူးတယ်ဘုရား၊ပြစ်မှုကျူးလွန်တဲ့ယောက်ျားတဦးက တခြား ယောက်ျားတဦးကို သတ်တာထက် မိန်းမတဦးကို ကြိုတင်ကြံစည်သတ်ဖြတ်အလောင်းဖျောက်သတ်ရင် လူသတ်မှုအပြင် မုဒိန်းမှုပါ အပိုဆု အဖြစ်ဆွဲချက်အတင်ခံရတယ်လို့  မှတ်သားဖူးတယ်ဘုရား။အခုဒီပဲယင်းမှာ မိန်းမယောက်ျားအလောင်းတွေကို ဖျောက်ပစ် တယ်ဆိုတော့ နိုင်ငံတော်လူသတ်မှု၊မုဒိန်းမှုတွေအဖြစ် ဦးဇင်း ရှုမြင်မိပါသလားဘုရား။

ဦးဇင်းဦးဝိမလ။ ။စစ်အာဏာပိုင်တွေက သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုကြီးဆိုတာ သိနေလို့ လူရမ်းကားတွေ..အပြီးသတ်.ရိုက်နှက်သတ်ဖြတ်ပြီးချိန်လို့  သတ်မှတ်ယူဆလိုက်တဲ့ မေ၃၀ ညသန်းခေါင်လောက်ကစပြီး ၊ သူတို့  အခင်းဖြစ်တဲ့နေရာကို ရှင်းလင်းဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့

သန့် ရှင်းရေးအဖွဲ့ ကားတွေ၊ မီးသတ်ကားတွေ ရောက်လာပြီး ကားလမ်းပေါ်က သွေးတွေကိုဆေးကြတယ်၊ အလောင်းတွေ ကောက်ကြတဲ့နေရာမှာတောင် အသက်မသေဘဲ မျောနေတဲ့ သူတွေတွေကိုလည်း ကောက်သွားတယ်လို့  အလောင်းကောက်ရာမှာ ပါဝင်ခဲ့တဲ့ ဒကာတယောက်နဲ့ ဦးဇင်း ထောင်ထဲမှာ တွေ့ ခဲ့တုန်းက သူပြောပြလို့ သိခဲ့ရတယ်။သူတဦးတည်း ကိုယ်တိုင်ကောက်ပြီး ကားတွေပေါ်တင်ပေးခဲ့ရတဲ့ အလောင်းပေါင်းဟာ (၈၇)လောင်းတိတိရှိတယ်လို့ ဦးဇင်းကိုပြောပြတယ်။တခြားသူတွေ ကောက်တင်တာ မပါသေးဘူးနော်။ အသေအပျောက်ဘယ်လောက်ဆိုတာ ခန့် မှန်းကြည့်နိုင်ပြီပေါ့။အလောင်းတင်တဲ့ ကားကြီးရဲ့ အရောင်က ငွေရောင်၊ သားစိမ်းငါးစိမ်းတွေတင်တဲ့ အနောက်ပေါက် တပေါက်တည်းပါတဲ့ ကားကြီးပုံစံနဲ့ တူတယ်။အလောင်းတွေ အကုန်တင်ပြီးတာနဲ့ အဲဒီကားကြီးဟာ ရွာသစ်ရွာ ရဲစခန်းထဲ မောင်းဝင်သွားတယ်။ဘယ်နေရာမှာ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်မသိဘူး.. အလောင်းကောက်သူတွေ၊အလောင်းကားပေါ်တင်ပေးရသူတွေရဲ့ လက်မောင်း ဘယ်ညာနှစ်ဖက်လုံးမှာ အဖြူရောင် လက်ပတ် တွေ ပတ်ထားခိုင်းပြီး ၊ရင်ဘတ်မှာလည်း တံဆိပ်အဝိုင်းတွေကို အမှတ်အသားတွေအဖြစ် တပ်ခိုင်းထားတယ်လို့ …
အဲဒီ ဒကာပြောပြလို့ သိခဲ့ရတယ်။အလောင်းကောက် သန့် ရှင်းရေးလုပ်ကြတာ မေ၃၁ မနက် ၃နာရီလောက်မှာမှ သိမ်းကြတယ်လို့ သိရတယ်။ ဦးဇင်းကိုယ်တိုင် နောက်နေ့ မနက်လင်းတော့ ပေါက်ပြားတလက်ထမ်းရင်း အခင်းဖြစ်တဲ့ လယ်ကွင်းတွေဘက် သွားကြည့် ခဲ့တယ်။စစ်သားတချို့  မြေကွက်လပ်တခုမှာ အမှိုက်တွေ မီးရှို့ နေတာတွေ့ ခဲ့ရတယ်။ သင်္ကန်းအစုတ်၊ ပုဆိုးထမီအစုတ်တွေ၊ အမျိုးသားအမျိုးသမီးဝတ်အင်္ကျီအစုတ်တွေ၊ ပင်နီအင်္ကျီနဲ့ အန်အယ်လ်ဒီ ရင်ထိုးတံဆိပ်တွေကို ကောက်ယူစုပုံ မီးရှို့ နေတာ တွေ့ ခဲ့ရတယ်။
ဦးဇင်းကြားဖူးသလောက် တဘက်သတ်လုပ်ကြံမှုတွေမှာ အလောင်း၁၀လောင်းကျော်ရင် နိုင်ငံတော်လူသတ်မှုမြောက်တယ်လို့ မှတ်သားခဲ့ရဖူးတယ်။

ဟစ်တိုင်။ ။ဦးဇင်းကို ဘယ်နေ့ မှာ လာဖမ်းတာလဲဘုရား။

ဦးဇင်း ဦးဝိမလ။ ။ ဒီပဲယင်းအရေးအခင်းမှာ ပြည်သူဘက်က ကူညီသူတွေ၊ မသေဘဲ ကျန်ခဲ့သူတွေ ဇွန်လဆန်းမှာပဲ စတင် အဖမ်းခံကြရ တယ်။ ဇွန်လ ၂ရက်နေ့ မှာ ပျံကျကျေးရွာက ဦးသန်းထွန်းရဲ့ သား ကိုမောင်ထွန်း အဖမ်းခံရတယ်။အကြောင်းက အရေးအခင်းမှာ ထွက်ပြေး လွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီမှုနဲ့ တဲ့။သူနဲ့ ဦးဇင်း ဒီပဲယင်းရဲစခန်းအချုပ်ထဲမှာ ဆုံခဲ့လို့  သူပြောပြလို့ သိခဲ့ရတယ်။လာဖမ်းတဲ့ အာဏာရှင်တွေက သူ့ အဖေ လယ်တဲထဲက ဓါတ်မြေသြဇာ မြေဆီ၂အိတ်ကို ရေမြောင်းထဲ ကန်ချပြီး လယ်တဲကိုလည်း မီးရှို့ သွားခဲ့တယ်လို့ ကိုမောင်ထွန်း ပြောပြလို့ သိခဲ့ရတယ်။

ဦးဇင်းနဲ့ ဦးဇဝန(၂၀၀၄ခုနှစ် အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင် ဂုဏ်ပြုစပ်ဆိုခြင်းခံရတဲ့ ဦးဇင်း) တို့ ကို လာဖမ်းတဲ့ရက်က ဇွန်လ ၆ရက်နေ့ ။ဦးဇင်းကျောင်းကို ဒီပဲယင်းလူသတ်ပွဲ ခေါင်းဆောင် ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒု ဗမက သန်းဟန်။မြို့ နယ်ရဲမှုး သောင်းဝင်း။ကျေးရွာ ရယက သိန်းဇော်။ရဲတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီး၊ ခေတ္တမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါတဲ့။ဦးဇင်းတို့ ကို ဒီပဲယင်း အချုပ်မှာ ချုပ်ထားတယ်။ပြီးတော့ ဦးဇင်းတို့ နဲ့ အမှုတွဲ =ကျည်ရွာက ကိုကြီးညိုနဲ့ ကိုခင်မောင်လွင်(၂၀၀၄ခုနှစ်အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင်ဂုဏ်ပြုစပ်ဆိုခြင်းခံခဲ့ရသူ၂ယောက်)။

ပြီးတော့ ဘုရားထွက်ရွာက ကိုတိုက်မင်းနဲ့ ကိုစက်ငွေ တို့  ဖမ်းဆီးခံရတယ်။

ဦးဇင်းတို့ အားလုံးကို (၃၆နာရီ ကျော်) ဆွမ်းထမင်းမကျွေး၊ရေ မတိုက်ဘဲ ချုပ်ထားတယ်။

ဦးဇင်းကို ၂ညတိတိ အိပ်ခွင့်မပေးဘဲ စစ်ကြောရေးလုပ်တယ်။အဲဒီအချုပ်မှာနေစဉ် မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ဘူး။လူတွေကို ညှင်းပန်းနှိပ်စက်တာ ပိုဆိုးတယ်။

ကိုစက်ငွေ ကို ရိုက်နှက်နှိပ်စက်ပြီး ၊ယောက်ျားတန်ဆာကို မီးရှို့ ၊အပ်နဲ့ ထိုး စစ်ဆေးတယ်။

ကိုကြီးညိုကို သံကြိုးနဲ့ ရိုက်နှက်စစ်ဆေးတယ်။

စစ်ဆေးတဲ့ စစ်ခွေးတွေဟာ အရက်မူးရူးသောက်စားပြီး စစ်ဆေးတယ်။

ဦးဇင်း ဒီပဲယင်းအချုပ်မှာရှိစဉ် စစ်ကြောရေး ဝင်ရလွန်းလို့  ဘယ်လောက်ထိ ကြာသွားတယ်။

ရက်စွဲတွေ မမှတ်မိတော့ဘူး။ဒီလိုနဲ့ ရွှေဘိုထောင်ကို မိုးရွာနေတဲ့ ညပိုင်းမှာ ရောက်တာပဲ

မှတ်မိတော့တယ်။ထောင်ဗူးဝရောက်တော့ဦးဇင်းကိုသင်္ကန်းချွတ်၊ဖိနပ်ချွတ်ခိုင်းတယ်။

ထောင်ဝါဒါတွေက ကျောနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ဝိုင်းထိုးကြတယ်။မိန်းဂျေးလ်ရုံးမှာတခါ

ဦးဇင်းရဲ့ ခေါင်းကို နံပါတ်တုတ်နဲ့ အရိုက်ခံရတယ်။

ရွှေဘိုထောင်ရောက်ပြီး ၃ရက်မြောက်နေ့ မှာ ထောက်လှမ်းရေးတွေက ထောင်ဗူးဝရုံးခန်းကိုခေါ်ပြီး နံနက် ၈နာရီ ကနေ ညနေ ၃နာရီအထိစစ်တယ်။ဒီပဲယင်းဖြစ်စဉ်တွေ ပြန်မေးတယ်။

ဘယ်သူက စ ရိုက်တာလဲ ။ရွာသားတွေက စ လုပ်တာလား လို့ မေးတယ်။

ဦးဇင်းက …ကြံ့ဖွတ်၊စွမ်းအားရှင်လူရမ်းကားတွေနဲ့ ဘုန်းကြီးအတုတွေက လေးခွနဲ့ အရင်ပစ်ခဲ့တယ်..ရွာသားတွေမှာ ဘာလက်နက်မှ မပါဘူး၊..လို့ ဖြေလိုက်တယ်။

ထောက်လှမ်းရေးတယောက်က ဦးဇင်းကို မိုက်မိုက်ရိုင်းရိုင်းမေးတယ်..

“ကားမီးရှို့ တာ မင်းဦးစီးပြီး ရှို့ တာ မဟုတ်လား။ငါတို့ မှာ အထောက်အထားတွေရှိတယ်။မငြင်းနဲ့ ”

လို့  ဖြဲခြောက်တယ်။ဦးဇင်းက…”ကျုပ်တို့ က ဦးဇင်းတွေ။အကျိုးမဲ့တဲ့ အလုပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။အခုလည်းမလုပ်ဘူး။နောင်လည်းလုပ်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေလိုက်တယ်။

မင်း ဘာဖြစ်လို့  အသံချဲ့ စက်နဲ့ ရွာထဲ လိုက်အော်တာလဲလို့ မေးတယ်။ဦးဇင်းက..

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊မြန်မာပြည်ကောင်းစားရေး ကိုယ်ကျိုးစွန့် လုပ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်ကို ရွာကလူတွေ မြင်ဖူးအောင်ကြည့်ကြဖို့ ဆော်သြ

ခဲ့တာ။လို့ ဖြေလိုက်တယ်။

မင်းရောမြင်ဖူးလို့ လား လို့ ထပ်မေးတယ်။

ကျုပ်လည်းမမြင်ဖူးလို့  ထွက်ကြည့်တာပေါ့ ..လို့ ပြန်ပြောလိုက်တယ်။

ထွက်ကြည့်ချင်ရင် မင်းတယောက်တည်း ထွက်ကြည့်ပေါ့။အသံချဲ့ စက်နဲ့  --ီး မို့ လို့  အော်ရတာလား

လို့ ဦးဇင်းကို ဆဲတယ်။

လူ ဘယ်နှယောက်သေလဲ လို့ ထပ်မေးတယ်။



တတိယပိုင်း မကြာမီတင်ဆက်ပါမည်။
အိုးဝေအောင်
www.oway8888.com/
www.hittaing.org
www.hittai.org
ပေးပို့ သော ကိုအိုးဝေအောင် အားကျေးဇူးပါ Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်