Sunday, May 31, 2009

လွိုင်ကော်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးအခြေအနေ ဆိုးရွား

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထိရောက်သည့် ဆေးဝါးကုသခွင့်မရသဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားနေလျှက်ရှိသည်။

နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ HRDP ဦးမြင့်အေး၊ NLD ဦးသန်းလွင်၊ ကိုသီဟအောင်နှင့် ကယန်းလူငယ်များဖြစ်သည့် ခွန်ဘီးဒု၊ ဒိဒီးနှင့် ကေကောရီယိုတို့ အပါအဝင် ၁၁ ဦးမှာ ထိရောက်သည့် ဆေးဝါးကုသခွင့်မရရှိကြောင်း အကျဉ်းထောင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

“လက်ရှိထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက ဆေးဝါးအကူညီလဲ မရဘူး၊ ဦးမြင့်အေးက ခါးကိုက်ရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါဖြစ်နေတယ်၊ ကိုမြအေးကလဲ ခဏခဏ ဖျားနေတယ်၊ ဦးသန်းလွင်နဲ့ ကိုသီဟအောင်တို့က မျက်လုံးနဲ့ သွားရောဂါတွေ ဖြစ်နေတာ” ဟု ပြောသည်။

ကယန်းလူငယ်သုံးဦးထဲမှ ကေကောရီယိုသည် ထောင်အတွင်း၌ အဆုတ်ထဲရေဝင်သည့် ရောဂါကို ပြင်းထန်စွာ ခံစားနေရပြီး ထောင်ဆေးရုံတွင် ကုသရာ သက်သာခြင်းမရှိသည့်အတွက် အပြင်ဆေးရုံတွင် ကုသခွင့်ရရန် တောင်းဆိုသော်လည်း ခွင့်မပြုခဲ့သဖြင့် ထောင်တွင်း အကျဉ်းကျနေသည့် ဆရာဝန်တဦးနှင့် ကျိတ်ကုနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလ (၂၁) ရက်နေ့က ထောင်ထဲ အကျဉ်းသားဆရာဝန်တစ်ဦးနဲ့ ကိုယ်ထူကိုယ်ထ ထောင်ထဲမှာပဲ အဆုတ်ထဲပိုက်သွင်း ရေထုတ်ပြီး ခွဲစိတ်တာ လုပ်ခဲ့တယ်။ ကေကောရီယိုရဲ မိသားစုက ဆင်းရဲတယ်၊ နေတာကလဲ လွိုင်ကော်ထောင်နဲ့ တအားဝေးတော့ မလာနိုင်လို့ ထောင်ကျနေတဲ့သူတွေ အချင်းချင်းကပဲ ကြည့်ရှုစောင့်ရှောက်ပေးနေရတယ်” ဟု ပြောသည်။

ခွန်ဘီးဒု၊ ဒိဒီးနှင့် ကေကောရီယိုတို့သည် ၂၀၀၈ ခုနှစ် မေလဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရန် စာရွက်များ ဖြန့်ဝေမှုဖြင့် ထောင် ၃၇ နှစ်စီ ချမှတ်ခံရပြီး အခြားပြစ်မှုဆိုင်ရာ အကျဉ်းသားများကဲ့သို့ အကျဉ်းထောင်အာဏာပိုင်များ၏ အလုပ်ခိုင်းစေ ညှဉ်းပန်းခြင်းခံနေရသည်ဟု ပြောသည်။

ထို့အပြင် လွိုင်ကော်ထောင်အာဏာပိုင်တဦးဖြစ်သူ ဒုထောင်မှူး သန်းကျော်တင့်ဆိုသူမှာ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ကာ အကျဉ်းသားများအပေါ် အဓမ္မအလုပ်ခိုင်းစေခြင်းများ ပြုလုပ်နေသည်ဟု ပြောသည်။

“အကျဉ်းသားတွေ ပြင်ပဧည့်တွေများလာလျှင် မိသားစုဝင်တွေပဲ တွေ့ဖို့ ၊ ပုံစံ (၁၀) ပါတဲ့ မိသားစုဝင်တွေကိုပဲ တွေ့ခွင့်ပေးတာ၊ ပိုက်ဆံမပေးနိုင်တဲ့ အကျဉ်းသားမိသားစုတွေက ထောင်ဝင်စာမရဘူး၊ စားသောက်စရာ ပေးခွင့်၊ ကျန်းမာရေး၊ လူမှုရေး မေးမြန်းခွင့် ဘာမှမရဘူး၊ ပုံစံ (၁၀) မရှိဘဲ ထောင်ဝင်စာရဖို့ဆိုရင် ငွေ ၂၀,၀၀၀ ပေးရတယ်” ဟု ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ခဲ့သူတဦးက ပြောသည်။

အဆိုပါလွိုင်ကော်အကျဉ်းထောင်တွင် အကျဉ်းကျနေသူအချို့က လွတ်လပ်စွာ နေထိုင်နိုင်ရန်အတွက် ထောင်အာဏာပိုင်များကို လစဉ်ငွေကြေး ပေးထားခြင်းများလည်းရှိပြီး ငွေကြေးမပေးနိုင်သည့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြားအကျဉ်းသားများက ဒုထောင်မှူး၏ အမိန့်ဖြင့် နေ့စဉ်အလုပ်ကြမ်းများ လုပ်နေရသည်ဟု ဆက်ပြောသည်။

“ထောင်ထဲမှာ ဦးဝင်းစက်ဆိုတဲ့သူက ဒုထောင်မှူး ကျော်သန်းတင့်ကို ဒီလ (၁၄) ရက်နေ့က ငွေ ၁၀,၀၀၀ ပေးထားတယ်၊ ကိုတင်ဌေးနဲ့ ကိုထွန်းထွန်းဝင်း ဆိုတဲ့သူတွေက ပြီးခဲ့တဲ့လ (၂၈) ရက်နေ့က ငွေ ၁၀,၀၀၀ ပေးခဲ့တာ၊ ဒီလ (၁၃) ရက်နေ့ကျတော့ ငွေ ၃၀,၀၀၀ ထက်ပေးထားတော့ ဘာအလုပ်မှလဲမလုပ်ရဘူး၊ ထောင်ဝင်စာလဲ လွတ်လွတ်လပ်လပ် တွေ့နေရတယ်” ဟု အကျဉ်းထောင်ဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

စစ်အစိုးရအာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများကို မိသားစုနှင့်ဝေးလံသည့် နယ်အကျဉ်းထောင်များသို ပို့ဆောင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ထောင်ဝင်စာတွေ့ခွင့်များကိုလဲ ပိတ်ပင်တားဆီးမှုများ ပြုလုပ်နေလျှက်ရှိသည့်အပြင် အကျဉ်းထောင်အာဏာပိုင်များကလဲ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်နေလျှက်ရှိသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်