Friday, May 1, 2009

ဌက်တုတ်ကွေးပြီးတော့ ၀က်တုတ်ကွေး..ဟောင်ကောင်ကို ရောက်နေပြီ

Credit : NY Times

ဒီကနေ့ သောကြာနေ့မှာ ဟောင်ကောင်အုပ်ချုပ်ရေး အဖွဲ့ကနေပြီးတော့ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ပထမဦးဆုံးသော ၀က်တုပ်ကွေး ကူးစက်သူ ရောဂါ ဝေဒနာ ရှင် တစ်ယောက်ကို စစ်ဆေးပြီးနောက်ပိုင်း ဒီကြေငြာချက်ကို ထုတ်ပြန်လိုက်တာပါ။ အဆိုပါ လူနာဟာ မက္ကဆီကိုနိုင်ငံကနေ ရှန်ဟိုင်းတစ်ထောက်နားပြီး လာတာ ဖြစ်ပါတယ်။ ကြာသပတေးညက အဲဒီ လူနာနေထိုင်တဲ့ ဟော်တယ် တစ်ခုလုံးကို မ၀င်ရ၊ မထွက်ရ ဇုံ အဖြစ် Quarantine သတ်မှတ်လိုက်ပါတယ်။

အဆိုပါ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ခြောက်နှစ်တာ ကာလတုန်းက ဖြစ်ပွားခဲ့တဲ့ ဆားစ်အိပ်မက်ဆိုးကို လန့်နိုးလိုက်သလိုပါပဲ။ ယခု လူနာဟာ ရှန်ဟိုင်း လေဆိပ်ထဲကနေ အပြင်ကို ထွက်မသွားဘူးဆိုပေမယ့် ရှန်ဟိုင်းက တာဝန်ရှိသူတွေကို ခေါင်းခဲစေပါပြီ။ တုပ်ကွေးဆိုင်ရာ ကျွမ်းကျင်သူများ ပြောကြားချက်အရ လူနေ ထူထပ်တဲ့ အာရှနိုင်ငံတွေမှာ တုပ်ကွေး ကူးစက်မှု ဖြစ်ပွားခဲ့ရင်တော့ ရောဂါကို ထိန်းချုပ်ရန် အတော်ကို ခက်ခဲနိုင်လိမ့်မယ်လို့ တွက်ဆထားပါတယ်။

ကမ္ဘာနဲ့ အ၀ှမ်းမှာ ၀က်တုပ်ကွေး ကူးစက်ခံရသူ ဦးရေဟာ တစ်ဖြည်းဖြည်း တိုးတက်များပြားလာပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတင် ကူးစက်ခံရသူ ဦးရေဟာ ပြည်နယ်ပေါင်း ၁၉ ပြည်နယ်မှာ ၁၄၁ ဦး အထိ ရှိသွားပြီ ဖြစ်ပါတယ်။

Credit : Wall Street Journal

ဟောင်ကောင်က ပထမဦးဆုံး သတ်မှတ်ခံရတဲ့ ၀က်တုပ်ကွေး လူနာဟာ ကြာသပတေး ညနေပိုင်းက ချိုင်းနား အရှေ့လေကြောင်းနဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး ဟိုတယ်မှာ ချက်အင်ပြီးတဲ့နောက် စတင် ဖျားနာခဲ့ရာက သတိပြုမိကြတာ ဖြစ်ပါတယ်။ အခင်း ဖြစ်ပွားတာနဲ့ တစ်ပြိုင်နက် သက်ဆိုင်ရာက လူနာကို ဒေသဆိုင်ရာ ဆေးရုံမှာ သီးသန့်ထားလိုက်ပြီး အဆိုပါ ဟိုတယ်ထဲက လူ၂၀၀ ကိုလဲ သီးသန့် နေစေကာ အနီးအနားက မက်ထရိုပတ်ခ်ကိုလဲ ၇ရက်တိတိ ပိတ်ခိုင်းလိုက်ပါတယ်။

ဟိုတယ် ၀န်ထမ်းပေါင်း ၁၀၀ ကျော်ကိုလဲ သီးသန့်ဇုံအဖြစ် ညတွင်းချင်း ပြောင်းလဲထားတဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်စေမယ်လို့ သိရပါတယ်။ အပြာရောင် ယူနီဖေါင်း ၀တ်စုံ ၀တ်ထားပြီး မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ ကျန်းမာရေး လုပ်သားများဟာ တာမီဖလူး ဆေးဝါး များ လာရောက် ဝေငှတယ်လို့ သိရပါတယ်။ အဆိုပါ တာမီဖလူး ဆေးဟာ တုပ်ကွေးရောဂါပိုးရဲ့ သက်တမ်းကို တိုတောင်းစေတာ ဖြစ်ပါတယ်။

ဟောင်ကောင် ကျန်းမာရေးဌာန က ဒါရိုက်တာ ဒေါက်တာ လမ်ပင်းလျန်ရဲ့ ပြောကြားချက်အရ မည်သူ တစ်စုံတစ်ယောက်ကမှ ကျန်းမာရေး အရာရှိရဲ့ ခွင့်ပြုချက်မရပဲနဲ့ အဆိုပါ ဧရိယာအတွင်းသို့ ၀င်ရောက်၊ ထွက်ခွာခြင်း မပြုရဘူးလို့ သိရပါတယ်။

သတင်းအကျယ်ကို ဖတ်ရှုလိုပါက နယူးယောက်တိုင်းမ် သတင်း၊ ဝေါစထရိ ဂျာနယ် သတင်း နဲ့ အေပီ သတင်း တို့မှာ အသေးစိတ် ဖတ်ရှုနိုင်ကြပါတယ်။

စင်ကာပူနဲ့ ဟောင်ကောင်အကြားမှာ လေယာဉ်ခရီးစဉ် အပြန်အလှန် ပြေးဆွဲပါတယ်။ စင်ကာပူကနေ ဟောင်ကောင်ကို Singapore Airline ကနေပြီးတော့ ဟောင်ကောင်ကို နေ့စဉ် တစ်ရက်လျင် ခရီးစဉ် ငါးခေါက်နှုန်းနဲ့ လေးနာရီကြာ ခရီးစဉ်ကို ပုံမှန်ပြေးဆွဲနေပါတယ်။ တစ်ခြား ပြေးဆွဲတဲ့ လေကြောင်းများလဲ ရှိနိုင်ပါတယ်။
http://heartstations.blogspot.com/2009/05/swine-flu-case-in-hong-kong-first-case.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်