Saturday, May 16, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ၊ မိသားစုများကို ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ကြရန် - စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က ပန်ကြား

စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်

*မိုးမခ-သတင်းဌာန* မေ ၁၆၊ ၂၀၀၉

ယခု စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးကပ်စောင့်ရှောက်နေကြသူ မိတ်ဆွေများနှင့် ဆရာဝန်တို့ကို ဖမ်းဆီးချုပ်နှောင် အကျဉ်းချထားပြီး တရားစွဲဆိုရန် ဆောင်ရွက်နေခြင်းအပေါ် အမေရိကန်ပြည်ရောက် စာရေးဆရာ၊ ကဗျာဆရာ မောင်စွမ်းရည်က သဘောထားအမြင်ကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ၎င်းပြောကြားချက် အကျဉ်းမှာ -

“ကမ္ဘာအမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဆိုတာငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဖြစ်ပါတယ်။ ဗမာတွေရဲ့ အမြင်မှာ တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအမြင်အရ သူဂုဏ်ရည်တွေကို ကြည့်ရင် တိုင်းပြည်နိုင်ငံရေး ပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်တဲ့သူ၊ ပြန်လည်သင့်မြတ်ရေးကို အားထုတ်နေတဲ့သူ ဖြစ်ပါတယ်။

အဲသလို အမျိုးသမီးတဦးကို စစ်အစိုးရက ထင်သလို နှိပ်စက်နေတာ၊ အနိုင်ကျင့်နေတာဟာ အင်မတန်အရုပ်ဆိုးတဲ့ အပြုအမူဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီပါတီနဲ့ ပြည်သူတွေအားလုံးအပေါ်မှာ လက်နက်အားကိုးနဲ့ ကိုယ်လုပ်ချင်တာကို ဇွတ်လုပ်နေတာဟာ ၂၀၁၀ နီးလာတာနဲ့ အမျှ အင်မတန် ဆိုးဝါးလာနေတဲ့ ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

အခုလို ငြိမ်းချမ်းစွာ နိုင်ငံရဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ မလုပ်ဘူး။ အခုလို မတရားမှုတွေ၊ မင်းမဲ့စရိုက်တွေ ကျုးလွန်နေတဲ့ အ တွက် ကမ္ဘာကကော၊ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေကပါ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွသော နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ အသိုင်းအ၀ိုင်းတွေ အားလုံးကို ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြပါ။ သူတို့ရဲ့ ရပ်တည်ချက်တွေကို ထောက်ခံကြောင်း ပြသကြပါ။ စစ်အစိုးရရဲ့ မတရားမှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ပြင်ဆင်ကြပါလို့ - ပြောချင်ပါတယ်”
ဆိုပြီး ပြောကြားသွားပါတယ်။

*မိုးမခ-သတင်းဌာန*

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်