Sunday, May 24, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးရန် လုံခြုံရေး ကောင်စီ ပြောဆို

မေကျော် စနေနေ့၊ မေလ 23 2009 16:01 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့များနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကုလလုံခြုံရေး ကောင်စီက မြန်မာစစ်အစိုးရကို ယမန်နေ့က ပြောဆိုလိုက်သည်။

တည်ငြိမ်ပြီး အချုပ်အခြာအာဏာ တည်ရှိမည့် မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် တမျိုးသားလုံး ပါဝင်နိုင်ရန် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် လိုအပ်သည်ဟု ကုလကောင်စီက ပြောဆိုလိုက်ခြင်းဖြစ်သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်တော့မည့် ဒေါ်စုကို စစ်အစိုးရက မေလ ၁၄ ရက်နေ့တွင် အင်းစိန်ထောင်၌ ပြောင်းရွှေ့ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက ဆွေးနွေးကာ ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်စုကို အကျဉ်းထောင်အတွင်း ချုပ်နှောင်လိုက်ခြင်းနှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ပြောင်းလဲမှုအတွက် စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီက ပြောဆိုသေးသည်။

လုံခြုံရေးကောင်စီကိုယ်စား အလှည့်ကျ ဥက္ကဋ္ဌ ဗင်တလေ ချော့ကင် (ရုရှားနိုင်ငံ) က ယင်းကဲ့သို့ သတင်းကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

အလားတူပင် လူ့အခွင့်အရေး အထူးကော်မရှင်နာ မင်းကြီး မစ္စ နေဗီပီလေး (Navi Pillay) ကမူ ဒေါ်စု အမှုကို နိုင်ငံတကာ တရားစီရင်ရေး အဆင့်အတန်းနှင့်အညီ တရားမျှတမှု ဖြစ်ပေါ်ရေး ဆောင်ရွက်ရန် ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းကို ချိုးဖောက်တယ်လို့ မြန်မာ အာဏာပိုင်တွေက ပြောကောင်း ပြောမှာပါ။ ဒါပေမယ့် သူတို့က သူတို့ ချမှတ်ထားတဲ့ ပြည်တွင်း ဥပဒေကို ပြန်ပြီး ချိုးဖောက်တဲ့ အပြင်ကို နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စောင့်ထိန်းလိုက်နာရမယ့် တာဝန်တွေကိုပါ ချိုးဖောက်နေတယ်” ဟု သူက ပြောသည်။

၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နှင့် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ၂ ကြိမ်တိုင်တိုင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ပြောဆိုခဲ့သည်။

မြန်မာ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ရှိနေသည်။

သူတို့စကား
"စစ်အစိုးရ အပေါ်သြဇာ သက်ရောက်မှု ရှိနိုင်တဲ့ ချဉ်းကပ်မှုမျိုး ရနိုင်ဖို့  ကျမတို့ ကြိုးစားနေပါတယ်။ အခြေအမြစ် မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စွဲချက်တင်တာကိုလည်း အမေရိကန်က ပယ်ချပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ လွတ်လပ်မျှတအောင် မလုပ်သေးတာကိုလည်း ကျမတို့ လုံးဝ လက်မခံပါဘူး။ ဒီအတိုင်းသာ ဆက်ပြီးသွားနေရင် သူတို့ရဲ့  ၂၀၁၀ ရွေးကောက်ပွဲဟာ လုံးဝ တရားဝင်မှာ မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်လည်း ဘာအဓိပ္ပါယ်မှ ရှိမှာ မဟုတ်ပါဘူး"

ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

© Copyright 1998 - 2009 Mizzima News. All Rights Reserved
Myanmar News

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်