Friday, May 1, 2009

နေ၀င်ခဲ့သောဘ၀များ

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အဖြစ်ဆိုးခဲ့ရတဲ့နေ့ တသက်လုံးစာ အိမ်မက်ဆိုးတွေ ပေးခဲ့တဲ့နေ့က
နှစ်ပါတ်လည်ပြန်ရောက်လာခဲ့ပြီ..ဒီလိုနေ့ရက်တွေမှာ ကျန်ရစ်ခဲ့ရတဲ့သူတွေရဲ့ စိတ်နှလုံးတွေ
ဘယ်လောက်တောင်နာကျင်နေကြမလဲ.သတိရတမ်းတ စိတ်တွေနဲ့ ငိုကြွေးနေကြရမယ် ပူလောင်နေကြရမှပဲ...

နာဂစ်မုန်တိုင်း ၀င်မွှေတဲ့အဖြစ်ကို သတိရမိတိုင်း ယူကြုံးမရဖြစ်မိတယ်။
ဒါဟာ ငလျင်လှုပ်ခဲ့တာမဟုတ်ဘူး..မုန်တိုင်းတခု ဖြစ်ပေါ်ဘို့ အတွက် အချိန်ယူရတယ် အရှိန်ယူရမယ်..။
တိတ်တဆိတ်ရောက်လာတာ မဟုတ်ဘူး ..၀င်လာတဲ့လမ်းကြောင်းက ထင်ထင်ရှားရှား ရှိတယ်..
ဒီလောက်ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့သင့်ပါဘူး။

ဘယ်မှာလဲငါတို့ လူမျိုးတွေအတွက် လုံခြုံမှု ဘေးကင်းတဲ့နေရာ ..ဘယ်မှာလဲ ကာကွယ်တာဆီးပေးမှု
ကျွန်တော်ပြန်တွေးတိုင်း စိတ်ထဲမှာ နာကျင်နေရတုန်းပါပဲ။တုတ်နဲ့ဝိုင်းရိုက်တာမျိုး ထက်အဆပေါင်းများစွာ
အဖြစ်ဆိုးခဲ့တယ်..။

ဘ၀မှာတခါမှ မကြုံဘူးတဲ့ လှိုင်းလုံးကြီးတွေ ကို အံ့သြချိန်တောင်ရခဲ့ ကြပါ့မလား။။။။။
မမျှမတနဲ့ အသက်လုရင်း ဘယ်လိုများ သေမင်းကို အရှုံးပေးခဲ့ကြမလဲ...။
ကိုယ်ကိုတိုင် ရုန်းကန်နေရချိန် ကိုယ့်ရဲ့မိသားစုအတွက် စိတ်နှလုံးတွေ ဘယ်လောက်များ လောင်မြိုက်နေခဲ့ကြမလဲ..။

ကိုယ့်မိသားစု အလောင်းကို ဘယ်လိုနာကျင်မှုမျိုးနဲ့လိုက်ရှာနေခဲ့ကြမလဲ..
ကျန်ရစ်ခဲ့တဲ့ အဖြစ်ကို မလိုချင်ဘဲအတူတူ တခါတည်းသေသွား ရင်ကောင်းမယ်ဆိုတဲ့
အနိမ့်ဆုံးစိတ်ဓါတ်တွေနဲ့ သူတွေ ဘယ်လောက်တောင် ကျန်ခဲ့ကြမလဲ..ဘ၀တလျှောက်လုံးလဲ သူတို့အတွက်
အိမ်မက်ဆိုးတွေအခါခါ မက်ကြရတော့မယ်...။


အဲဒီနေ့ ကျွန်တော်အလုပ်က ပြန်လာတော့ သတင်းဆိုးက ဆီးကြိုနေခဲ့တယ်...အမှန်အတိုင်းပြောရရင်
မြန်မာပြည်မှာ မုန်တိုင်းဝင်တယ် ဆိုပေမယ့် ဒီလောက်အထိ အခြေအနေ ဆိုးဝါးခဲ့မယ်လို့ မယုံကြည်ခဲ့ပါဘူး..
CNN မှာ စောင့်ကြည့်တော့ BREAKING NEWS မှာ ကြည့်နေရင်းနဲ့ကို ကိန်းဂဏန်းတွေ က များများလာတယ်
ရင်ထဲမှာလည်း ဆို့ကျပ်လာနေပြီ..ဟုတ်ပါ့မလား အဲဒီလောက် ဖြစ်နိင်ပါ့မလား တွေးရင်းနဲ့ အမှန်တရားကို
လက်ခံလိုက်ရတယ်။တကယ်ကို မျက်ရည်ဝဲခဲ့ရတယ်...

နောက်နေ့တွေမှာ အနိဌာရုံ ဓါတ်ပုံတွေ ပလူပျံနေခဲ့တယ်..။
ဓါတ်ပုံတွေ ကြည့်ရင်းနဲ့ မိသားစုတစု လက်တွေကို ကြိုးတွေနဲ့ ပါတ်ပြီး ပိုးလိုးပက်လက် သေနေတဲ့ဓါတ်ပုံ တပုံကို
ကြည့်မိတော့ကျွန်တော် ထိန်းမရတော့ဘူး မျက်ရည်ကျခဲ့ရတယ်..



အတူတူရှင်အောင်ကြိုးစားရင်း အတူတကွသေဆုံးသွားကြတဲ့ မိသားတစုရဲ့ နွေးထွေးတဲ့မေတ္တာ ကိုမြင်ရတယ်။
ဒီလိုဘ၀ဆိုးတွေ အများကြီးပါပဲ...အလောင်းတွေ သောင်ပြင်မှာ ပြန့်ကျဲနေတယ်။
ခွေးသေ၀က်သေ သေပြီး အစွန့်ပစ်ခံ ခဲ့ကြရမယ်လို့ ဘယ်သူကတွေးခဲ့မိမလဲ....။

လူနဲ့တူအောင် မြုပ်နှံပေးဘို့ ကြိုးစားခဲ့တဲ့သူတွေ သံတိုင်တွေ အနောက်ကိုရောက်ကုန်ကြတယ်။
ငတ်မွတ်နေတဲ့ ငါတို့လူမျိုးအချင်းချင်း တလုပ်တဆုပ် ပေးကမ်းဘို့ အားထုတ်တဲ့သူတွေ အုတ်နံရံတွေနောက်
ရောက်ကုန်တယ်..အမှောင်တိုက်တွေထဲ ရောက်ကုန်တယ်။

ပစ္စလက္ခ နိင်ငံမှာ ဖရိုဖရဲ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေအတွက် သေခြင်းတရားက အမြဲတမ်းနီးနီးလေးမှာ ရှိနေတယ်
ငတ်မွတ်ခြင်းက ဖွားဖက်တော်ဖြစ်နေခဲ့ကြတယ်..နွေးထွေးမှု မရှိဘူး အကာအကွယ်မရခဲ့ကြပါဘူး
ဘ၀ရဲ့နိဂုံးတွေလည်း မလှခဲ့ကြပါဘူး။...အားလုံးကောင်းရာမွန်ရာ ရောက်ပါစေ..




ဒီလိုလက်ဖြန့်တောင်းရမယ်မှန်းသိရင် သူတို့ ရှင်ကျန်ရစ်ခဲ့ချင်ပါ့မလား။ငါးပါးသောရန်သူမျိုးက
သူတို့လက်တွေကို ဖြန့်တောင်းတတ်စေတယ်...။ငတ်မွတ်ခြင်းက သူတို့တွေကို လက်ဖြန့်တောင်းစေခဲ့တယ်..။
ရောင့်ရဲစွာ နေတတ်ခဲ့တာတောင် သူတို့ တောင်းစားနေရတယ်..။
ငါတို့လူမျိုးတွေ နေ၀င်ကြတော့မှာလား...

ဒီလိုသဘာဝဘေးဆိုး ကျရောက်လို့ ကာကွယ်ရေး ကယ်ဆယ်ရေးတွေ လုပ်လို့ နောက်ကျခဲ့မယ်
လစ်ဟင်းခဲ့မယ်ဆိုရင် ကိုယ့်တာဝန် ကိုယ်ယူပြီး အလုပ်ထွက်ကြတဲ့ လူကြီးလူကောင်းတွေ ရှိတယ်..
ဒါပေမယ့် ကျွန်တော်တို့ နိင်ငံမှာတော့ တာဝန်ရှိတဲ့သူ ဒေါက်တာဘွဲ့ အပ်နှင်းခံရတယ်...
အဲဒီလူ နောက်ထပ် ဘွဲ့တဘွဲ့ ထပ်ရဘို့အတွက် မုန်တိုင်းနောက်တလုံးတော့ ထပ်မမျှော်နိင်ကောင်းပါဘူးလို့
ခပ်ရွဲ့ရွဲ့တွေးမိသေးတယ်။။။

သေသွားတဲ့သူတွေ အားလုံး ဘ၀မှာ လူသားဆန်ခွင့် မရခဲ့ကြဘူး..ကျွန်တော်တို့လည်း အတူတူပါပဲ..
နာဂစ်ဟာ လူတသိန်းကျော်နဲ့ တညတာ အဖြစ်ဆိုးဆိုရင် .....
လူသန်းငါးဆယ်ကျော်နဲ့ တစ်ဘ၀စာ အဖြစ်ဆိုးလည်း ကျွန်တော်တို့ မြန်မာနိင်ငံမှာ ရှိနေသေးတာတော့ မမေ့ကြပါနဲ့....။

( http://page-28.blogspot.com/ ) မှကူးယူဖော်ပြပါသည်.


1 comment:

Htaw said...

I did cry like you too. May the people of Burma free from fear.

Post a Comment

ယခင် သတင်းများ ဖတ်ရန်