Thursday, May 14, 2009

အမှုမစစ်ဆေးမီ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်အတွင်း ထား

မင်းနိုင်သူ / ၁၄ မေ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသော ဘေးအန္တရာယ် ပုဒ်မ (၂၂) ရာဇသတ်ကြီးပုဒ်မ (၁၀၉) ဖြင့် နအဖစစ်အစိုးရက အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း အမှုကိုင်ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် နေအိမ်မှ အင်းစိန်ထောင်ရှိ အထူးတရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ အတူနေ ဒေါ်ခင်ခင်ဝင်းတို့သားအမိလည်း လိုက်ပါသွားခဲ့ရသည်။

အမှုကိစ္စအတွက် ယနေ့နံနက် (၉) နာရီတွင် အင်းစိန်အထူးတရားရုံးသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးအောင်သိန်း၊ ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးလှမျိုးမြင့်တို့ လိုက်သွားကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်ခင်ခင်ဝင်းသားအမိ၊ နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့သည်ဆိုသော အမေရိကန်နိုင်ငံသား ဂျွန်ဝီလျှံ ယက်တောတို့ကို ရုံးတင်ခဲ့သော်လည်း ဒေါက်တာတင်မျိုးဝင်းကို မတွေ့ရဟု ဦးအောင်သိန်းက ပြောသည်။

၎င်းက “ဒီနေ့ အင်းစိန်အထူးတရားရုံးမှာ နှစ်ပါးထိုင်အဖြစ် တရားသူကြီး ဦးသောင်းထွန်းနဲ့ ဦးညီညီစိုးတို့က အမှုကို စတင်ကိုင်တွယ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့အမှုကို အခုလ (၁၈) ရက်မှာ စတင်ကြားနာမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ခွင့်မပြုဘဲ အင်းစိန်ထောင် ဧည့်ဆောင်မှာ ထိန်းသိမ်းထားတယ်” ဟု ပြောသည်။

ဒေါ်ခင်ခင်ဝင်းတို့သားအမိကို ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော ပုဒ်မများဖြင့် စွဲဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း ၀င်ရောက်နေထိုင်ခဲ့သည်ဆိုသော အမေရိကန်နိုင်ငံသား ဂျွန်ဝီလျှံယက်တောကိုမူ လ၀က ပုဒ်မ (၁၃/၁) နှင့် စည်ပင်သာယာပုဒ်မ (၂၈) တို့ဖြင့် တရားစွဲဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ဒေါ်အောင်ဆန်းစုကြည်အား ယင်းကဲ့သို့ တရားစွဲဆိုမှုမှာ မလုပ်သင့်မလုပ်ထိုက်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အန်အယ်လ်ဒီအဖွဲ့ဝင်များနှင့်ထောက်ခံသူများကို ၂၀၀၃ ခုနှစ် မေလ (၃၀) ရက် ညပိုင်းတွင် ဒီပဲယင်းမြို့နယ် ကျီစုကျေးရွာအနီး စစ်အစိုးရလိုလားသူများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို နအဖစစ်အစိုးရက နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ (၁၀/ခ) ဖြင့် နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။

အဆိုပါဥပဒေကို ၁၉၇၅ ခုနှစ် စတင်ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်အထိ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။

ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျခံနေရသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်အထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင်သတ်မှတ်ခဲ့သည်။

ထို့နောက် ဒီပဲယင်းအရေးအခင်းအပြီး တတိယအကြိမ် ထိန်းသိမ်းခံရချိန်တွင် (၅) နှစ်ပြည့်မြောက်သော်လည်း (၆) နှစ်အထိ ချုပ်နှောင်ပိုင်ခွင့်ရှိသည်ဆိုကာ ၂၀၀၇ ခုနှစ် မေလ (၂၅) ရက်တွင် နအဖစစ်အစိုးရက အကျယ်ချုပ် သက်တမ်း တနှစ်ထပ်တိုးခဲ့သည်။

ထိုကဲ့သို့ထပ်တိုးခြင်းသည် ဥပဒေနှင့်လျော်ညီမှုမရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ထောက်ပြပြောဆိုခဲ့ပြီး အယူခံလွှာတစောင်ကိုလည်း ၂၀၀၈ ခုနှစ် အောက်တိုဘာ (၉) ရက်တွင် နအဖ၀န်ကြီးချုပ်ထံ တင်သွင်းခဲ့သည်။

သို့သော် နအဖစစ်အစိုးရဘက်မှ အကြောင်းပြန်ကြားမှုမရှိသဖြင့် အယူခံအမှုကို ကြားနာပေးပါရန် မေတ္တာရပ်ခံစာ လေးကြိမ်ထပ်မံပေးပို့ခဲ့သော်လည်း နအဖ၀န်ကြီးချုပ်ဘက်မှ အကြောင်းမပြန်ခဲ့ပေ။

ထို့နောက် ဧပြီ (၂၈) ရက်တွင် နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်မေတ္တာရပ်ခံစာကို ပေးပို့ခဲ့သည်။

နအဖစစ်အစိုးရဘက်မှ ဧပြီ (၃၀) ရက်တွင် ယင်းအယူခံမှုကို ပလပ်လိုက်ကြောင်း တရားဝင်အကြောင်း ပြန်ကြားခဲ့သည်။

အယူခံပယ်ချကြောင်း ပြန်ကြားချိန်သည် နအဖသတ်မှတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားခွင့်မှ ပြန်လွှတ်ပေးရမည့်ရက် (၂၇) ရက်အလိုတွင် ဖြစ်သည်။

ထို့နောက် မေလ (၇) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ အမေရိကန်နိုင်ငံသားတဦး ၀င်ရောက်နေထိုင်ခဲ့ ကြောင်း နအဖသတင်းစာများက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချထားခွင့်ကုန်ဆုံးရန် (၂၁) ရက်အလိုတွင် ယင်းကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့နောက်ပိုင်း ယနေ့နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီး တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။ http://www.khitpyaingnews.org/news/May_09/14-5-09d.php

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်