Friday, May 22, 2009

မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှု ယူဂိုဆလားဗီးယား၊ ရ၀မ်ဒါတို့နဲ့ အလားတူ

21 May 2009

မြန်မာစစ်အစိုးရအပေါ် စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စုံစမ်း စစ်ဆေးသင့်တယ်လို့ ကမ္ဘာ့ ထိပ်တန်း တရားသူကြီး ၅ ဦးက တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေ အနေတွေကို ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသက အခြေအနေ တွေနဲ့လည်း နှိုင်းယှဉ်ပြောကြပါသေးတယ်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေချိန် မှာပဲ အခုလို တောင်း ဆိုချက်ထွက်လာတာပါ။ ဗွီအိုအေရဲ့ အရှေ့တောင်အာရှဗျူရိုကနေ ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ပေးပို့ ထား တဲ့ သတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က ထင်ရှားလှတဲ့ ဟားဗတ်ဒ်ဥပဒေရေးရာကျောင်းကနေ မေလ ၂၁ ရက်၊ ဒီက နေ့မှာပဲ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကိုထောက်ပြ ပြီး ကုလသမဂ္ဂကနေ စုံစမ်းရေးကော်မရှင် ဖွဲ့ စစ်ဆေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျကို ဖြစ်နေပြီး အစိုးရရဲ့ မူဝါဒတရပ်အနေနဲ့ကို လုပ် ဆောင်နေတာဖြစ်တယ်လို့ဟားဗတ်ဒ်တက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အ ရေးဆိုင်ရာအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထား ပါ တယ်။

အစီရင်ခံစာရဲ့နာမည်ကို မြန်မာနိုင်ငံက ရာဇ၀တ်မှုများလို့ ဆိုရမယ့် “Crimes in Burma” လို့ နာမည်ပေး ထား ပြီး အဲဒီလို ကျူးလွန်မှု တွေဟာ လူသားအဖြစ်ကို ဆန့်ကျင် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုမြောက် လုပ်ရပ် တွေ ဖြစ်နိုင်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

၁၅ နှစ်စာ ကုလသမဂ္ဂ အထောက်အထားတွေပေါ်မှာပဲ လုံးလုံးလျားလျား အခြေခံပြုစု ထားတဲ့ ဒီအစီရင်ခံစာမှာ လိင်ပိုင်း အကြမ်းဖက်မှု တွေ၊ အတင်းအကျပ် နေရာရွှေ့ပြောင်း ခိုင်းတာတွေ၊ နှိပ်စက် ညှဉ်းပန်းတာတွေနဲ့ ဥပဒေမဲ့ သတ်ဖြတ်တာတွေကို မှတ်တမ်း တင်ထားပါတယ်။

တိုင်လာ ဂီယမ်နီနီ (Tyler Giannini) ဟာ ဟားဗတ်ဒ်တက္ကသိုလ် လူ့အခွင့်အရေးအစီအစဉ်ရဲ့ ညွှန်ကြား ရေးမှူးဖြစ်ပြီး ဒီအစီရင်ခံစာ ပြုစုရာမှာ ပါဝင်သူတဦးပါ။ အရင် ယူဂိုဆလားဗီးယားဒေသနဲ့ ဒါးဖောဒေသတို့က အလားတူဖြစ်ရပ်မျိုးတွေကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စုံစမ်းစစ်ဆေးခဲ့သလို မြန်မာနိုင်ငံကိုလည်း စုံစမ်း စစ်ဆေးသင့်တယ်လို့ သူကပြောပါတယ်။

“ဒါးဖောဒေသမှာ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်ဟာ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ဖျက်ဆီးခံရတဲ့ ကျေးရွာအရေအတွက်နဲ့ နှိုင်းယှဉ်ရင် အတူတူပါပဲ။ မြန်မာနိုင်ငံအရှေ့ပိုင်းမှာ ၁၉၉၆ ခုနှစ်ကတည်းကဆိုရင် ကျေးရွာပေါင်း ၃,၀၀၀ ကျော် ဖျက်ဆီးခံရ တာ၊ ဒါမှမ ဟုတ် လူတွေ စွန့်ခွာထွက်ပြေး သွားကြတာတွေကို ယုံကြည်ရပြီး သီးခြားလွတ်လပ်တဲ့ သတင်းရင်းမြစ်တွေပေါ်မှာ အခြေခံပြီးတော့ မြန်မာနိုင်ငံ လူ့အခွင့် အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးက တွေ့ရှိထားခဲ့ပါတယ်။ ဒီအရေအတွက် ဟာ တကယ့်ကို သိသာထင်ရှားတဲ့ အရေအတွက်ပါ။”

ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးဟာ မြန်မာနိုင်ငံက မတရားဖြစ်ရပ်တွေကို နှစ်ပေါင်း များစွာ ဝေဖန်ပြောဆိုခဲ့ကြပေမယ့် လုံခြုံရေး ကောင်စီက အရေးယူလုပ်ဆောင်ဖို့ပျက်ကွက်ခဲ့တယ်လို့ အစီရင်ခံစာက ဝေဖန်ထားပါတယ်။

ဒီအစီရင်ခံစာကို ရေးဆွဲပြုစုစေခဲ့သူတွေကတော့ နိုင်ငံတကာက ထင်ရှားတဲ့ တရားသူကြီး ၅ ဦးပါ။ သူတို့ထဲက အများစုဟာ ယူဂိုဆလား ဗီးယားဒေသဟောင်းနဲ့ ရ၀မ်ဒါဒေသတို့ဆိုင်ရာ နိုင်ငံတကာပြစ်မှု တရားခုံရုံးတွေမှာ ၀တ်လုံတော်ရတွေ၊ တရားသူကြီး တွေအဖြစ် ထမ်းဆောင်ခဲ့ကြဖူးပြီး တောင်အာဖရိက၊ အမေရိ ကန်ပြည်ထောင်စု၊ဗြိတိန်နိုင်ငံ၊ ဗင်နီဇွဲလားနဲ့ မွန်ဂိုလီးယားနိုင်ငံတို့က ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင်စစ်ဆေးနေတာနဲ့အမျှ မြန်မာ စစ်အစိုးရပေါ် နိုင်ငံတကာဖိအား တိုးလာနေပါတယ်။ ဒီလို တရားရုံးတင် စစ်ဆေးတာကြောင့် မြန်မာနိုင်ငံ တွင်း မတရားမှုတွေကို အများက ပြန်ပြီးအာရုံစိုက်လာကြချိန်မှာ ဒီအစီရင်ခံစာ ထွက်လာတာက အချိန်ကိုက်ပါပဲလို့ ဂီယမ်နီနီကပြောပါတယ်။

“နှိမ်နင်းဖြိုခွဲတာတွေအပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်တမ်းတရား စွပ်စွဲတာ တွေက မြန်မာလူထုရဲ့ အခြေခံလွတ်လပ်ခွင့် တွေအပေါ် ကန့်သတ်ချုပ်ချယ်တဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို နောက်ထပ်သက်သေပြ တာပါ ပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေသာ ဖြစ်နေတာမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာရာဇ၀တ် ကြောင်းချိုးဖောက်မှုတွေလည်း ရှိနေတယ် ဆိုတာကို ဒီလို လေ့လာတွေ့ရှိချက်မျိုးက မီးမောင်း ထိုးပြပါလိမ့် မယ်။”

စာမျက်နှာ ၁၁၄ မျက်နှာပါ ဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေရဲ့ အခြေခံတွေ၊ မြန်မာနိုင်ငံကလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လုံခြုံရေးကောင်စီကယူဂိုဆလားဗီးယားနဲ့ ရ၀မ်ဒါ ဒေ သဆိုင်ရာ လုပ်ဆောင်ခဲ့တာတွေနဲ့ မြန်မာနိုင်ငံ အခြေအနေ စသည်အားဖြင့် အခန်း ၄ ခန်းခွဲပြီး တင်ပြထား ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်