Friday, May 8, 2009

ကေအိုင်အို နိုင်ငံရေးပါတီဖွဲ့မည်မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး နအဖနှင့်ထပ်မံဆွေးနွေးမည်


NEJ / ၈ မေ ၂၀၀၉
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပြီးလျှင် ဒုတိယအင်အားအကြီးဆုံးဖြစ်သည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) အနေဖြင့် နိုင်ငံရေးပါတီ ထူထောင်မှု မရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

ကချင်အတိုင်ပင်ခံကောင်စီကဲ့သို့ ကချင်ပြည်နယ် ပြည်သူလူထုအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေးသည့် လုပ်ငန်းကော်မတီသာရှိပြီး ထိုကော်မတီတွင် ကိုယ်စားလှယ်အနေဖြင့်ပါရှိကာ နိုင်ငံရေးပါတီမဖွဲ့ကြောင်း ကေအိုင်အို ဗဟိုကော်မတီဝင် ဒေါက်တာ လဂျာက ပြောသည်။

“နိုင်ငံရေးပါတီ မထောင်ပါဘူး။ ကေအိုင်အိုအနေနဲ့ မပါပါဘူး။ ကြားလုပ်ငန်းကော်မတီဆိုပြီး ပါတာတော့ရှိတယ်။ ဒါနိုင်ငံရေးပါတီမဟုတ်ဘူးဗျ။ သူတို့က Process ကို ဘယ်လို သွားကြမယ်ဆိုတာ ညှိနှိုင်းတဲ့သဘောပေါ့ဗျာ။ ကျနော်တို့လူကြီးပိုင်း၊ ပြည်သူလူထုလူကြီးပိုင်းတွေရဲ့ သဘောထားတွေ ရှင်းလင်းညှိနှိုင်းကြတဲ့အဖွဲ့ပါ။ အတိုင်ပင်ခံ ကောင်စီလိုမျိုးပါ” ဟု ၎င်းက ပြောသည်။

အဆိုပါလုပ်ငန်းကော်မတီကို ယမန်နှစ်က လိုင်ဇာမြို့တွင် ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်ဒီမိုကရေစီတပ်မတော်မှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။

အခြားသော အပစ်ခတ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို နအဖဘက်က ပြောဆိုထားသော်လည်း ကေအိုင်အိုအနေဖြင့် အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း၊ ထို့ပြင် လူအင်အားသတ်မှတ်ပေးခြင်း၊ စာရင်း တောင်းခြင်းလည်း မရှိသေးဘဲ ယခုလအတွင်း ၎င်းတို့ဘက်မှ အဆင်သင့်ဖြစ်ပါက နအဖနှင့် ထပ်မံဆွေးနွေးရန် ရှိကြောင်း ဒေါက်တာလဂျာက ပြောသည်။

ယခင်လ (၂၈) ရက်က ကချင်ပြည်လွတ်လပ်ရေးအဖွဲ့အပါအ၀င် တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ အပစ်ရပ်အဖွဲ့အစည်းများကို စစ်ဘက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်တိုင်းမှူးများက သီးခြားစီ ခေါ်ယူတွေ့ဆုံကာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ နိုင်ငံရေးပါတီထူထောင်ကာ ရွေးကောက်ပွဲဝင်ရေးတို့ကို ပြောဆိုခဲ့သည်။

အင်အား (၃) သောင်းဝန်းကျင်ရှိသည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ကို အင်အား (၃) ထောင်အထိ လျှော့ခိုင်းနေသော်လည်း အင်အား (၅) ထောင်ဝန်းကျင်ရှိသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့၏ တပ်ဖွဲ့ကိုမူ အင်အားလျှော့ခိုင်းခြင်း မရှိသေးဟု သိရသည်။

ယခုနှစ်ဖေဖော်ဝါရီ (၅) ရက်တွင် ကျရောက်ခဲ့သည့် (၄၈) နှစ်မြောက် ကေအိုင်အိုတော်လှန်ရေးနေ့တွင် ကေအိုင်အို ဒု-ဥက္ကဋ္ဌနှင့် စစ်ဦးချုပ်ဖြစ်သူ ဗိုလ်ချုပ်အင်ဘန်လက ကေအိုင်အိုအနေဖြင့် နိုင်ငံရေးပါတီထောင်ကာ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအား မကြိုက်သော်လည်း နောင်တက်လာမည့်အစိုးရနှင့် ဆက်လက် ဆွေးနွေးတောင်းဆိုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသည်။

ကေအိုင်အိုအဖွဲ့သည် ၁၉၆၂ ခုမှစ၍ လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့ပြီး ၁၉၉၄ ခု၊ ဖေဖော်ဝါရီ (၂၄) ရက်တွင် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

အပစ်ရပ်အဖွဲ့များအနေဖြင့် နအဖဘက်မှတောင်းဆိုထားသကဲ့သို့ နိုင်ငံရေးပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည်ဆိုပါက ရွေးကောက်ပွဲခိုင်မာမှုရှိသွားပြီး နအဖအတွက် နိုင်ငံရေးအမြတ်ရသွားနိုင်သည်ဟု တရုတ်-မြန်မာ နယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်