Saturday, May 9, 2009

ကျွန်ဟာ ကျွန်ပါပဲ

ကျွန်ဟာကျွန်ပါပဲ (ဘယ်ဘက်ဖိနပ်ကြိုက်လား၊ ညာဘက်ဖိနပ်ကြိုက်လား)

မြန်မာတွေမှာ အကျင့်ပါနေတာ တစ်ခုရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဘယ်လိုခွဲရမလဲ၊ ဘယ်လိုကွဲရမလဲဆိုတာ ဖြစ်ပါတယ်။ ဘယ်လို ညီညွတ်အောင်လုပ်ရမလဲ၊ ဘယ်လိုလုပ်ရင် ညီညွတ်နိုင်မလဲဆိုတာကို စဉ်းစားလုပ်ဆောင်ကြတာ နည်းပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
ရှေးခေတ် လွတ်လပ်ရေးမရခင်မှသည် ယ္ခုခောတ်ထိကို ကွဲလို့ခွဲလို့ကောင်းကြတုန်း ရှိပါသေးတယ်။ အင်္ဂလိပ်ကျွန်ဘဝက လွတ်မြောက်အောင် တော်လှန်ရေှးမှာလည်း ကွဲကြ၊ ပြဲကြ၊ ခွဲကြလို့ ရန်သူအင်္ဂလိပ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။
ဒီနေရာမှာ မှတ်သားစရာ ကောင်းတာလေးတခု သတိရနေပါတယ်။ သခင်အစ ဘသောင်းက ဆိုတဲ့အတိုင်း သခင်တွေဖြစ်အောင် စည်းရုံးခဲ့တဲ့ သခင်ဘသောင်း ပြောခဲ့တဲ့စကားလေးပါ။ အင်္ဂလိပ်လက်အောက် အုပ်ချုပ်ရေးမှာ ခွဲရေး-တွဲရေး ပေါ်လာတဲ့ပြဿနာပါ။ တချို့က အိန္ဒိယနဲ့  တွဲအုပ်ချုပ်တာ သဘောတူတယ်။ တချို့က သီးသန့်ခွဲအုပ်ချုပ်တာ သဘောတူတယ်။

ဒီလို့နဲ့မြန်မာတွေ အချင်းချင်း ငြင်းကြ၊ ခုံကြ၊ ကွဲကြ၊ ပြဲကြ၊ ခွဲကြပါတယ်။ ဒါကို မကြိုက်တဲ့ ဆရာကြီးသခင်ဘသောင်းက ဘာပြောလဲဆိုတော့ ခွဲရေးပဲဖြစ်ဖြစ်၊တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်အစိုးရက ကျုပ်တို့ရဲ့ ဘယ်ဘက်ခြေထောက်အောက်မှာ နေတာကြိုက်လား၊ ညာဘက်ခြေထောက်အောက်မှာ နေတာကြိုက်လားလို့ မေးတာဖြစ်တယ်။ ခွဲရေးပဲဖြစ်ဖြစ်၊ တွဲရေးပဲဖြစ်ဖြစ် အင်္ဂလိပ်စစ်ဖိနပ်အောက်ကကျွန်ဟာ ကျွန်ပါပဲလို့  ပြောခဲ့တာလေးရှိပါတယ်။ လုံးဝလွတ်မြောက်ရေးသည်သာ အရေးကြီးကြောင်းကို ဆရာကြီးက အထူးအလေးပေး ပြောကြားခဲ့ပါတယ်။ ပြောတဲ့အတိုင်း တောက်လျှောက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ သခင်ပီသတဲ့ လူတွေရဲ့အတွေးဟာ ရှင်းတယ်၊ ပြတ်တယ်၊ ဒီအတိုင်းပဲ လုပ်ဆောင်တယ်။ ဘယ်တော့မှ အောက်တန်းကျတဲ့ အတွေးမတွေးဘူး။ ဒါပေမဲ့ အခုကြည့်။ န.အ.ဖ စစ်ကျွန်တွေရဲ့ လှည့်ကွက်အတွင်းထဲမှာ ကျွန်ဇာတ်သွင်း အညံ့ခဲတဲ့ လူတွေမနည်းဘူး ထွက်လာတယ်။ အခုထိလည်း အညံ့ခံကာ မိမိတို့ကို ကျွန်ဇာတ်သွင်းနေကြတယ်။ မိမိတင် အားမရသေးသည့်အတွက် သူတပါးကိုပါဆွဲပြီး ကျွန်ဇာတ်သွင်းနေကြတယ်။ အားလုံးလဲ သိမှာပါ။ ယနေ့ န.အ.ဖ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တချို့က ဝင်ရောက်ရောပေါင်းသင့်တယ်။ ဒါကမှ အမှန်လို့ တချို့စာရေးဆရာ နာမည်ကြီးတွေ ရေးနေကြ ပြောနေကြတာ ကြားမှာပါ။ တချို့ကလည်း ဝင်မရောပေမဲ့ စောင့်ကြည့်မယ်။ အခြေနေကြည့်ပြီး ရောသင့်ရောမယ်။ ခွဲသင့်ခွဲမယ်ဆိုပြီး ဖြစ်နေကြပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်ကြပါ။ န.အ.ဖ စစ်အစိုးရက အားလုံးကို မေးလိုက်တာပဲဖြစ်ပါတယ်။ သခင်ဘသောင်းစကားနဲ့ ပြောရရင်တော့ ကျုပ်တို့ကို န.အ.ဖ စစ်မိစ္ဆာတွေက သူတို့ရဲ့ ဘယ်ဘက်ခြေထောက်အောက်မှာ နေတာကြိုက်လား၊ ညာဘက်ခြေထောက်အောက်မှာ နေတာကြိုက်လား လို့မေးလိုက်တာပဲ ဖြစ်ပါတယ်။ မဝေဝါးကြပါနဲ့ ———
ဘယ်ခြေထောက် အောက်မှာပဲနေနေ စစ်ကျွန်ဟာ စစ်ကျွန်ပါပဲ။ အပြီးအပိုင် လုံးဝခွင်းလုံးကျွတ် မတော်လှန်နိုင်သေးသ၍ န.အ.ဖ စစ်ဘီလူး မိစ္ဆာတွေရဲ့ ဖိနပ်အောက်မှာ မိမိတို့ ကိုးကွယ်တဲ့ သာသနာနဲ့တကွ လူမျိုးပါ ပျောက်သွားနိုင်ကြောင်းကို သတိပေးနှိုးဆော်ရင်း———-
စစ်ကျွန်ဘဝမှလွတ်မြောက်ရေးဆီသို့ 
။ မင်းသုည (ကွန်းခြံကုန်း)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်