Saturday, March 7, 2009

UDP ၏ ဖြီးလုံးဖြန်းလုံးများ

ရဲဘော်ပိုင် (DPA)
Saturday, March 07, 2009

အခုတလော လေလှိုင်းပေါ်မှာနဲ့ အင်တာနက်ပေါ်မှာ ကနေဒါက UDP ပါတီဆိုတာရဲ့ ခေါင်းဆောင် ဦးကျော်မြင့်အကြောင်းတွေ ကြားနေ ရ တွေ့နေရပါတယ်။ ဒီထဲက သူ့ဘဝဖြတ်သန်းမှုဆိုတာနဲ့ပတ်သက်လို့ ကျနော်သိသလောက် ပြောပြချင်ပါတယ်။

၁၉၈၈ ခု နဝတ အာဏာသိမ်းပြီးတော့ ကျနော်တို့မန္တလေးနဲ့ အထက်ဗမာပြည်တဝိုက်က ကျောင်းသားတွေဟာ တချို့က အိန္ဒိယဘက် သွားကြသလို တချို့က မိုးကောင်း ဗန်းမော် မြစ်ကြီးနားဘက် KIA ဆီတောခိုကြပါတယ်။ သူငယ်ချင်းတချို့က သီပေါ

ကျောက်မဲဘက် ကနေ SSA နယ်မြေကို တောခိုသွားကြပါတယ်။ ကျနော်ကတော့ နမ္မတူဘက်ကတဆင့် ဗကပနယ်မြေ မုံးကိုးကို ရောက်သွားပါတယ်။ တချို့လည်း ကုန်သည်တွေနဲ့အတူ မူဆယ် ကြူကုတ် ကတဆင့် မုံးကိုးကို ရောက်လာတာရှိပါတယ်။

အဲဒီအချိန်မှာ မုံးကိုးဟာ ဗကပရဲ့ မြောက်ပိုင်းဗျူရို ဌာနချုပ် အခြေစိုက်ရာဖြစ်ပါတယ်။ ကျနော်ဟာ မုံးကိုး ကို ၁၉၈၈ နိုဝင်ဘာမှာရောက် ပြီးနောက် မကြာခင်မှာဘဲ အခြေခံစစ်သင်တန်း၊ လက်နက်ငယ်သင်တန်း၊ နိုင်ငံရေး သင်တန်းတွေ တက်ရပါတယ်။ ကျနော်တို့ ၈ လေးလုံးက တောခိုလာတဲ့ ကျောင်းသားတွေနဲ့ အရပ်သားတွေကို ဗကပ က ဒီမိုကရေစီပြည်ချစ်တပ်မတော် DPA ဆိုတဲ့နာမည်နဲ့ သီးသန့်အဖွဲ့အစည်းတခု တည်ထောင်ပေးပါတယ်။ DPA ခေါင်းဆောင်ပိုင်းထဲမှာတော့ ဗကပ ယူဂျီတွေ ထည့်ထားတယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ အများစုကတော့ နီတာ ဖြူတာတွေမသိဘဲ စစ်အုပ်စုကိုချချင်တာဘဲ သိပါတယ်။

ကျနော်တို့ မုံးကိုးမှာ စစ်သင်တန်း နိုင်ငံရေးသင်တန်းတွေတက်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေတုံး ၁၉၈၉ ခု မတ်လ (၁၀) ရက်နေ့မှာ ဖုံကြားရှင်းခေါင်းဆောင်ပြီး ဗကပရဲ့ ကိုးကန့်ခရိုင်က ဗကပကိုပုန်ကန်ခွဲထွက်လိုက်ပါတယ်။ ၃-၄ ရက်အကြာမှာ ခွဲထွက်ကိုးကန့်တပ်တွေ ဟာ သံလွင်ကိုကူးပြီး မုံးကိုးကိုချီတက်လာပါတယ်။ အဲဒါနဲ့ မုံးကိုးမှာရှိတဲ့ ဗကပ မြောက်ပိုင်းဗဟိုဌာနခွဲရုံးအဖွဲ့တွေနဲ့ ကျနော်တို့ DPA တပ်ဖွဲ့တွေဟာ မတ်လ (၁၅)ရက်မနက်စောစော လယ်ကွင်းတွေကိုဖြတ်ပြီး တရုတ်ပြည်ဘက်ခြမ်းက မန်ဟိုင်းရွာကို ပြေးရပါတော့တယ်။ တပ်တွေကတော့ တချို့လည်း ကိုးကန့်တပ်တွေနဲ့ ပေါင်းသွားပြီး တချို့လည်း တရုတ်ပြည်ဘက် ပြေးဝင်ကြပါတယ်။ ဗကပဗဟိုရဲ့ အမိန့် အရ ကိုးကန့်တပ်တွေကို ခံမတိုက်ရပါဘူး။ DPA ခမြာ လက်နက်တောင်မကိုင်ရ၊ ရှေ့တန်းတောင် မထွက်လိုက်ရပါဘူး။

ဒီတော့ ဦးကျော်မြင့်ပြောနေတဲ့ ဗကပတွင်း ပုန်ကန်ခွဲထွက်မှုတွေကို သူ ပထမဆုံးစခဲ့တယ်၊ ၁၉၈၈ စက်တင်ဘာလမှာ ပုန်ကန်ပြီး မုန်းကိုးကိုသိမ်းလိုက်တယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ၁၉၈၈ ခုထဲမှာ ဗကပထဲမှာ ဘယ်သူမှ မပုန်ကန်သေးပါဘူး။ ဦးကျော်မြင့်သာ ပုန်ကန်ထားတယ် ဆိုရင် ကျနော်တို့တတွေ ၈၈ နဝတအာဏာသိမ်းပြီးနောက်မှာ မုံးကိုးကိုဘယ်လိုမှ ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဗကပတပ်တွင်းပုန်ကန်မှုကို စခဲ့သူဟာ ကိုးကန့်ခေါင်းဆောင် ဖုံကြားရှင်းနဲ့ ဖုံကြားဖူး ညီအစ်ကိုဘဲဖြစ်ပါတယ်။ ဦးကျော်မြင့် လုံးဝမဟုတ်ပါဘူး။

နောက်တခုက ကျနော် မုံးကိုးရောက်၊ တရုတ်ပြည်ရောက်၊ အဲဒီကတဆင့် ဗကပ ၁၀၁ စစ်ဒေသ (အခု ဇခုံတိန့်ယိန်းရဲ့ NDA-K ငြိမ်းချမ်းရေးအဖွဲ့) ကိုရောက်သွားပြီး လေ့လာသိရှိခဲ့ရတာက ၁၀၁ ဒေသမှာတော့ တချိန်က လင်ကျော်မြင့် လို့ခေါ်တဲ့ ကချင်တပ်မှူး တယောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု UDP ဦးကျော်မြင့်ဟာ ၁၀၁ က လင်ကျော် မြင့် လုံးဝမဟုတ်ပါဘူး။ ရွှေကျင်ဝမ်-တာပန်တိုက်ပွဲ နဲ့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲတွေမှာ ဦးစီးခဲ့တယ် ဆိုတာလည်း လုံးဝလိမ်ညာထားတာဖြစ်ပါတယ်။ ဒါတွေကို မေးကြည့်လို့ရတဲ့ ဗကပ ဟောင်းတွေ၊ NDA-K တပ်ဖွဲ့ဝင်တွေ၊ DPA တပ်ဖွဲ့ဝင်ဟောင်းတွေအများကြီး တရုတ်ပြည် ရွှေလီဘက်မှာရော၊ ကချင်အထူးဒေသ-၁ မှာရော အရှင်လတ်လတ် ရှိနေပါတယ်။ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲဟာ ၁၉၈၇ အောက်တိုဘာမှာစပြီး ၁၉၈၈ ဇွန်မှာပြီးတယ် ဆိုတာ လည်း လွဲနေပါတယ်။ အမှန်က ၁၉၈၆ နိုဝင်ဘာလဆန်းမှာ ရွှေကျင်ဝမ် (စီစီဝမ်) တိုက်ပွဲစ၊ ဒီဇင်ဘာမှာ ကျူကုတ်၊ မန်ဟီးရိုး၊ မုံးပေါ် စတဲ့ ဗကပနယ်မြေတွေ အသိမ်းခံရပြီး တိုက်ပွဲစဉ်ကြီးပြီးသွားခဲ့တာဖြစ်ပါတယ်။ သုတေသီဦးအောင်ခင် ဆိုတဲ့လူ ရေးထားတာမှာ ရွှေကျင်ဝမ် တိုက်ပွဲတောင် ထည့်မထားပါဘူး။ တကယ်တော့ ကျူကုတ်-ပန်ဆိုင်းတိုက်ပွဲ ဆိုတာ ရွှေကျင်ဝမ်တိုက်ပွဲကြီးရဲ့ နောက်ဆက် တွဲ တိုက်ပွဲငယ်ပါ။

SSA ဘက်ရောက်သွားတဲ့ ကျနော်တို့သူငယ်ချင်းတွေကတော့ SSA ကတဆင့် ဗကပဗဟိုရှိရာ ပန်ဆန်းကို ရောက်သွားပြီး စစ်ရေး နိုင်ငံရေးသင်တန်းတွေ တက်ခဲ့ကြပါတယ်။ ဗကပဆီက လက်နက်တွေလည်း ရခဲ့ပါတယ်။ သူတို့ကိုလည်း ဗကပ က DPA တပ်ဖွဲ့အဖြစ် ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။ ဗကပထဲကနေ ဝ တွေ ပုန်ကန်ခွဲထွက် ပြီးတဲ့နောက်မှာ သူတို့ဟာ ဝ တွေနဲ့ညှိပြီး လက်နက် အပြည့် အစုံနဲ့ ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းဒေသကို ဆင်းလာနိုင်ခဲ့ပါတယ်။ လမ်းတပိုင်းမှာ ဒီ ပန်ဆန်း DPA ခေါင်းဆောင်တချို့ ခွန်ဆာတပ်က ဖမ်းမိသွားပြီး အသတ်ခံခဲ့ရပါသေးတယ်။ ဒီအဖွဲ့ထဲကတချို့က ၁၉၉၁ ခုမှာ ABSDF တပ်ရင်း ၈၀၁ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကျန်တဲ့ တပ်ဖွဲ့ဝင်တွေက Democratic National Army (DNA) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

ကျနော့်သူငယ်ချင်း မိုးမိတ်သား ကိုထင်ကျော်ဟာ အဲဒီ DNA အဖွဲ့က သာမန်တပ်ဖွဲ့ဝင်ဖြစ်ပြီး နောက်ပိုင်းမှာ ရလလဖ ငြိမ်းချမ်းရေးအဖွဲ့ အဖြစ် ကူးပြောင်းရပ်တည်ခဲ့ကြပါတယ်။ အခုတော့ ရလလဖငြိမ်းချမ်းရေးအဖွဲ့ထဲမှာဘဲ အရက်သောက်များလို့ အသဲခြောက်ရောဂါနဲ့ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းကြားရပါတယ်။ ကိုထင်ကျော်ဟာ ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်အဖြစ် ရန်ကုန်၊ တောင်ကြီး၊ မန္တလေးတို့ကို ခဏခဏသွားရတော့ ဦးကျော်မြင့်တို့က တွေ့ခဲ့ဖူး သို့မဟုတ် တယောက်ယောက်ဆီက ကြားဖူးနားဝနဲ့ အသုံးချတဲ့ပုံပါဘဲ။

၈၈ နဝတ အာဏာသိမ်းအပြီးမှာ ကျောင်းသားတွေ တောခိုတော့ တောင်ကြီးတောင်ဘက်ပိုင်း ပအိုဝ်းဒေသကိုလည်း အများကြီး ရောက် လာ ကြပါတယ်။ ဒီကျောင်းသားတွေက Democratic Youth Army (DYA) အဖြစ် ဖွဲ့စည်းခဲ့ကြပါတယ်။ နောက်ပိုင်းမှာ (၁၉၉၁ လောက်) ABSDF တပ်ရင်း ၆၀၁ အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး DYA ဆိုတာ မရှိတော့ပါဘူး။ DYA ရဲဘော်ဟောင်းတွေ ဟာ အခုထိ ထိုင်းနယ်စပ်မှာရော၊ အမေရိကန်နိုင်ငံမှာပါ ရှိနေကြပါတယ်။ ၆၀၁ ဟာ ပအိုဝ်း အဖြူ အနီအဖွဲ့တွေ ငြိမ်းချမ်းရေးယူပြီး နောက်မှာ ထိုင်း နယ်စပ်ထွက်လာရပြီး နောက်ဆုံးလက်ကျန်တချို့ကတော့ အခုအခါ ABSDF တပ်ရင်း ၄ အဖြစ် KNPP နဲ့ တွဲဖက် လှုပ်ရှားနေတာဘဲ ရှိပါတော့တယ်။

ဦးကျော်မြင့်ဟာ နောက်ပိုင်းမှာ ဘိန်းလုပ်ငန်းလုပ်ရင်း ရလလဖဘက်ရောက်တော့ အဲဒီနာမည်တွေ ကြားဖူး နားဝရှိပြီး ရမ်းသန်းဖြီးဖြန်း လိုက်ပုံရပါတယ်။ နဝတက ဘိန်းမှုနဲ့ဖမ်းပြီး ထောင် နှစ်(၄၀)ချလိုက်တဲ့၊ မန္တလေးထောင်ထဲမှာဘဲ သေသွားတဲ့ ရလလဖ ဘဏ္ဍာရေး တာဝန်ခံ ဗိုလ်မှူးစစ်အောင်ခိုင်ဆီက ကြားတာဖြစ်ပါလိမ့်မယ်။ ရလလဖ ငြိမ်းချမ်းရေးရစကာလတွေမှာ ဦးကျော်မြင့်က ဗိုလ်မှူး စစ်အောင် ခိုင် ဆီ ခဏခဏဝင်ထွက် ဆက်စပ်နေခဲ့တယ် မဟုတ်ပါလား။ မန္တလေးထောင်ထဲမှာလည်း မိတ်ဟောင်းဆွေဟောင်းတွေ ပြန်လည် ဆုံစည်းမိကြမယ်ထင်ပါတယ်။

၈ လေးလုံးအပြီး ကချင်ပြည်ဘက် KIA ဘက်တောခိုတဲ့ကျောင်းသားတွေဟာ ABSDF (မြောက်ပိုင်း) အဖြစ် ဖွဲ့စည်းပြီး တပ်ရင်း ၇၀၁၊ ၇၀၂၊ ၇၀၃ တို့ကိုတည်ထောင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၉၄ နှစ်ဆန်းပိုင်းမှာ KIA အပစ်အခတ် ရပ်စဲပြီးနောက် ABSDF အဖြစ် ဆက်လက် ရပ်တည်ခွင့် မရတော့တဲ့အတွက် တချို့က KIA အဖြစ်ကူးပြောင်း၊ တချို့က မုံးကိုး DPA လိုဘဲ တရုတ်ပြည်ထဲခိုလှုံ၊ တချို့က ရှမ်းပြည် ဘက် ကူးလာပြီးနောက် ထိုင်းနိုင်ငံထဲခိုလှုံသူခိုလှုံ၊ ကိုသံချောင်းတို့ကတော့ SSA (တောင်ပိုင်း) တပ်မဟာ ၂၄၁ အဖြစ်ခံယူဖွဲ့စည်းပြီး နောက်ဆုံး ၂၀၀၆ နှစ်ဆန်းရောက် တော့ SSA (တောင်ပိုင်း) တပ်မဟာမှူး ခွန်ကျော်အဖြစ် ရှမ်းပြည်မြောက်ပိုင်းမှာ နအဖတပ်တွေရဲ့ ဝိုင်းပိတ်တိုက်ခိုက် ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ABSDF (ကချင်) ရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုအောင်နိုင်ဟာ အခု ချင်းမိုင် မှာ VOA သတင်းထောက်အဖြစ် အရှင်လတ်လတ်ရှိသေးသလို ချင်းမိုင်ရောက်တပ်မှူးတဦးကလည်း မကြာသေးခင်က ရမ်ဘို-အပိုင်း ၄ ရုပ်ရှင်မှာတောင် နအဖစစ်ဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဒါကြောင့် ၂၀၀၀ ခုနှစ်ဒီဘက်ပိုင်းမှာ ကချင်ပြည်ဘက်မှာ ABSDF (ကချင်) ဆိုပြီး လှုပ်ရှားနေတာ လုံးဝမရှိတော့သလို ရှမ်းပြည် တောင်ပိုင်းဘက်မှာလည်း DYA သော်၎င်း၊ ထင်ကျော်အဖွဲ့သော်၎င်း နအဖကို စစ်ရေးအရ တိုက်ပွဲဝင်နေတာ မရှိတော့ပါဘူး။ ဒီတော့ နအဖစစ်အစိုးရကို လက်နက်ကိုင်တိုက်ပွဲဝင်နိုင်ဖို့ ABSDF (ကချင်)၊ DYA ၊ ကိုထင်ကျော်အဖွဲ့တွေကို ဦးကျော်မြင့်တို့ UDP အဖွဲ့က ဒေါ်လာ ဘယ်နှစ်သောင်းလှူတယ်ဆိုတာ လူတွေကို ထင်ယောင်ထင်မှားဖြစ်အောင်လှည့်စားဖို့ ဖြီးလုံးဖြန်းလုံးသက်သက်တွေသာ ဖြစ် တယ် ဆိုတဲ့အကြောင်း ဖြစ်ရပ်မှန်များကို ဖော်ထုတ် ဖွင့်ချလိုက်ရပါတယ်။

ရဲဘော်ပိုင် (DPA)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်