Thursday, March 26, 2009

ဗိုလ်ချုပ်အောင်ဆန်း၏ပင်ကိုသဘာဝစရိုက်..


၁၉၄၆ခုနှစ် ၊ မတ်လက ဗိုလ်ချုပ်အောင်ဆန်းသည် သခင်မြ ၊ ဟင်္သာတဦးမြ ၊ ဦးအောင်ဇံဝေ စသော ဖဆလပ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်အတူ စည်းရုံးရေးခရီးထွက်ခဲ့စဉ်က အတွေ့အကြုံတစ်ခုကို အလျဉ်းသင့်၍
ပြန်လည်ဖော်ထုတ်တင်ပြလိုပါသည်။

ထိုအချိန်က ဗိုလ်ချုပ်သည် အစိုးရအဖွဲ့အာဏာမရရှိသေးဘဲ ဆင်းရဲနွမ်းပါးသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးသာ ဖြစ်နေရာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်းခန်းလှည့်လည်သလို လေယာဉ် ၊ မော်တော်ယာဉ် ၊ မီးရထား ၊ မီးသဘောင်္စသည့် အဆောင်အယောင်များ မရရှိသဖြင့် ဖြစ်သလို ဆင်းရဲ ပင်ပန်းစွာ သွားခဲ့ရပါသည်။ သို့သော် ဗိုလ်ချုပ်သည် အလွန်ပင်ပန်းစွာ ခရီးသွားရသည်ကို လုံးဝမညီ်းညူဘဲ ရွှင်လန်း တက်ကြွစွာပင် သွားခဲ့သည်မှာ အံ့သြချီးကျူးဖွယ် ကောင်းလှပါသည်။ စစ်အတွင်း ဂျပန်ခေတ်က သူသည် တပ်မတော်သေနာပတိနှင့် စစ်ဝန်ကြီးအဖြစ် မောရစ်၂၅ အမျိုးအစား အနက်ရောင် ဆလွန်းကားကြီး ကို အလံသုံးခုဆင့်လွှင့်လျက် စီးနင်းသွားလာခဲ့ရသည်ကိုလည်း ပြန်လည်သတိမရ ၊ မတောင့်တဘဲ ပန်းတောင်းမှ တောင်ကုတ်သို့အသွား ဘတ်စ်ကား အစုတ်တစ်စီးဖြင့် သွားရခြင်း ၊ ရခိုင်ဖက်တွင်လည်း နွားလှည်းတစ်လှည့် ၊ ခြေကျင်တစ်ခါသွားလာပြီး စည်းရုံးစကားပြောရခြင်းကို လုံးဝစိတ်ဓါတ်မကျဘဲ ပျော်ရွှင် ကြည်လင်စွာပင် သွားလာဟောပြောစည်းရုံးခဲ့ပါသည်။
မှတ်ချက်။ အလံသုံးဆင့်ဆိုသည်မှာ ဂျပန်စစ်ဘက် အကြီးအကဲများ မိမိတို့၏ မော်တော်ကားတွင် ရာထူးအလိုက် အလံများ တပ်ဆင်လွှင့်ထူ၍ သွားလေ့ရှိသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ကားတွင်လည်း စစ်ဖက်ရာထူးမေဂျာဂျင်နရယ် (ဗိုလ်ချုပ်)အလံ ၊ တပ်မတော် သေနာပတိအလံနှင့် အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီး
အလံဟူ၍ အလံသုံးခုဆင့်၍ လွှင့်ထူသွားခဲ့ရခြင်းကို ဆိုလိုပါသည် ]

ရခိုင်ပြည် မြောက်ပိုင်းစစ်တွေမြို့ ပတ်ဝန်းကျင်တစ်ဝိုက်နေရာအနှံ့အပြားသို့ လှည့်လည်ဟောပြော စည်းရုံးကြပြီးနောက် ရန်ကုန်သို့မပြန်မီ တောင်ကုတ် သံတွဲ တောင်ကုတ်မြို့နယ်များဆီသို့ ဆက်လက်သွားရောက် ဟောပြောရန် ယင်းဒေသ၌ ကျွန်တော်တို့ ဗိုလ်ချုပ်တို့၏ အမာခံ တော်လှန်ရေး ရဲဘော်ကြီး ကွယ်လွန်သူ ပါမောက္ခ ဦးကျော်ရင်က စီစဉ်ထားပါသည်။ ဗိုလ်ချုပ်အနေဖြင့် တောင်ကုတ် ၊ သံတွဲ ဒေသတွင် ရေလမ်းမှ ခရီးသွားရခြင်းကို သဘောမကျသော်လည်း အလွန်ရင်းနှီးပြီး အားကိုးရသူ ဦးကျော်ရင် က ကြိုတင်စီစဉ်ထားခြင်းကို မငြင်းဆန်လိုသဖြင့်လှည့်လည်ဟောပြောရန် သဘောတူလိုက်ပါသည်။

သို့နှင့်ပင် နယ်လှည့်ခရီးထွက်ကြရမည့်နေ့ နံနက်ပိုင်းတွင် ဒေသခံပုဂ္ဂိုလ်တို့က ရေလမ်းဖြင့် သွားရန်အတွက် တံငါလှေကြီးများပြင်ဆင်နေကြစဉ် ဗိုလ်ချုပ်သည် ရပ်စောင့်ကြည့်နေရာမှ ကျွန်တော့်အား သူ့အနီးသို့ခေါ်၍
ခပ်တိုးတိုးမေးပါသည်။

“ဟေ့ကောင် ငါတို့အခုသွားရမယ့်ရေလမ်းက ပင်လယ်ပြင်ကို ဖြတ်သွားရမှာလား..”

ဟုတ်ကဲ့ ဗိုလ်ချုပ်။ ရေလမ်းဆိုပေမယ့် အတတ်နိုင်ဆုံးရေတိမ်ပြီး ကမ်းနဲ့နီးနီးနေရာက သွားမှာပါ။ ဒါပေမယ့် ခရီးတစ်ထောက်မှာတော့ ပင်လယ်ကိုဖြတ်သွားရပါမယ်။ ဘေးအန္တရာယ်တော့ မရှိပါဘူး။ ရာသီဥတုကလည်း
သာယာပြီး လှိုင်းလေငြိမ်တဲ့ ရာသီမို့ အဆင်ပြေမှာပါ

ကျွန်တော်က ခရီးစဉ်ကို သိထားသည့်အတိုင်း အမှန်ကိုဖြေလိုက်ပါသည်။

“ ဟာ ပင်လယ်ပြင်ကို ဖြတ်သွားရမယ်ဆို၇င် မဖြစ်ဘူးထင်တယ်ကွ...”

“ ဘာဖြစ်လို့လဲ ဗိုလ်ချုပ်..”

“ ဘာဖြစ်ရမှာလဲ။ ငါက ရေမကူးတတ်ဘူးကွ၊ မတော်မဆ လှေမှောက်ရင် ဘယ့်နှယ့်လုပ်မလဲ...”

ဗိုလ်ချုပ်က ခပ်တိုးတိုးပြောလိုက်သဖြင့် ကျွန်တော်သည် သူ့အားကြည့်ပြီး စိတ်မကောင်းဖြစ်သွားမိပါသည်။

ရေမကူးတတ်သူများ အနေဖြင့် ရေလမ်းခရီးသွားရမှာကြောက်ခြင်း သည် မဆန်းပါ။ အထူးသဖြင့် ကမ်းနှင့် ဝေး ဝေးပင်လယ်ပြင်ကို ဖြတ်သွားရမည်ကို စိုးရိမ်ရမည်ဆိုရင်လည်း စိုးရိမ်မိမည်မှာ သဘာဝကျပါသည်။

သို့သော်ခရီးက မသွားမဖြစ်။ ဦးကျော်ရင်နှင့် ဒေသခံ ပုဂ္ဂိုလ်များကဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် လာရောက် ဟောပြောမည်ဟု ကြေုငာထားပြီးနေပေပြီ။ ကျွန်တော်လည်း စဉ်းစားရင်း အကြံတစ်ခုရမိသဖြင့်

“ ဗိုလ်ချုပ် ဒီမှာပဲ ခဏစောင့်ပါ။ ခရီးစဉ် ပြောင်းလို့ရရင် ပြောင်းပြီး သွားဖို့ ကိုကျော်ရင်တို့နဲ့ တိုင်ပင်ကြည့် ပါဦးမယ် ” ဟု ပြောပြီး ကျွန်တော်သည် တော်လှန်ရေး ရဲဘော်ကြီး ဦးကျော်ရင်တို့ လူစုရှိရာသို့
လျှောက်သွားလိုက်ပါသည်။
အမှန်တော့ ဦးကျော်ရင်က ဘာမှမပြော။ ကျွန်တော်ကသာစိတ်ကူးရသည့်အကြံကို ခပ်တိုးတိုးပြောပြပြီးနောက် ဦးကျော်ရင်ကလည်း နားလည်ဟန်ဖြင့် ပြုံး၍ခေါင်းညိတ်ပြပါသည်။

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ထံသို့ ခပ်သုတ်သုတ်ပြန်လျှောက်သွားလို က်ပါသည်။

“ ဗိုလ်ချုပ် ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကိုကျော်ရင်တို့ အဖွဲ့နဲ့ တိုင်ပင်ပြီးပါပြီ။ သွားမယ့် ခရီးစဉ်ကို လမ်းပြောင်းပြီး သွားကြမယ်။ အတွင်းဘက် ချောင်းငယ်တစ်ခုကနေတစ်ဆင့် ဖြတ်သွားမှာမို့ နည်းနည်းတော့
ပိုဝေးလို့ အချိန်ပိုကြာမယ်။ ဒါပေမယ့် ပင်လယ်ပြင် ဖြတ်စရာမလိုတော့ဘူး။ ကျွန်တော်တို့ စိတ်ချလက်ချ သွားနိုင်ကြပါ့မယ်။ ကဲ လှေတွေလဲ အသင့်ဖြစ်နေပြီ။ သွားကြရအောင်....”

ဤသို့ပြောပြီး ဗိုလ်ချုပ်အား အသင့်ပြင်ထားသော လှေကြီးဆီသို့ သွားလိုက်ပါသည်။ လှေက တံငါလှေ ဖြစ်သော်လည်း ဒေသခံပုဂ္ဂိုလ်များက ဗိုလ်ချုပ်စီးသည့်အခါ နေပူသက်သာအောင်ဆိုပြီး ပေါင်းမိုး လှေဝမ်း အပေါ်တွင် ကျွန်တော်၏ အကြံအစည် ချောမောအဆင်ပြေသွားပါသည်။

လှေ၏အမိုးအောက်တွင် ခင်းထားသော သင်ဖျူးဖျာများရှိရာ ကျွန်တော်က လူငယ်တစ်ဦးအား ခေါင်းအုံးတစ်လုံး ရှာခိုင်းပြီး ဖျာပေါ်တွင် ချထားလိုက်ပါသည်။

လှေပေါ်တက်မိသည်နှင့် ကျွန်တော်သည်ဗိုလ်ချုပ်အား အမိုးအောက်သို့ ၀င်စေပြီးနောက် “ ဗိုလ်ချုပ် အခုသွား ရမယ့်ရေလမ်းက နည်းနည်းပိုဝေးလို့ အတော်ကြာကြာသွားရမယ်။ ဒီတိုင်း ထိုင်လိုက်သွားရင်လည်း ပျင်းစရာကောင်းလိမ့်မယ်။ ဒီတော့ ဗိုလ်ချုပ်အနေနဲ့ ခရီးလဲပန်း ၊ ညတုန်းကလဲ စကားပြောနေကြတာ ညဥ့်နက်သွားလို့ အိပ်ရေးပျက်ခဲ့တယ်မဟုတ်လား။ အခုအချိန်ရတုန်း ဗိုလ်ချုပ် အေးအေးဆေးဆေးတစ်ရေး လောက်အိပ်လိုက်ပါ။ အိပ်ပျော်သွားရင် သွားဟောပြောရမယ့် ရွာရောက်တော့ ဗိုလ်ချုပ်အိပ်ရေးဝပြီး လန်းဆန်းလာပါလိမ့်မယ် ”ဟု ပြောပြောဆိုဆို ကျွန်တော်ကိုယ်တိုင် ဗိုလ်ချုပ်အား ဇွတ်အတင်းပင် အိပ်ခိုင်း လိုက် ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ်၍ ချစ်စရာကောင်းသော အချက်တစ်ခုမှာနိုင်ငံရေး ၊ စစ်ရေး ကိစ္စများ တွင်သာ သူကိုယ်တိုင် အဆုံးအဖြတ်ပေးလေ့ရှိသော်လည်း အခြားအသေးအဖွဲ့လူမှုရေးကိစ္စများ တွင်ဆိုလျှင် ဘာတစ်ခွန်းမှ မပြောဘဲ ကျွန်တော်တို့စီစဉ်ပေးသလိုသာ လုပ်လေ့ရှိခြင်းပင်ဖြစ်ပါသည်။ ပြည်တွင်းပြည်ပ ခရီးသွားလာရာတွင်ဆိုလျှင်လည်း ဘယ်အခမ်းအနားအမျိုးကျလျှင် ဘယ်လိုဝတ်စားရမည်ကိုပင် သူ မသိသဖြင့်

“ ဟေ့ကောင် လုပ်စမ်းပါဦးကွ ၊ ငါဘယ်လိုဝတ်ရမှာလဲ ” ဟု မေးလျှင် ကျွန်တော်က ၀တ်ရမည့် အ၀တ်အစား များ ရွေးထုတ်ပေးလိုက်ရုံနှင့် ကိစ္စပြီးသည်။ ဗိုလ်ချုပ်သည် ဘာမျှမပြောဘဲ ကျွန်တော်ပေးသော အ၀တ် အစားများကိုသာ ၀တ်လေ့ရှိပါသည်။ တစ်ခါတစ်ရံ နက်ကတိုင် လည်စည်း စည်းရာတွင် ပုံပန်းမကျဖြစ်နေလျှင် ကျွန်တော်ကပင် ပုံကျအောင် စည်းပေးရပါသည်။
ဆိုလိုသည်မှာ ဗိုလ်ချုပ်သည် နိုင်ငံရေး ကိစ္စကလွဲလျှင် လူမှုရေးကိစ္စများတွင် ဘယ်တော့မှ ဆရာမလုပ်။ ကျွန်တော့်ကိုသာ မေးပြီး စီစဉ်ပေးသည့်အတိုင်း လိုက်လုပ်တတ်ပါသည်။

ထို့ကြောင့်ပင်လျှင် လှေပေါ်ရောက်ပြီး ကျွန်တော်က တရေးတမောအိပ်ရင်း အနားယူပါဟု ပြောတော့လည်း သူသည် ဘာမှမပြောဘဲ လှဲအိပ်ချလိုက်ရာ ပင်ပန်း၍လား မပြောတတ် ၊ ချက်ချင်းလိုပင် အိပ်ပျော်သွား ရှာပါသည်။

သည်တော့မှ လှေကို ပဲ့ကိုင်ထိန်းသူ ၊ လှော်ခတ်သူ လူငယ်များအား စထွက်ရန်ပြောပြီး ပင်လယ်ပြင်ကိုဖြတ်၍ လှော်ခတ်သွားကြရပါတော့သည်။

ဗိုလ်ချုပ်ခမျာ ဘာမှမသိ။ ကျွန်တော်ပြောသလို ရေတိမ်တိမ်ချောင်းကျဉ်းကျဉ်းထဲက ဖြတ်လှော်သွား သည်ဟု သာ ထင်လျှက် စိတ်ချလက်ချ အိပ်ပျော်သွားရှာပါသည်။

မြစ်ဝကျွန်းပေါ်ဒေသလို နေရာမှ လူများဆိုလျှင် ကလေးဘ၀ကပင်ရေထဲဆင်း ဆော့ကစားရာမှ ရေကူးတတ်ရုံမက ကျင်လည်စွာကူးနိုင်ကြပါသည်။ သို့သော် မိုးခေါင်ရေရှား ၊ အင်းအိုင် မြစ်ချောင်းမရှိသလောက် ရှားပါးသော မကွေးတိုင်း နတ်မောက်မြို့သားဇာတိ ဗိုလ်ချုပ်အောင်ဆန်းအဖို့ ရေမကူးတတ်ခြင်းမှာ မဆန်းပါ။ တက္ကသိုလ်ရောက်တော့ ရေကူးကန် ၊ ရေကူးအသင်း (တက္ကသိုလ် ရေကူးအသင်း ) လည်း ရှိသဖြင့် အသင်းဝင်ပြီး ရေကူးသင်လျှင် ဖြစ်နိုင်ပါ၏။ သို့ရာ တွင် တက္ကသိုလ်သမ၈္ဂနှင့် နိုင်ငံရေးကိုသာ စိတ်ဝင်စားပြီး အချိန်ပြည့် လှုပ်ရှားနေသူ ကောလိပ်ကျောင်းသားကိုအောင်ဆန်း အနေဖြင့် ရေကူး အသင်းဝင်ပြီး ရေကူးသင်ရန်အတွက် အချိန်မပေးနိုင်ခဲ့ပါချေ။

ထို့ကြောင့်ပင်လျှင် ပင်လယ်ပြင်ဖြတ်၍ ရေလမ်းခရီးသွားခြင်းမျိုးကို မသွားချင်သည်မှာလည်း သဘာဝကျသည်ဟု ဆိုရပါမည်။

တပ်မတော် သေနာပတိ စစ်သူကြီးတစ်ဦးဖြစ်ခြင်းကြောင့် ရေမကူးတတ်ဘဲ ရေလမ်းခရီးသွားရမှာ ၀န်မလေးသင့်ဟု ဝေဖန်အပြစ်တင်၍မရပါ။ ယင်းကိစ္စနှင့် ပတ်သတ်၍ ကျွန်တော်သုံးသပ်ရရှိသည့် အဓိက အချက်ကတော့ ဗိုလ်ချုပ်သည် ကျွန်တော်တို့အား ထပ်တလဲလဲပြောလေ့ရှိသော လူမှာ အရေးကြီးဆုံးက
“ ကိုယ်ကျင့်တရားနဲ့အမှန်တရားကို မြတ်နိုးမှုပဲဖြစ်ပါတယ်။ ”
“ အခြေအနေ အချိန်အခါ နေရာဌာနမရွေး မှန်တာကိုသာ ပြောဝံ့တဲ့သတ္တိရှိရမယ် ”

ဟူသော သွန်သင်ဆုံးမချက် ၊ အထူးသဖြင့် သူ၏ ၀ါသနာအရ အင်္ဂလိပ်ဘာသာဖြင့် ဟု ပြောခဲ့သည့်အတိုင်း
ယခုလည်း သူသွန်သင်ဆုံးမသလို ကိုယ်တိုင်လက်တွေ့လုပ်ပြသွားခြင်းဖြစ်သည်ပါတကားဟူ၍ပင် ဖြစ်ပါသည်။

ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့်အတိုင်း သမိုင်းပညာရှင်ကြီးပြောသလို အသေးအဖွဲ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကလည်း ကာယကံရှင်ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘာဝစရိုက်ကို ပေါ်လွင်စေသည်ဟူသော အဆိုအမိန့်ကို ဤဆောင်းပါးဖြင့် အလေးအနက်ထောက်ခံလိုက်ရပါသတည်း။

source; တက္ကသိုလ်နေ၀င်း
ပေးပို့ သူ ဇင်လေး

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်