Tuesday, March 24, 2009

မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးသည့်နေရာများသာ မီးပေးသည့်အတွက် မြို့ခံများမကျေနပ်ဖြစ်နေ

Tuesday, 24 March 2009 19:21 ဉာဏ်မောင်

မြို့နယ်အင်ဂျင်နီယာမှူးက ငွေပေးထားသည့် စားသောက်ဆိုင်များနှင့် ရပ်ကွက်များကိုသာ မီးပုံမှန်ပေးပြီး အခြားမြို့ပေါ် ရပ်ကွက်များကို ပုံမှန်မပေးသည့်အတွက် မြို့ခံများက မကျေမနပ်ဖြစ်နေသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးကျော်စွာက မြို့ပေါ်ရှိငွေပေးထားသည့် Country စားသောက်ဆိုင်၊ Lucky စားသောက်ဆိုင်၊ သိန်းလှစားသောက်ဆိုင်များနှင့် အခြားရပ်ကွပ်များတွင် တလလျှင်ငွေ ကျပ် ၂၅၀၀၀ မှ ၅၀၀၀၀ အထိ

တောင်းယူပြီး ပုံမှန်မီးပေးနေသည့်အတွက်ဖြစ်သည်။

“ဆိပ်သာကွန်းထောက် ၊ညောင်လှ၊ စစ်တပွေတို့ သူဌေးကုန်းမြို့စွန်ရပ်ကွက်တွေကျတော့ တလကို ငါးသောင်းယူထားပြီး မီးပေးထားတယ်၊ အဲဒီဘက်တွေကို ၁၂ နာရီ ၁၆ နာရီ အဲလိုပေးထားတာ၊ ငွေမပေးတဲ့ ရပ်ကွက်တွေကျတော့ တနေ့မှ ၈ နာရီလောက်တောင် မလာဘူး၊ အလှူအတမ်းရှိလို့ မီးသုံးချင်ရင် သုံးသောင်းပေးရင် ၂၄ နာရီရတယ်” ဟု မြို့ခံတဦးက ပြောသည်။

ယခင်လျှပ်စစ်အင်ဂျင်နီယာမှူး လက်ထက်တွင် ယင်းကဲ့သို့ ငွေကြေးတောင်းယူမှုများ ပြုလုပ်ခဲ့သော်လည်း ရရှိသည့်အထဲမှ ဝန်ထမ်းများကိုလည်း အသုံးစရိတ်အဖြစ် ခွဲဝေပေးခြင်းများရှိခဲ့ပြီး ယခုပြောင်းလာသည့် ဦးကျော်စွာလက်ထက်တွင်မှု မည်သူ့ကိုမျှ ခွဲဝေပေးခြင်းမရှိကြောင်း ဝန်ထမ်းတဦးက ပြောသည်။

ထို့အပြင် စက်မှုဇုန်များတွင်လည်း ငွေကြေးအပေးအယူလုပ်ကာ မီးဖြန့်ဝေပေးခြင်းများလည်း ပြုလုပ်နေပြီး အချို့စက်ရုံ လုပ်ငန်းရှင်များထံမှ ထွက်ကုန်ပစ္စည်းများကို တောင်းယူမှုများရှိသည်ဟု ဒေသခံက ပြောသည်။

“စက်မှုဇုန်မှာလဲ အပေးအယူတွေလုပ်ထားတော့ မီးမှန်တယ်လေ၊ ဆီစက်ဆိုရင် ဆီတွေတောင်းယူတယ်၊ အဲလိုဆိုတော့ ငွေပေးတဲ့နေရာပဲ မီးလာတာပေါ့၊ မီးပိတ်ဖို့ ဝန်ထမ်းတွေက သွားပိတ်မယ်ဆိုရင် သူက မပိတ်နဲ့ ပြောတာ၊ ငွေယူထားတဲ့ နေရာတွေဖြစ်နေလို့” ဟု ပြောသည်။

အဆိုပါ ဦးကျော်စွာဆိုသူသည့် ရေနံချောင်းမြို့သို့ ပြီးခဲ့သည့် တနှစ်ခန့်က ပြောင်းရွှေ့လာသူဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများကို ယခု ပိုမိုလုပ်ဆောင်နေလျှက်ရှိကာ ရေနံချောင်းမြို့ပေါ်တွင် သုံးရက်မှ နာရီ ၂၀ ခန့်သာ မီးရရှိနေသည်ဟု မြို့ခံများက ပြောဆိုနေလျှက်ရှိသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်