Friday, March 27, 2009

ဖက်ဆစ် တော်လှန်ရေးနေ့သာဖြစ်ဟု အန်အယ်ဒီ ပြောကြား

ကိုဝိုင်း
သောကြာနေ့၊ မတ်လ 27 2009 19:56 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ၌ ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားများကို စစ်အစိုးရအဆက်ဆက်က တပ်မတော်နေ့အဖြစ် လွဲမှားစွာ ကျင်းပနေသည်ဟု အန်အယ်ဒီက ယနေ့ ပြောသည်။
ယနေ့ကျရောက်သည့် ၆၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန် အန်အယ်ဒီ ဌာနချုပ်တွင် ကျင်းပခဲ့အပြီး အဖွဲ့၏ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။
“ဖက်ဆစ်တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေး ရကတည်းက တောက်လျှောက်ကျင်းပလာတာ။ မဆလ လက်ထက်ကျမှ တပ်မတော်နေ့ဆိုပြီး ဒီနေ့ကို သူတို့ ရွေးချယ်တယ်။ တကယ်တော့ ဒီနေ့ဟာ တပ်မတော်အတွက်နေ့ မဟုတ်ဘူး။ တပ်မတော်သားရော၊ တော်လှန်ရေး ရဲဘော်ရော၊ နိုင်ငံရေးသမားရော၊ ပြည်သူရော တော်လှန်ရေးမှာ အားလုံးပါဝင်တာ။ တပ်မတော်ကပဲ တော်လှန်တာ မဟုတ်ဘူး။ အားလုံးပါဝင်လာတဲ့အတွက် တော်လှန်ရေးနေ့ပါ။ တပ်မတော်နေ့လို့ ပြောတာဟာ ကျနော်တို့အမြင်ကတော့ နည်းနည်းလွဲတယ်လို့ထင်ပါတယ်။ ဒါကို သူတို့ ယူခဲ့တာတော့ကြာပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သခင်စိုးမြင့်က သဘာပတိအဖြစ် ဆောင်ရွက်သည့် ယနေ့ အခမ်းအနားသို့ ဗြိတိန်၊ အီတလီ၊ ပြင်သစ်၊ အမေရိကန် စသည့် အနောက်နိုင်ငံများမှ သံတမန်များ တက်ရောက်ကြသည်။
သို့သော် တရုတ်၊ ရုရှ၊ အိန္ဒိယ၊ ထိုင်း အပါအဝင် အာရှနိုင်ငံများမှ သံတမန်များကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။
အန်အယ်ဒီမှ ကျန်းမာရေးမကောင်းသည့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် ဦးလွန်းတင်တို့မှလွဲ၍ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး၊ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ အခြားနိုင်ငံရေးလောကသားများ အပါအဝင် ဧည့်ပရိသတ် ၅ဝဝ ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် ကြေညာချက် အမှတ် ၅/ဝ၃/ဝ၉ ကို လည်း ထုတ်ပြန်ဖတ်ကြားခဲ့သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ထုတ်ပြန်ချက်မှာ အဓိကပြောထားတာက အဖွဲ့ချုပ်ကနေ အထူးကြေညာချက် (၁၈) ပါ အချက် ၄ ချက်အတွက် တွေ့ဆုံဆွေးနွေးဖို့ တပ်မတော်အစိုးရမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီတာဝန်ကို နောင် အနာဂတ် မြန်မာနိုင်ငံ ကောင်းစားရေးအတွက် ဆောင်ရွက်ပါလို့ ကျနော်တို့ တိုက်တွန်းတာပါ။ တွေ့ဆုံပြီး အဖြေရှာရေးကို ဇောင်းပေးပြီးတော့ တင်ပြထားပါတယ်” ဟု ပြောသည်။
အန်အယ်ဒီ အထူးကြေညာချက် အမှတ် ၁၈ တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်ကို ပြန်သုံးသပ်ရေး ကော်မတီဖွဲ့ပေးရန်၊ တွေ့ဆုံဆွေးနွေးရန်တို့ တိုက်တွန်း တောင်းဆိုထားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်