ကျော်ကျော်-မိုးမခ -
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ မြန်ပြည်နှင့် သောက်သုံးရေ အခြေအနေ ဆက်စပ် ကြည့်ရှုရန် ဗီဒီယို မှတ်တမ်း
တောင်အာရှဒေသက လူသန်းပေါင်း ၁၄ဝ ကျော်တို့ဟာ arsenic ခေါ် ဓာတုစိန် အဆိပ် သင့်နေတဲ့ ရေကို နေ့ စဉ် သောက်သုံးနေကြပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ မြန်မာ နဲ့ ဗီယက်နမ် နိုင်ငံတို့မှ လူ ထောင်ပေါင်းများစွာဟာ ဓာတုစိန် အဆိပ်သင့်ပြီး ကင်ဆာရောဂါနဲ့ သေဆုံးနေရပါတယ်လို့ ကမ္ဘာ့ ကျန်းမာ ရေး အဖွဲ့အစည်း(WHO) က ထုတ်ဖော်ထားပါတယ်။ သမိုင်းမှာ အကြီးမားဆုံးသော အဆိပ်သင့်မှုလို့ ကျန်းမာ ရေး ပညာရှင်များက သတ်မှတ်ကြပါတယ်။
အဆိပ်သင့်ခြင်းရဲ့ မူလရင်းမြစ်က ဟိမဝန္တာ တောင်တန်းကြီး ဖြစ်တယ်၊ အဲဒီက သဘာဝအလျောက် ဓာတုစိန် ပါဝင်တဲ့ အနယ်အမှုန်တွေဟာ မြစ်ကြီး လေးခု ဖြစ်တဲ့ မဲခေါင်မြစ်၊ ဧရာဝတီမြစ်၊ ဂင်္ဂါမြစ်၊ မြစ်နီမြစ် တို့ထဲကို စီးဆင်း ဝင်ရောက်နေတယ်လို့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ကတည်းက သိပ္ပံပညာရှင်များက ရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ မဖြေရှင်းနိုင်သေးတဲ့ ပဟေဠိတစ်ခုက ဓာတုစိန်အနယ်အမှုန်တွေဟာ မြစ်ချောင်း ထဲမှာသာမက ဘာကြောင့် မြေကြီးအောက် ပေ ၁ဝဝ ကျော်အထိက ရေတွေထဲကို ရောက်နေရသလဲ ဆိုတာ ပါပဲလို့ စတန်းဖို့တက္ကသိုလ်(Stanford University) က မြေထုသိပ္ပံပညာရှင် စကော့ဖဲန်ဒေါ့ (Scott Fendorf) က ပြောပါတယ်။ ၁၉၈ဝ နှစ်များအတွင်း ဘင်္ဂလားဒေ့ရှ်က ဓာတုစိန်အဆိပ်သင့်မှုဟာ ရေတွင်းထဲက သောက် ရေသုံးစွဲခြင်းနဲ့ ဆက်စပ်နေကြောင်းကို ပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီ ပဟေဠိကို ဖြေရှင်းနိုင်ဖို့ စကော့ဟာ တခြားလုပ်ဖော်ကိုင်ဖက် နှစ်ဦးနဲ့အတူ ၂ဝဝ၄ ခုနှစ်ကစပြီး ကမ္ဘောဒီယားရဲ့ မြို့တော် ဖနွိုင်းပင် အနီးအနားမှ အရပ်တစ်ခုကို ရွေးချယ်ခဲ့ပြီး အဲဒီမှာ သုတေသန ပြုလုပ် ခဲ့ပါတယ်။ ငါးနှစ်နောက်ပိုင်းမှာ သူတို့အသင်းဟာ အဖြေကို ရှာဖွေနိုင်ခဲ့ပြီး အစိုးရ အဖွဲ့အစည်း တချို့ရဲ့ ပူး ပေါင်းမှုနဲ့ သောက်သုံးရေထဲက ဓာတုစိန်အဆိပ်သင့်မှု ဆက်လက်မကြီးထွားအောင် ဆောင်ရွက်နေကြပါ တယ်။
“ကျနော်တို့ ထင်သလိုပဲ ဓာတုစိန် အနယ်တွေ ပါဝင်တဲ့ ရေတွေဟာ ဟိမဝန္တာ တောင်တန်းကနေ သယ် ဆောင်လာတယ်၊ မြစ်ချောင်းထဲကို ရောက်တယ်၊ အဲဒီနောက် မြေကြီးအောက်က ရေအောင်းလွှာ(aquifer)ထဲကို ရောက်သွားတယ်”ဟု စကော့က ပြောပါတယ်။ ကမ္ဗောဒီးယား၊ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ ဗီယက်နမ် တို့မှာ လူအသုံးများတဲ့ ရေတွင်းရေဟာ ရေအောင်းလွှာက ထွက်တာ ဖြစ်ပါတယ်။
ဓာတုစိန်ကို ရေမှာ ပျော်ဝင်စေတဲ့ အဓိက တရားခံကတော့ မြေကြီးနဲ့ မြစ်ကြမ်းခင်းမှာ နေထိုင်တဲ့ ဘက်တီး ယားတမျိုး ဖြစ်ပါတယ်။ ဓာတုစိန်ဟာ သံချေးတက်တဲ့ အရာတွေနဲ့ ကပ်တွယ်ပြီး မြစ်ကြမ်းခင်းအောက်မှာ မြေအထပ်ထပ်နဲ့ ဖုံးအုပ်ခံရတယ်၊ အဲဒီ ဘက်တီးယားတွေဟာ သံချေးနဲ့ ဓာတုစိန်တွေကို မှီဝဲပြီး နေ ထိုင်ကြတယ်၊ သူတို့စားသုံးပြီး စွန့်ထုတ်လိုက်တဲ့ ဓာတ်ပေါင်းပစ္စည်းတမျိုးဟာ ရေထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တိရှိပါတယ်။ အဲဒီမှာ ပြဿနာကစပါတယ်။ အဲဒီလိုဖြစ်စဉ်ဟာ သဘာဝအလျောက်ဖြစ်ပြီး နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာခဲ့ပြီလို့ သိရပါတယ်။ စကော့အသင်းရဲ့ ရှာဖွေတွေ့ရှိမှုကို Nature ဂျာနယ်မှာ အတည် ပြု ဖော်ပြထားပါတယ်။
ဦးဆုံး ဒေသရဲ့ ရေအောင်းလွှာအကြောင်းကို သိထားရမှာ ဖြစ်ပါတယ်။ ဓာတုစိန်ကင်းတဲ့ ရေအောင်းလွှာကို ရှာဖွေပြီး လူအများ ဘေးကင်းစွာ သောက်သုံးနိုင်တဲ့ ရေတွင်းတူးဖို့ပါပဲ။ အကယ်၍ ဒေသတစ်ခုမှာ ဓာတုစိန်ကင်းတဲ့နေရာ ရှာမတွေ့ခဲ့ပါက ဓာတုစိန်ကို စစ်ထုတ်နိုင်တဲ့ ကိရိယာကို တပ်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ ရေစစ် တဲ့ ကိရိယာဟာ ဈေးနှုံးသက်သာရမယ်၊ သုံးစွဲရလည်းလွယ်ကူဖို့လိုပါတယ်။ နောက်ပြီးစစ်ထုတ်ထားတဲ့ ဓာတုစိန် တွေကို စွန့်ပစ်ဖို့နေရာ အခက်အခဲ ရှိနိုင်ပါတယ်။ နောက်ပြီး စစ်တဲ့ကိရိယာက ချို့ယွင်းခဲ့လျှင် ဘယ်သူသိနိုင်မှာလဲ၊ ဘယ်လို စမ်းသပ်မှာလဲ စတဲ့ ပြဿနာတွေ ရှိပါတယ်။
မိုးရေ ခံယူ သိုလှောင်ခြင်း နည်းကလည်း နေရာတချို့အတွက် အသုံးကျပါတယ်။ ဒါပေမဲ့ မိုးနည်းတဲ့ ဒေသများ မှာ ရေလှောင်ဖို့ ကြီးမားတဲ့ ရေကန် လိုအပ်ပြီး အကုန်အကျ ပိုများနိုင်ပါတယ်။ အဲဒီ ဒေသများမှာ နေထိုင်တဲ့ လူအများစုရဲ့ နေ့စဉ် လုပ်အားခဟာ ၂ဒေါ်လာ အောက်ပဲ ရှိပါတယ်။ နောက်တစ်နည်းကတော့ မြစ်ချောင်း က ရတဲ့ ရေကို ပိုးသတ်ဆေးခတ်ခြင်း ဖြစ်ပါတယ်။
ကမ္ဗောဒီးယားကို သွားရောက်ပြီး သုတေသန ပြုလုပ်တာဟာ ရေထဲက ဓာတုစိန် အဆိပ်သင့်ခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေဖို့သက်သက်ပဲ ဖြစ်ပေမဲ့လည်း အဲဒီဒေသက နေထိုင်သူတွေအတွက် လက်တွေ့ အကျိုးပြုနိုင်တဲ့ အရာ တစ်ခုခု လုပ်ပေးနိုင်ဖို့ဟာ ပိုပြီး အရေးကြီးတယ်ဆိုတာ မကြာခင် စကော့တို့အဖွဲ့ နားလည်လာကြပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ဟာ စမ်းသပ်ဖို့ တူးထားတဲ့ ရေတွင်းက ဓာတုစိန် ကင်းတယ်ဆိုရင် နောက်ထပ် ရေတွင်းတစ်ခု ထပ်တူးပြီး တစ်ခုကို အများသုံး၊ တစ်ခုကို မြေပိုင်ရှင်ကို ပေးပါတယ်။ အကယ်၍ ရေတွင်းဟာ အဆိပ်သင့်တဲ့ရေ ဖြစ်နေရင် မြေပိုင်ရှင်ကို ရေစစ်ထုတ်တဲ့ ကိရိယာတစ်စုံ ပေးပါတယ်။
“သူတို့ကို သန့်ရှင်းတဲ့ရေတွင်း ဒါမှမဟုတ် ရေစစ်တဲ့ကိရိယာကို ပေးနိုင်တာဟာ ကျနော်တို့ရဲ့ သုတေသန ရှာဖွေချက်ထက် ပိုမိုပြီး တန်ဖိုးရှိပါတယ်“ လို့ စကော့က ပြောပြပါတယ်။
(မတ် ၂၄၊ ၂ဝဝ၉ physorg.com မှ သတင်းကို ကောက်နုတ်ထားသည်)
*မိုးမခ*
http://moemaka.com/index.php?option=com_content&task=view&id=3524&Itemid=40

No comments:
Post a Comment