Tuesday, March 17, 2009

ရန်ကုန်မြို့တွင် East Point ကုန်တိုက်အသစ်ဖွင့်လှစ်


ပြည်တွင်းစီးပွားရေး ကျဆင်းနေချိန်ဖြစ်သော်လည်း ရန်ကုန်မြို့တွင် East Point ဟု အမည်ရသည့် အကြီးဆုံး Shopping Center တခုကို မဟာဗန္ဓုလ တံတားအဆင်း ပုဇွန်တောင်မြို့နယ်၌ ဖွင့်လှစ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

မြို့ခံတဦးက “ခုဖွင့်လိုက်တဲ့ ကုန်တိုက်က ပြည်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ ဖွင့်ထားတဲ့ North Point ကုန်တိုက်နဲ့ ကုမ္ပဏီတခုတည်းပဲ။ အထပ် (၃) ထပ်ပါတယ်။ တွန်းလှည်းနဲ့ တက်ဆင်းလို့ရတဲ့ စက်လှေကား (၂) စင်း၊ လူစီး စက်လှေကား (၄) စင်း ပါတယ်။ အဆောက်အဦအောက်မှာ ကားပါကင် လုပ်ထားတယ်။ အောက် နှစ်ထပ်ကတော့ နာမည်ကြီး စီးတီးမတ်အုပ်စုရဲ့ Ocean ကုန်ပဒေသာဆိုင်ကြီး၊ အပေါ်ဆုံးထပ်မှာတော့ စားသောက်ဆိုင်နဲ့ အခြား ကုမ္ပဏီတွေကို ဆိုင်ခန်းတွေ ဖွင့်ခွင့်ပေးထားတယ်။

နောက် ပွဲတွေ လုပ်လို့ရတဲ့ ဟောခန်းကြီးလည်း ပါတယ်။ ရောင်းတာကတော့ ပုဇွန်ခြောက် ငါးခြောက်ကအစ၊ လက်ဖ်တော့ ကွန်ပျူတာ အလယ်၊ စိန်ထည်အဆုံး ကုန်ပစ္စည်း အမျိုးအမည် စုံတယ်” ဟု ပြောသည်။

အဆိုပါဆိုင်တွင် ဝန်ထမ်းပေါင်း (၂ဝဝ) ကျော်ခန့်ထားပြီး ထူးခြားချက်မှာ စင်ကာပူအခြေစိုက် Popular စာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင်လည်း ပူးတွဲပါဝင်ခြင်းဖြစ်သည်။ အဆိုပါ စာအုပ်ဆိုင်သည် (Franchise)စနစ်ဖြင့် လာရောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် ရှိပြီးသား အင်္ဂလိပ်စာအုပ် အရောင်းဆိုင် (၂) ဆိုင်နှင့် မတူသည့် စာအုပ်များကို စုံလင်အောင် တည်ခင်းရောင်းချလျက်ရှိသည်။

ရန်ကုန်မြို့တွင် ရှော့ပင်းစင်တာအချို့ရှိပြီး စီးတီးမတ်ဆိုင်များနှင့် လသာမြို့နယ်၌ ဖွင့်လှစ်ထားသည့် Orange စူပါမားကက်များသည် အောင်မြင်သည့်ဆိုင်များ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒေါပုံမြို့နယ်တွင် ဖွင့်လှစ်သော ကျယ်ပြန့်သည့် ဧရိယာပေါ်၌ တည်ဆောက်ထားသည့် Capital စူပါမားကက် ကုန်တိုက်ကြီးမှာမူ ပတ်ဝန်းကျင်၌ အမှိုက်ပုံကြီးနှင့်တကွ ဆင်းရဲသားအများစု နေထိုင်သည့် ရပ်ကွက်ဖြစ်ခြင်း၊ ရန်ကုန်တွင် ကိုယ်ပိုင်ကားဖြင့် ရှော့ပင်ထွက်နိုင်သည့် လူတန်းစား နည်းပါးခြင်း စသည့်အချက်များကြောင့် အောင်မြင်မှုမရပေ။

ယခုကုန်တိုက်ကြီးဖွင့်လှစ်ခြင်းနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင်တဦးကို မေးမြန်းကြည့်ရာ ၎င်းရောက်ပြီးဖြစ်ကြောင်း၊ အတော်ကြီးမား စုံလင်သည့်ကုန်တိုက်ကြီးဖြစ်ပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံက အလယ်အလတ်တန်းစား ကုန်တိုက်များနှင့် နှိုင်းယှဉ်နိုင်ကြောင်း၊ သို့သော် အဆိုပါနိုင်ငံများရှိ ကုန်တိုက်များကဲ့သို့ ဝယ်လိုအား ရှိနိုင်မည် မထင်ကြောင်း၊ အဓိက ပြဿနာမှာ လျှပ်စစ်မီး မှန်မှန် မရရှိမှုဖြစ်ကြောင်း ပြောသည်။

၎င်းက ဆက်လက်၍ သူသွားသည့်အချိန် မီးပျက်နေသဖြင့် မီးစက်မောင်းနေသည်ကိုတွေ့ရကြောင်း၊ စက်လှေကား တနေ့ (၁၂) နာရီလည်ရန်၊ လေအေးပေးစက် တနေ့ (၁၂) နာရီ ပေးရန်၊ အချို့အစားအသောက်များအတွက် (၂၄) နာရီ အအေးပေးထားရန်တို့အတွက် လျှပ်စစ်မီး မရခြင်းသည် ကြီးမားသည့်ပြဿနာနှင့် ကြီးမားသည့် ကုန်ကျစရိတ်ဖြစ်ကြောင်း၊ သို့သော် မြန်မာလုပ်ငန်းရှင်များအပါအဝင် ပြည်သူများမှာမူ ရှေ့သို့သွားရေးသာ စိတ်ဆန္ဒရှိနေသည်ကို စီးပွားရေး မကောင်းချိန် အဆိုပါကုန်တိုက်မျိုး ဖွင့်လှစ်လိုက်ခြင်းက ပြသနေကြောင်း၊ လျှပ်စစ်မီးကိစ္စကို အစိုးရပိုင်းက ပံ့ပိုးမှု လိုအပ်နေကြောင်း စသဖြင့် ရှင်းပြသည်။

အဆိုပါ ကုန်တိုက်အနီး မီးရထားလမ်းဘေးတွင် ကျူးကျော်တဲဆောက်လုပ်နေထိုင်သူ အမျိုးသမီးတဦးက ၎င်းတို့နားတွင် ယခုကဲ့သို့ ကုန်တိုက်ကြီး လာရောက်ဖွင့်လှစ်သည့်အတွက် ပျော်ရွှင်ကြောင်း၊ သွားတိုက်ဆေးလိုမျိုး လိုအပ်ပါက လေအေးပေးစက် ခန်းမထဲက အဆိုပါ ကုန်တိုက်တွင် သွားဝယ်နိုင်ကြောင်း၊ ၎င်း၏ကလေး အချို့လည်း တခါတရံ ကုန်တိုက်ထဲဝင် စက်လှေကားစီးရ၍ ပျော်ရွှင်ကြောင်း ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်