Thursday, March 12, 2009

မတ်လ တမ်းချင်း။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားအပေါင်းနဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းသားအပေါင်းအား “မတ်လတမ်းချင်း” ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ဖြင့်လည်း ဂုဏ်ပြုလိုက်ပါတယ်။

မတ်လတမ်းချင်း။

ခေါင်းလောင်းသံတိတ်
ကျောင်းပိတ်ရက်ရှည်
ဝေးကြလေပြီ သူငယ်ချင်း။

ဟိုယခင်က
တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့်
မင့်သဏ္ဍာန်သည်
ငါ၏ ရှေ့မှောက်
မြင်ရင်း ပျောက်ခဲ့
ဘယ်ရောက်နေလည်း သူငယ်ချင်း။

မင်းသတင်းများ
နားနှင့်မမျှ ကြားရချိန်တွင်
သစ်ပုပ်ပင်အို မျက်ရည်စိုရွှဲ
ဝမ်းနည်းပက်လက်
ချွေကာချလျှက် စိမ်းမြရွက်။

အဖော်ကွဲလျက်
ဥသြငှက်သည်
အော်မြည်ဟစ်ကြွေး ငိုသံပေး။

လမ်းမထက်တွင် ရှု မြင်မလှ
မွမွကြဲကြေ
စိန်ပန်းတွေလည်း ရဲရဲနီ။

တက္ကသီလာ မြကျွန်းသာသည်
မရီ(ရယ်)မပြုံး
နှလုံးပဲ့ကြေ ဝေဒနာ။

သဘင်ဘွဲ့နှင်း
ရင်တွင်း မမျှခံစားရ၍
အသည်းကြေကွဲ မျက်နှာလွှဲ။

ကံကော်တောတန်း
လွမ်းချင်းတေးဆို မငိုနိုင်ဘဲ
ရင်ထဲထိတ်ထိတ် အံကိုကြိတ်။

အင်းလျားရေပြင် မရှုမြင်ရက်
တက်(တောက်)ခေါက်ရင်းဖြင့်
ရင်နင့်လှိုင်းထ တသသ။

ဟိုယခင်က တက်ကြွအားမာန်
လှုပ်ရှားဟန်နှင့် မင်း၏သဏ္ဍာန်
ပြန်မြင်ယောင်ဆဲ။

ဘယ်မှာလည်း မင်း . . .
သူငယ်ချင်း . . . . . ။

(အမည်မသိ ကဗျာရှင်တစ်ဦးမှ ၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်းက က ရေးစပ်ခဲ့သော ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်)။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်