Tuesday, March 3, 2009

ဘူးသီးတောင် အကျဉ်းထောင်ထဲရှိ နိုင်ငံရေး အကျဉ်းသား အများစု တိုက်ပိတ်ခံထားရ

3/3/2009

ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ချခံနေရသော နိုင်ငံရေး အကျဉ်းသား အများစုမှာ တိုက်ပိတ်ခံထားရသည်ဟု များမကြာမှီက ဘူးသီးတောင် အကျဉ်းထောင်ထဲမှ လွှတ်မြှောက်လာသူ ဦးဇင်း သုမနက ပြောသည်။

အရှင် သုမနက “ ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ ရောက်ရှိနေကြတဲ့ ကိုဌေးကြွယ် အပါအ၀င် တောင်ကုတ်မြို့က နိုင်ငံရေး

အကျဉ်းသားတွေကို တိုက်ပိတ်ထားပါတယ်။ အဓိကတော့ ထောင်သားတွေနဲ့ အဆက်အသွယ် မပြုလုပ်နိုင်အောင် ထောင်အာဏာပိုင်တွေက စီစဉ်ချပြီး တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ကိုဌေးကြွယ်မှာ ကျန်းမာရေး ကောင်းမွန်သော်လည်း ထောင်အာဏာပိုင်များ၏ ရိုင်းပျစွာ ဆက်ဆံမူများကြောင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူများ ရှိနေသည်ဟု အရှင် သုမနက ပြောသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၃၀ ခန့်ရှိပြီး အများစုမှာ တောင်ကုတ်မြို့မှ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဖြစ်သည်။

၂၀၀၇ ခုနှစ် ရွေဝါရောင်တော်လှန်ရေးကာလအတွင်း ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ်ခွဲချမှတ်ခံထားရသူ အရှင် အိသရိယကိုမူ တိုက်ပိတ်ထားခြင်း မရှိသော်လည်း ထောင်သားများကို စကားပြောဆိုခွင့် ပိတ်ပင်ထားသည်ဟု အရှင် သုမနက ပြောသည်။

၎င်းပြင် ထောင်အာဏာပိုင်များက ဘူးသီးတောင် အကျဉ်းထောင်တွင် ရှိနေသော နိုင်ငံရေးသမား ထောင်သားများကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဆိုကာ လွန်ခဲ့သောလက အယူခံတင်ရန် ပြောဆိုခဲ့သည်ဟု အရှင် သုမနက ယခုကဲ့သို့ ဆက်ပြောသည်။

“ ဦးအိသရိယ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပိုင်စိန်ထွန်းက လွန်ခဲ့တဲ့ လအနည်းငယ်က ခေါ်ယူပြီး အယူခံတင်ရင် ထောင်ထဲက လွှတ်နိုင်တယ်ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ ဘယ်နိုင်ငံရေး အကျဉ်းသားကမှ အယူခံ တင်သွင်းတာ မရှိခဲ့ပါဘူး။ ဦးအိသရိယက ဆိုရင် ထောင်ကျချင် သလောက် ကျပါစေ။ ဘယ်တော့မှ ဒူးမထောက် အညံ့မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။”

ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်သားများအား လမ်းဖေါက်၊ လယ်ထွန်၊ အိမ်ယာဆောက် လုပ်ရေး လုပ်ငန်းများတွင် အလုပ်ကြမ်းများ စေခိုင်းနေသော်လည်း နိုင်ငံရေး အကျဉ်းသားတွေကိုမူ အလုပ်ကြမ်းများ စေခိုင်းမူ မရှိဟု သိရသည်။

၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ လွှတ်ငြိမ်းချမ်းသာခွင့်အတွင်း ဘူးသီးထောင်မှ ထောင်သား ၁၀၇ ဦး လွတ်ပေးခဲ့သော်လည်း ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား တဦးတလေမှ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

“ ဦးဇင်းကို မောင်တောမြို့မှာ ဘင်္ဂလာက ပြန်အ၀င်မှာ နစကမှ ဖမ်းဆီးခဲ့ပါတယ်။ ဦးဇင်းကို နိုင်ငံရေး ပြစ်မူ ရှာမရတာနဲ့ လူဝင်မူ အက်ဥပဒေနဲ့ ထောင် ၂ နှစ်နဲ့ ၆လ ချမှတ်ပြီး ဘူးသီးတောင် ထောင်ကို ပို့လိုက်ပါတယ်။ ခုလွှတ်ငြိမ်းခွင့်မှာ ဦးဇင်း လွှတ်မြှောက်လာပေမယ့် ဦးဇင်းကို နိုင်ငံရေး ပြစ်မူနဲ့ မဟုတ်တဲ့အတွက် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။” ဟု အရှင် သုမနက ပြောသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်