Tuesday, March 3, 2009

စပါးကြီးမြွေတော့ တပတ်လျှော့ခံထိသွားပြီ။

၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ လေ့လာခွင့်ရ

Monday, 02 March 2009 17:55 ဇာနည်ဝင်း
လာမည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ အရာရှိများကို လေ့လာခွင့် ပြုမည်ဟု မြန်မာ စစ်အစိုးရက ပြောကြားကြောင်း ယမန်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီ အပါအ၀င် အရာရှိများ၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လေ့လာသူများကို ရွေးကောက်ပွဲတွင် လေ့လာခွင့် ပေးမည်ဟု မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝကို ပြောဆိုခဲ့ကြောင်း ထိုင်းအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ ဆူပါချိုင် ဂျိုင်ဆမတ် က ပြောသည်ဟု သိရသည်။

အီးမှန်နေသော မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အီးအီးတုံးခွန့်သူ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ (ဓာတ်ပုံ - ရိုက်တာ)
စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံ နှင့်ပတ်သက်သောအချိန်ဇယား၊ ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သော အခြေခံဥပဒေနှင့်ပတ်သက်သည့် ဖြစ်ထွန်း တိုးတက်မှုများကိုလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က ရှင်းပြခဲ့သည်ဟု မစ္စတာ ဆူပါချိုင်က ပြောသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ယမန်နေ့က ပြီးဆုံးသွားခဲ့သော အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ ကာလတွင် ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘန်ကောက်မြို့ အခြေစိုက် စင်ပြိုင်အာဆီယံ အဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ် ကမူ ရွေးကောက်ပွဲကို စောင့်ကြည့်ရေးထက် အခြားအရေးကြီးသည့် အရာများ ရှိသည်ဟု သုံးသပ်ပြသည်။

“ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ မပြောခင် အခြေခံဥပဒေကို ပြန်သုံးသပ်ရမယ်၊ အကျဉ်းသားတွေ လွှတ်ပေးရမယ်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ပြောဆိုခွင့်တွေ ရှိရမယ်၊ အဲဒါတွေ မရှိဘူးဆိုရင် ရွေးကောက်ပွဲကို ကျင်းပနေစရာတောင် မလိုဘူး” ဟု မစ္စ ဒက်ဘီက ဧရာဝတီသို့ ပြောပြသည်။

မြန်မာအတိုက် အခံအများစုကမူ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာခြင်းမရှိသေးပေ။ သို့သော်လည်း အကြပ်အတည်းဖြစ်နေသော မြန်မာ့နိုင်ငံရေး ပြေလည်စေရန် ၀င်ရောက် ကူညီနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ရွေးကောက်ပွဲဝင်သည့် နည်းလမ်းကို အထူးပြု ပြောကြားလျက်ရှိသည်။

မစ္စတာဂန်ဘာရီ နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ပြီးခဲ့သည့် လဆန်းပိုင်းက ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် အဆိုပါ ရွေးကောက်ပွဲ လာမည့်နှစ်တွင် ဖြစ်မြောက်ရေးအတွက် စစ်အစိုးရကို တွန်းအားပေးမည်ဟု ဖော်ပြထားသည်။

အဓိက အတိုက်အခံအဖွဲ့ကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပါ ကြေညာချက်ကို ကန့်ကွက်ခဲ့သည်။

“အထွေထွေ ညီလာခံက အစဉ်အဆက် ချထားခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လေးစားရေး ဆိုတာနဲ့ မကိုက်ညီဘူး” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

စစ်အစိုးရသည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်မည်၊ ရွေးကောက်ပွဲပြီးလျှင် စစ်တပ်က စစ်တန်းလျားပြန်မည်ဟု ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် ကြေညာထားသည့်အတိုင်း ရွေးကောက်ပွဲကို နိုင်ငံအနှံ့ ပြုလုပ်ပေးခဲ့သည်။ ရွေးကောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များထံ အာဏာလွှဲအပ်ခြင်း မပြုခဲ့ပေ။ ရွေးကောက်ခံရသူ အများအပြားကို နောက်ပိုင်းတွင် ထိန်းသိမ်း အကျဉ်းချခဲ့သည်။ သေဆုံးသွားသော ကိုယ်စားလှယ်များ၊ ပြည်ပသို့ တိမ်းရှောင်ရသော ကိုယ်စားလှယ်များလည်း ရှိသည်။

ရွေးကောက်ပွဲအပြီး ၃ နှစ်အကြာတွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ရေးဆွဲရန် အမျိုးသား ညီလာခံကြီးတခုကို စစ်အစိုးကရ ကမကထပြု ခေါ်ယူခဲ့သည်။ ညီလာခံတွင် ရွေးကောက်ခံရသည့် ပြည်သူ့ကိုယ်စားလှယ်အချို့ နှင့် စစ်အစိုးရစိတ်ကြိုက် ရွေးချယ်ထားသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည်။

ညီလာခံသည် ၁၄ နှစ်အကြာတွင် ပြီးဆုံးသွားသည်။ အခြေခံ ဥပဒေတခုလည်း ပေါ်ပေါက်လာသည်။ အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲမ၀င်ဘဲ ပြည်သူ့ လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် လေးပုံတပုံ ပါဝင်ခွင့် ရှိမည်ဖြစ်သည်။ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်ခွင့်ကိုလည်း ထည့်သွင်း ပြဌာန်းထားသည်။

စစ်အစိုးရက အဆိုပါ အခြေခံဥပဒေ အတည်ပြုရေး အတွက် ပြီးခဲ့သည့်နှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီး ပြုလုပ်ခဲ့ရာ ထောက်ခံမဲ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ဆိုသည်။

အာဏာပိုင်တို့က အဆိုပါ အခြေခံဥပဒေအရ လာမည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာထားသည်။

ပြီးခဲ့သည့်နှစ် မတ်လက ပြုလုပ်သည့် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ရွေးကောက်ပွဲ ပြုလုပ် ပြီးစီးသည့် အခါ အရပ်သား အစိုးရထံ အာဏာ အပ်နှင်းမည်ဟု ပြောကြားခဲ့သည်။ http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=777:2009-03-02-10-58-46&catid=1:news&Itemid=2

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်