Monday, March 2, 2009

တရားမ၀င် မြန်မာများအားလက်ခံထားသူများအား မလေး လ၀က အရေးယူမည်။

ဇော်ကြီး။
မတ်လ ၂ ရက်၊ ၂၀၀၉ ခုနှစ်။

တရားမ၀င်နေထိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသူမလေးရှား လုပ်ငန်းရှင်များ၊ ကုမ္ပ္ပဏီများနှင့် အိမ်ခန်းပိုင်ရှင်များအား တရားဥပဒေအရ အရေးယူမည်ဟု မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ အကြောင်းကြားစာထုတ်ပြန်သည်။

မလေးရှားအစိုးရမှ တရားဝင်ဗွီဇာဖြင့် လာရောက်သော နိုင်ငံခြားသားအလုပ်သမားများ ဗွီဇာသက်တမ်း ကုန်ဆုံးပါက

နိုင်ငံတွင်းမှပြန်လည်ထွက်ခွာကြရန် ဖေဖော်ဝါရီလ ၂၈ ရက် နေ့ကို တရားဝင်ရက်သတ်မှတ် ပေးပြီး နောက်ပိုင်း ယခုကဲ့သို့ အကြောင်းကြားခြင်းဖြစ်သည် ဟု မြန်မာအလုပ်သမားအခွင့်အရေးကူညီပေးရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းထွန်းက ယခုလို ပြောသည်။

“Immigration Department ကနေပြီးတော့ သတိပေးတဲ့စာပေါ့ဗျာ ဒီအလုပ်သမားအများ ဆုံးခေါ်ထားတဲ့ ကုမ္ပဏီတွေ နောက်ပြီးတော့ဒီ Apartments (လူနေအိမ်ယာ)တွေ၊ နောက်ပြီးတော့ flats (တိုက်ခန်း) တွေ၊ နောက်ပြီးတော့ ဟိုဒင်းတွေပေါ့ Condominiums (အဆင့်မြင့်အိမ်ယာ)တွေ ကိုပို့တာ၊ အဲဒါ သူတို့ အဲဒီဟာကို ရှာဖွေတွေ့လို့ရှိရင် ဒီသက်ဆိုင်တဲ့သူတွေကို ဥပဒေအရ အရေးယူမယ်ဆိုတဲ့ အကြောင်း နို့တစ်စ် ပေးထားတယ် အဲတာ ဒီမနက်ထွက်နေတဲ့ သတင်း ကျနော် အဲဒီ နောက်ကိုလိုက်နေတာ။”

မလေးရှားလူဝင်မှုကြီးကြပ်ရေးဥပဒေအရ အလုပ်ရှင်တစ်ယောက်သည် တရားမ၀င်အလုပ် သမားတစ်ယောက် ကိုလက်ခံထားပါက ဒဏ်ငွေ မလေးရင်းဂစ် ရှစ်ထောင်မှ တစ်သောင်းငါးထောင် (သို့မဟုတ်) ထောင်သုံးလ(သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးနှင့် ကြိမ်ဒဏ် တစ်ချက် ကျခံရနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

တရားဝင်ပြန်ခွင့်ရရှိထားသော်လည်း မလေးရှား လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်းများက ၀န်ဆောင်ခ ပိုတောင်း နေသောကြောင့် မိမိနိုင်ငံသို့ပြန်ရန်အခက်အခဲ ရှိနေကြသည်ဟု မလေးရှားရှိ (NLD-LA) မှ ကိုအောင်ကျော် ဆက်က ပြောသည်။

“အစိုးရအနေနဲ့ လုပ်ပေးထားတာက ငါးရာကျော် ခြောက်ရာလောက်ပဲရှိမယ်၊ ဒါပေမဲ့ အဲဒီ မလေးရှား Immigration မှာကိုယ်နှိုက်ကိုက လာဒ်စားမှုလေးတွေပါလာပြီး သူတို့က ဒဏ်ကြေး ဘယ်လောက် ဘယ်လောက် ဆိုပြီး အဲလိုသတ်မှတ်ပြီးတော့ နှစ်ထောင်လောက်ဆိုတဲ့ ဈေးနုန်းမျိုး တခါတည်း ဒဏ်ရိုက် ပြီးတော့ လေယာဉ်လက်မှတ်တခါတည်း ၀ယ်ထားပြီးတော့ အဲဒီလူက လေယာဉ်ပေါ် တခါ ထဲ တန်းတက်ပဲ အဲလိုပုံစံမျိုး သူတို့က Opening လုပ်နေတာတွေရှိတယ်။”

ကမ္ဘာနှင့် တ၀ှမ်းကြုံတွေ့နေသည့် စီးပွားရေး အခက်အခဲကြောင့်လည်း စက်ရုံအလုပ်ရုံများ ပိတ်လိုက်သည့် အတွက် အလုပ်အကိုင်များရှားပါးလာပြီး အခက်အခဲ များတွေ့နေကြရသည်ဟု ယခင်က စက်ရုံလုပ်သားတဦး ဖြစ်သူ ကိုဟိန်းဇော်က ယခုလို ပြောသည်။

“စက်ရုံတွေတော်တော်ကိုပိတ်လိုက်တာ ကျနော်တို့ဆိုရင် အလုပ်ကတအားရှားသွားပြီ တခုတခုကို သွားဖို့ အလုပ်တခုရဖို့အတွက်ဆို အဝေးအဝေးကြီးသွားရတာ အဲတာ ခု စက်ရုံ အလုပ်တွေ မရတော့ ဘူးလေ ကျနော်တို့။”

ကမ္ဘာ့စီးပွားရေးဂယက်ကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား များသည် မိမိနိုင်ငံသို့ပြန်ရန်အခက်ခဲနှင့်ကြုံနေရသလို ဆက်လက်နေ ထိုင်သွားရန်လည်း ခက်ခဲနေကြသည်ဟု မလေးရှားရှိ အလုပ်သမားရေး ကူညီပေးနေသူများက သုံးသပ် ပြောဆိုသည်။

မလေးရှားတွင် မြန်မာအလုပ်သမားစုစုပေါင်း ၁ သန်းခန့်ရှိမည်ဟု အစိုးရမဟုတ်သော အဖွဲ့များက ခန့်မှန်းထား သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်