Monday, April 6, 2009

နောက်မှ ဘွာတေး မလုပ်နဲ့ 

ဖြစ်လာမည့် အကျိုးဆက် နအဖ တာဝန်ဟု ၈၈ ကျောင်းသားများ ပြောဆို
ဖနိဒါ
တနင်္လာနေ့၊ ဧပြီလ 06 2009 20:15 - မြန်မာစံတော်ချိန်
ချင်းမိုင် (မဇ္ဈိမ)။ ။ လူ့အခွင့်အရေး လေးစားလိုက်နာပြီး အပြောင်းအလဲ မလုပ်သဖြင့် ဖြစ်လာမည့် အကျိုးဆက်သည် မြန်မာစစ်အစိုးရ တွင် တာဝန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ယနေ့ ပြောဆိုသည်။

လူ့အခွင့်အရေးနှင့် အပြောင်းအလဲများ တည်ရှိမှသာ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းသွားစေနိုင်ကာ တိုင်းပြည်နှင့် လူထု အတွက် အကျိုးရှိနိုင်မည်ဟု ထောက်ပြ ရေးသားထားသည့် မြန်မာစစ်အစိုးရထံ ယနေ့ ပေးပို့သည့် အိပ်ဖွင့်ပေးစာထဲတွင် ၈၈ မျိုးဆက် ကျောင်းသားများက ပြောဆိုထားခြင်း ဖြစ်သည်။

“ဥရောပသမဂ္ဂနဲ့ အမေရိကန်က သူတို့မူဝါဒကို ပြန်ပြီးတော့ သုံးသပ်မယ်ပေါ့နော်။ နအဖကလည်း Sanction (ပိတ်ဆို့အရေးယူရေး) ဖွင့်ဖို့ပဲ တစာစာ တောင်းနေတယ်။ ကျနော်တို့ကလည်း ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို လွတ်မြောက် ကျော်လွန်သွားစေမယ့် လုပ်ငန်းစဉ် တင်ပြချက်တွေ၊ ကျိုးကြောင်းဆီလျော်တဲ့ အချက်တွေ ဖြစ်တယ်လို့ ယုံတယ်။ နအဖ က ပစ်ပယ်ထား မယ်၊ သူတို့ အကျိုးတခုပဲ ကြည့်ပြီး ဆက်သွားနေမယ်ဆိုရင် ပေါ်လာမယ့် ဆိုးကျိုးတွေ အားလုံးက နအဖ မှာပဲ တရားခံဖြစ်တယ်” ဟု မြန်မာပြည်တွင်းမှ ၈၈ မျိုးဆက်ကျောင်းသား ကိုနေမျိုးက မဇ္ဈိမကို ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအ ကျဉ်းသားများ လွှတ်ပေးရေး၊ လွှတ်တော် ခေါ်ယူပေးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး စသည့် လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ရန် ပြည်သူတရပ်လုံး၏ အကျိုးကိုရှေ့ရှု၍ တာဝန်ရှိစွာ တောင်းဆိုချက်များနှင့်လည်း တထပ် တည်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ပေးစာထဲတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လှုပ်ရှားနေသူများကို ကန့်သတ်ဖိနှိပ်၊ ဖမ်းဆီးထောင်ချခြင်းများကိုသာ နအဖ စစ်အစိုးရ က ဆက်တိုက် ကျူးလွန်နေသည့်အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသော နိုင်ငံကြီးများက နိုင်ငံရေး စီးပွားရေး လူမှု ရေး အထွေထွေ ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ပိတ်ဆို့မှုများနှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် မြန်မာနိုင်ငံ သို့ ၇ ကြိမ်မြောက် ရောက်ရှိလာသည့် ကုလ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံခဲ့ ရာ “ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း” တောင်းဆို ခဲ့သည်။

ကိုနေမျိုးက “ပြည်သူတွေ နေ့စဉ် ကြုံတွေ့နေရတဲ့ ကိစ္စအဝဝနဲ့ နစ်မွန်းနေကြတဲ့ အခါကျတော့ နိုင်ငံရေးဘက်ကို ဦးမတည်နိုင်ကြဘူး။ စိတ်ဝင်စားမှု မရှိဘူး။ ရှိတဲ့လူတွေကလည်း ကြောက်ကြတယ်။ ဒီအချိန်မှာ မကြောက်ပါနဲ့ အမှန်တရားကို သတ္တိရှိရှိနဲ့ ပူးပေါင်း တိုက်ပွဲ ဝင်သွားလို့ ရှိရင် ကျနော်တို့ တောင်းဆိုနေတာ လက်တကမ်းမှာပဲ ရှိတယ်” ဟု ပြောသည်။

အိတ်ဖွင့်ပေးစာကို ယနေ့တွင် နအဖ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ လိပ်မူပြီး နိုင်ငံခြားရေးနှင့် စီမံကိန်း ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာ ဌာန အသီးသီးသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံရေး အခွင့်အလမ်းကောင်း စစ်အစိုးရ ဆုပ်ကိုင်ဖို့ ၈၈ ကျောင်းသားအုပ်စု တိုက်တွန်း ( VOA သတင်း) 06 April 2009

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဖယ်ရှားသွားစေချင်ရင် စစ်အစိုးရအနေ နဲ့ လူ့အခွင့်အရေးတွေ လေးစားလိုက်နာပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြရမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောကြားလိုက်ပါတယ်။ အရေးယူ
ဒဏ်ခတ်မှုတွေ အဆုံးသတ်သွားအောင် လုပ်နိုင်မယ့်သူဟာ စစ်အစိုးရသာ ဖြစ်တယ်လို့ဒီနေ့ နေ့စွဲနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက စစ်အစိုးရကိုပေးတဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။ အပြောင်းအလဲတွေလုပ်ဖို့ တာဝန်ရှိသူဟာလည်း စစ်အစိုးရ
သာဖြစ်တယ်လို့ ပြောထားတဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို လုပ်ဆောင်ခြင်းမရှိတာကြောင့် စီးပွား ရေး ပိတ်ဆို့ထားတာဖြစ်ကြောင်း၊ အခုအခါမှာ စစ်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးသဘောထား တွေ လုပ်ဆောင်မယ်ဆိုရင် အချိန်ကောင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က ပြောဆိုလိုက်ပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်လာမယ်ဆိုရင် သူတို့ဘက်ကနေ ပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲ ချမှတ် ကျင့်သုံးမယ်ဆိုပြီး ဒီလိုအသံတွေထွက်လာတယ်။ အဲဒီတော့ ဒီအခြေအနေတွေကို နအဖစစ်အစိုးရအနေနဲ့ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး တော့ တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းအားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းသွားစေနိုင်ပါတယ်။ အခုအခြေအနေဟာ အခွင့်ကောင်း၊ အခါကောင်းပဲဖြစ်တယ်။ ဒီအခွင့်ကောင်း အခါကောင်းကို ဆုပ်ကိုင်ပြီးတော့ နအဖ စစ်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခြင်းအားဖြင့် စီးပွားရေးပိတ်ဆို့မှုတွေကို ဖယ်ရှားပေးသွားနိုင်ပါတယ်။”

ဒါပေမယ့် နိုင်ငံတချို့က ပိတ်ဆို့မှုဟာ ထိရောက်မှုမရှိဘူးလို့ ပြောဆိုနေကြသလိုပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နိုင်ငံကြီးတွေကြားမှာလည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖြစ်လာတာမို့ လူ့အခွင့်အရေးကိုလေးစား လိုက်နာတဲ့ နိုင်ငံကြီးတွေကသာ စဉ်းစားရမှာဖြစ်ကြောင်းကိုလည်းဆက်ပြောသွားပါတယ်။

“ဒီ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေ ဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာ ကာယကံရှင်နိုင်ငံကြီးတွေအသိဆုံးပါ။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ၊ ပြည်သူလူထုအပေါ်မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ တိုင်းရင်းသားကျေးရွာတွေကို မီးရှို့ဖျက်ဆီး ထိုးစစ်တွေဆင်၊ ဆိုတော့ ဒီအခြေအနေတွေ ရပ်တန့်သွားပြီလား၊ ဒါ သူတို့ စဉ်းစားရမှာပါ။ကျနော်တို့က ကာယကံရှင် နိုင်ငံကြီးတွေအပေါ် ပိတ်ပါ၊ ဖွင့်ပါ၊ ဘာမှ ပြာလို့ မရပါဘူး။ အဲတော့ စီးပွားရေးပိတ်ဆို့မှုတွေကို ဖွင့်ခြင်းပိတ်ခြင်းဟာ နအဖစစ်အစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်း ပေါ်မှာပဲ မူတည်နေပါတယ်။ လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားတဲ့ နိုင်ငံကြီးတွေကနေပြီး ဒီဥစ္စာကို အလေး အနက်ထား စဉ်းစားသွားမယ်လို့
ကျနော်တို့ ဒီလိုပဲ မျှော်လင့်ထားပါတယ်။”

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ ရင်းနှီးမြှုပ်နှံမှုတွေပဲ လုပ်လာမယ်ဆိုရင်တော့ ပြည်သူတွေအတွက်အကျိုးမရှိဘူးလို့လည်း ဆက်ပြောသွားပါတယ်။

“နအဖနဲ့ပတ်သက်တဲ့ ကုမ္ပဏီကြီးတွေကနေပြီးတော့ပဲ အခြေခံ ပြည်သူလူထုဆီကနေအမြတ်ထုတ် ခြယ်လှယ်နေတယ်။ အဲဒီတော့ မှန်ကန်တဲ့ စီးပွားရေး၊ လွတ်လပ်စွာယှဉ်ပြိုင်တဲ့ ဈေးကွက်ဆိုတာ ကျနော်တို့ဆီမှာ ဘာမှမရှိဘူး။ ဒီလိုအခြေအနေဆိုးတွေ၊
ရေခံမြေခံတွေ မကောင်းဘဲနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းမယ်ဆိုရင်လည်း၊ နိုင်ငံတကာ အထောက်အပံ့တွေ ၀င်လာမယ်ဆို ရင်လည်း ကျနော်တို့လူထုအတွက်တစုံတရာမှ အကျိုးရှိနိုင်မှာမဟုတ်ဘူးလို့ ကျနော်တို့ မြင်နေတယ်၊ အဲဒီလိုပဲ ယုံကြည်
ထားပါတယ်။”

မြန်မာစစ်အစိုးရအနေနဲ့ စီးပွားရေးပိတ်ဆို့ထားမှုတွေကို ပြန်ဖွင့်ပေးဖို့ ပြောနေမယ့်အစား နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်မယ်၊ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်မယ်ဆိုရင် တော့ တိုင်းပြည်လူထုအတွက် အကောင်းဆုံးဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများက ဒီနေ့မှာပဲ သူတို့ရဲ့သဘောထားတွေကို ထုတ်ပြန် လိုက်ပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်