Wednesday, April 22, 2009

မြောက်ဥက္ကလာနှင့် မန္တလေးတွင် ဝမ်းရောဂါ ဖြစ်ပွားနေ

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဧပြီလ 22 2009 18:04 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပနှင့် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း ဝမ်းရောဂါ ဖြစ်ပွားနေသည်။

မြောက်ဥက္ကလာ အမှတ် ၂ ရပ်ကွက်တွင်မူ ယခုလ ၁၇ ရက်နေ့မှ စတင်ကာ ယနေ့ထိ ဝမ်းရောဂါဖြစ်သူ ဦးရေ ၆ဝ ခန့် ရှိနေပြီး၊ အချို့မှာ ဆေးရုံများတွင် တက်ရောက်ကုသနေဆဲ ဖြစ်သည်။

“၆ ရက်လောက်တော့ ရှိသွားပြီပေါ့နော်။ ရေမသန့်လို့ပဲပေါ့လေ။ ဝမ်းပျက်ဝမ်းလျော၊ ကာလဝမ်းရောဂါလို ဖြစ်နေတာ။ ဦးဇင်းတို့ ၂ ရပ်ကွက်က လူတွေ တော်တော်များများ ဖြစ်နေကြတယ်လေ။ ဆေးရုံတက်တာတွေရော စာရင်းအရဆိုရင် ၆၁ လောက် ရှိပြီပေါ့နော်။ လူငယ်တွေ ဖြစ်တာများတယ်။ တချို့လူနာတွေက ဆေးရုံကို ပို့ရတယ်” ဟု ရောဂါဖြစ်ပွားသူများကို ကူညီနေသူ ဒေသခံ ဦးဇင်းတပါးက မဇ္ဈိမကို မိန့်သည်။

အထက်လန် အောက်လျှောဖြစ်နေသဖြင့် ရပ်ကွက်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံ၌ ရပ်ကွက်ကောင်စီ - ရယက နှင့် ကြံ့ခိုင်ရေး အသင်းလူကြီးများ၏ အစီအမံဖြင့် ကျန်းမာရေးဌာနမှ အလှည့်ကျ ဆရာဝန်တဦးနှင့် ဝန်ထမ်း ၁ဝ ဦးခန့်က ဝိုင်းဝန်း ကုသပေးနေသည်။

ပြီးခဲ့သည့် ၂ ရက်၊ ၃ ရက်အတွင်း ဖြစ်ပွားမှု ကျဆင်းသွားပြီ ဖြစ်သော်လည်း၊ စိုးရိမ်ရသူများအား ဆေးရုံများသို့ ပို့ပေးနေဆဲဖြစ်သည်။

ဦးဇင်းက “အခုပဲ ဆေးတွေ သွားဝေတယ်။ လာလှူတဲ့ ဒယိကာမတွေ ရှိလို့၊ ရေတွေ ဆေးတွေ လိုက်ဝေနေတာ။ ဆရာဝန်က အလှည့်ကျ လာကုပေးတယ်။ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ရပ်ကွက်လူကြီးတွေက ဆေးတိုက်၊ ဓာတ်ဆားရည်တိုက်ပေါ့။ အခြေအနေ မကောင်းလို့ ပျော့ဖတ်နေပြီဆိုရင် ဆေးရုံကို ပို့တယ်” ဟု မိန့်ဆိုသည်။

မြို့နယ် စည်ပင်သာယာရေးရုံးမှ တာဝန်ကျ ဝန်ထမ်းတဦးကလည်း ဝမ်းရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကျန်းမာရေး ဌာနများမှ ကွင်းဆင်းလေ့လာမှု လုပ်ဆောင်နေကြောင်း ပြောသည်။

သူက “ကွက် ၂ မှာ ဖြစ်နေတာပါ။ ဘယ်လိုဖြစ်တယ်ဆိုတာ ကျန်းမာရေးဌာနက ကွင်းဆင်းသွားနေပါတယ်။ ဘာကြောင့် အခုလို ဝမ်းလျောနေတယ်ဆိုတာ။ ရေကြောင့်လား စမ်းစစ်နေတုန်းပါပဲ”ဟု ပြောသည်။

ရပ်ကွက် အာဏာပိုင်များက အသံချဲ့စက်များဖြင့် ဝမ်းရောဂါ သတိပြုရန် လိုက်လံဆော်သြနေသည်။

အလားတူပင် မန္တလေးမြို့တွင် ပြီးခဲ့သည့် သင်္ကြန်မတိုင်မီမှ စတင်ကာ ဝမ်းရောဂါ ဖြစ်နေကြောင်း ဒေသခံတဦးက ပြောသည်။

“ဒီမှာက သင်္ကြန်မတိုင်ခင် ကတည်းကနေ ဖြစ်နေတာလေ။ အခုထိ ဖြစ်နေကြတာပဲ။ ပူလာလို့ပဲ နေမယ်။ ရေတို့ အစားအစာတွေလည်း ပါတာပေါ့လေ။ ဝမ်းပျက်တွေ များနေတယ်။ ကလေးလူကြီး ဖြစ်နေတာ။ ဝမ်းလျော မြန်တယ်။ ၁ဝ ကြိမ်လောက် သွားပြီးတော့ ဆေးသွင်း၊ ဆေးကုသမှု မြန်ရင်တော့ နည်းနည်းသက်သာတယ်။ မြို့ပြင်ဘက် ပိုဆိုးတယ်။ အခုတော့ ကာကွယ်ဆေး ထိုးပေးတာတို့ လုပ်ပေးနေတယ်။ ၂ ပတ်လောက်တော့ ရှိသွားပြီ” ဟု သူက ပြောသည်။

ယခု လဆန်းပိုင်းအတွင်း ရန်ကုန်တိုင်း သာကေတမြို့နယ် အမှတ် ၃ ၊ ၄ နှင့် ၆ ရပ်ကွက်တွင် ဝမ်းရောဂါဖြစ်ရာ သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး၊ ဒေါပုံ၊ သန်လျင်နှင့် ပုဇွန်တောင်မြို့နယ်တွင်လည်း ဝမ်းရောဂါ ဖြစ်ခဲ့သေးသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်