Monday, April 27, 2009

စုံညီအစည်းအဝေးအတွက် အန်အယ်လ်ဒီပါတီဝင်များ အနှောင့်အယှက်မရှိ လာရောက်နိုင်

မင်းနိုင်သူ ။ ။ခေတ်ပြိုင်
မနက်ဖြန် ကျင်းပမည့် အန်အယ်လ်ဒီစုံညီအစည်းအဝေးအတွက် ပြည်နယ်နှင့်တိုင်းများမှ လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းစည်းအဖွဲ့ဝင်များသည် ဒေသအာဏာပိုင်များ၏ နှောင့်ယှက်မှုမခံရဘဲ ရန်ကုန်အန်အယ်လ်ဒီ ရုံးချုပ်သို့ ရောက်ရှိနေကြပြီဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“အားလုံးစုံစုံညီညီရောက်ပါပြီ။ သူတို့ဆီက ပြောကြားချက်တွေအရတော့ တစုံတရာနှောင့်ယှက်ဟန့်တားတာ မရှိဘူးဗျ။ ကယားပြည်နယ်က စည်းရုံးရေးကော်မတီကတော့ ဖျက်သိမ်းထားတာကြာပြီလေ။ အဲဒါမှအပပေါ့လေ။ ကျန်တာတွေ အကုန်ရောက်လာပါပြီ” ဟု ၎င်းကပြောသည်။

ပါတီစုံညီအစည်းအဝေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းနှင့်ပြည်နယ်များမှ စည်းရုံးရေးအဖွဲ့ဝင် (၅) ဦးစီကို ဖိတ်ကြားထားခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် အန်အယ်လ်ဒီဗဟိုမှ လူငယ် (၃) ဦးနှင့် အမျိုးသမီးအဖွဲ့မှ (၃) ဦးတို့လည်း တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ယနေ့နံနက်တွင် အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေကြသော အန်အယ်လ်ဒီပါတီဝင်များအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်ပြထားသည့် စာတမ်းကို တိုင်းနှင့်ပြည်နယ်အလိုက် သုံးသပ်ဆွေးနွေးစေခဲ့ ကြောင်း သိရသည်။

“မနက်ပိုင်းကစပြီး သူတို့ကို စာတမ်းပေးဖတ်လိုက်တယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်ပေါ့။ ညနေလေးနာရီအထိ အဲဒါကိုကြည့်ပြီး သူတို့ဆွေးနွေးကြတယ်။ တချို့တိုင်းနဲ့ပြည်နယ်တွေက ပြီးပြတ်အောင် ဆွေးနွေးသွားနိုင်ကြတယ်။ တချို့လည်း မနက်ပိုင်း ထပ်ဆွေးနွေးကြမယ်။ ညနေပိုင်းမှာတော့ ဖြန့်ထားတဲ့ စာတမ်းတွေကို ပြန်သိမ်းပါတယ်။ အဲဒါက မနက်ဖြန်အစည်းအဝေးကြီးမစမီ စာတမ်းကို အပြင်မထွက်စေချင်လို့ပါ” ဟု ဦးအုံးကြိုင်က ပြောသည်။

အန်အယ်လ်ဒီပါတီက အဓိကထားဆွေးနွေးမည်ဖြစ်သော စာတမ်းတွင် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ရွေးကောက်ပွဲအကြောင်း၊ ပါတီ၏ လက်ရှိနိုင်ငံရေးပြဿနာနှင့် စည်းရုံးရေး၊ ပါတီ၏ အနာဂတ်ရပ်တည်ရေး စသည့်သုံးချက်အပေါ်တွင် မူတည်ဆွေးနွေးသွားကြမည်ဖြစ်သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်