Tuesday, April 21, 2009

အဝေးရောက်သားတွေ ပြန်ဆုံနိင်ကြပါစေ

မော့မကြည့်ဖြစ်တဲ့ မြင့်မိုရ်

မေမေမွေးတဲ့သားက
(မီးကိုတိုးတဲ့)ပိုးဖလံတကောင်ဖြစ်နေတယ်
မေ့..နေ..တဲ့..အိမ်
အမေ့အိမ်လို့ ခက်ဆစ်ဖွင့်သလား
အမေပေးခဲ့တဲ့ ကျောင်းပညာတွေ
ကျွန်တော်နဲ့အတူ မီးထဲပါသွားလို့ပါ။
ကိုယ့်ကိုကိုယ်ဒဏ်ပေးချင်လို့
အမေ့အိမ်သီချင်းလည်း
(ခပ်တိုးတိုး) မဆိုငြီးတော့ဘူး။
နွေးထွေးတဲ့ မေတ္တာကို
ကျွန်တော် ငတ်မွတ်တယ်
Macdonald မှာမေမေကြော်တဲ့ ထမင်းကြော်မရှိဘူး
ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံကို
သီချင်းထဲမှာပါ ရှာမရခဲ့ဘူးမေမေ။
မေမေရေ
တတိယအရွယ်မှာ
ကျွန်တော်ကိုပဲ တမ်းတနေခဲ့တယ်ဆို
ကျွန်တော်ကတော့
ဒုတိယအရွယ်မှာ ဒဏ်ရာတွေပဲ ရှာနေခဲ့တယ်။
ငါးတော့ မရနိင်ဘူးမေမေရယ်။
ရေချိုးပြီးမှ ပြန်ခဲ့တော့မယ်
ဒဏ်ရာတွေအထပ်ထပ်နဲ့ ညစ်ပတ်လွန်းလို့ပါ။
မွေးမြေရပ်ကို လော်ကယ်ရထားဆိုက်တိုင်း
သားမိုက်ပါလာမယ်လို့ မျှော်နေခဲ့သလား.....
အိမ်မပြန်တာကြာလို့
ကျွန်တော်........
အိမ်မပြန်တတ်တော့ဘူး မေမေ။

http://page-28.blogspot.com/ မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်